A d v e r t i s e m e n t With Us

ဆောက်လုပ်ရေး သံငြမ်းပြိုကျမှုကြောင့် ပိတ်မိနေသူတဦးကို ကယ်တင်

မန္တလေးမြို့က မင်္ဂလာ မန္တလာ စီမံကိန်းအတွင်းမှာရှိတဲ့ ပူးလ်မန်းဟိုတယ် ဆောက်လုပ်ရေးမှာ သံငြမ်းပြိုကျမှုကြောင့် ကွန်ကရစ်တွေကြားထဲ ပိတ်မိနေတဲ့ ကိုဆန်းမြင့်အောင်ကို ဇွန်လ ၂၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။ ကိုဆန်းမြင့်အောင်ကို ကွန်ကရစ်တွေထဲကနေ ၃၃ နာရီ နီးပါးကြာ ကယ်ဆယ်ရေး လုပ်ခဲ့ရတာပါ။ ရှာဖွေကယ်ဆယ်မှုတွေကို ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းကတည်းက စတင် ကယ်ယူဖို့ ကြိုးစားခဲ့တာပါ။ ကယ်ဆယ်ရေးလုပ်ချိန် သူ့ဘေးနား ၃ ပေအကွာမှာ ငြမ်းပြိုကျမှုကြောင့် သေဆုံးသူ အလောင်း ၁ လောင်း ရှိနေခဲ့ပြီး သူ့ကို အသိမပေးဘဲ ကယ်တင်ခဲ့ရတာ ဖြစ်တယ်လို့ သွားရောက် သတင်းယူတဲ့ ဒီဗွီဘီ သတင်းထောက် ကိုကျော်ဇေက ပြောပါတယ်။ လွတ်မြောက်လာတဲ့ ကိုဆန်းမြင့်အောင်ကို မန္တလေး ဆေးရုံကြီးမှာ ကုသပေးနေပါတယ်။ ပူးလ်မန်း ဟိုတယ်ဆောက်လုပ်ရာမှာ ငြမ်းပြိုကျမှုကြောင့်  လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၂ ဦး ရှိခဲ့ပါတယ်။ ဟိုတယ်ကို ဆောက်လုပ်နေရာမှာ အပိုင်းလိုက် တာဝန်ယူ ဆောက်လုပ်နေပြီး ဥာဏ် ဆောက်လုပ်ရေး တာဝန်ယူတဲ့ အခြမ်းမှာ သံငြမ်းတွေ ပြိုကျမှု ဖြစ်ပွားခဲ့တာပါ။ ဒါနဲ့ ပက်သက်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သေဆုံး၊ ဒဏ်ရာရတဲ့သူတဲ့အတွက် ပုဒ်မ ၃ခု တပ်ပြီး အရေးယူဆောင်ရွက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up