Home
မေးမြန်းခန်း
မဲစာရင်း အမှားတွေဟာ ရည်ရွယ်ချက်ရှိရှိ မှားတာလို့ မြင်ပါတယ် - ဦးနေမျိုးကျော်
အေးနိုင်
·
June 20, 2015
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရွေ့ အပြောင်းအလဲအတွက် အလွန်အင်မတန် အရေးကြီးပေမယ့် ကော်မရှင်နဲ့ အစိုးရက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လှုံ့ဆော်မှု အလွန်အင်မတန် အားနည်းလွန်းတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်က ဝေဖန်လိုက်ပြီး လှုံ့ဆော်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခြေခံမဲစာရင်းတွေ ကြေညာရာမှာ မကွေးတိုင်းအတွင်းမှာလည်း အမျိုးမျိုးအဖုံဖုံ မှားယွင်းမှုတွေ ကြုံရတယ်လို့ သူက ထောက်ပြပြီး နိုင်ငံတ၀န်းလုံး ကြုံနေရတဲ့ အခြေခံမဲစာရင်းအမှားဟာ သမားရိုးကျ အမှားမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တဲ့ အမှားအဖြစ် ရှုမြင်ကြောင်း ပြောပါတယ်။ မဲဆန္ဒရှင်တွေကလည်း စိတ်ဝင်စားမှု နည်းပါးတာ တွေ့ရကြောင်းနဲ့ မဲစာရင်းကြည့်ရှုရာမှာ နိုးကြားလာအောင် လှုံ့ဆော်သူတွေကိုပါ ကော်မရှင်တာဝန်ရှိသူတွေက တားမြစ်မှုတွေ ကြုံရတယ်လို့ သူက ပြောပါတယ်။ ဦးနေမျိုးကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ အခြေခံမဲစာရင်းတွေ ထုတ်ပြန်ရာမှာ နေရာဒေသအနှံ့ မှားယွင်းမှုတွေ၊ လိုတာတွေ၊ ပိုတာတွေ ကြားသိ မြင်တွေ့ရပါတယ်။ မကွေးတိုင်းက အခြေခံမဲစာရင်း အခြေအနေကို ပြောပြပါ။ “မကွေးတိုင်းမှာလည်း ဗမာပြည်မှာ ခုလက်ရှိ ၈ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ဒီထဲမှာ ကြေညာတဲ့ မဲစာရင်း ကြေညာမှုကတော့ တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မကွေးတိုင်းလည်း ပါပါတယ်။ မကွေးတိုင်းမှာလည်း ထုံးစံအတိုင်း တနိုင်ငံလုံးမှာ သတင်းကြီးနေသလို မကွေးတိုင်းရဲ့ မဲစာရင်းမှားယွင်းမှုတွေဟာ တော်တော်ကြီးကြီးမားမား ရှိပါတယ်။ အနည်းဆုံး ကျေးရွာတွေမှာဆို လူ ၃၀ ကနေ ၆၀၊ ၇၀ အတွင်းကို မဲစာရင်းမှားတာရှိတယ်။ ဒါ ရပ်ကွက်ကလေးတွေ၊ ကျေးရွာလေးတွေမှာကိုပဲ။ မကွေးတိုင်း တတိုင်းလုံးနီးပါး မဲစာရင်းမှားယွင်းမှုဟာ ရာခိုင်နှုန်း တော်တော်များများ ရှိပါတယ်။ ကျနော်တို့ မဲစာရင်းတွေနဲ့ ပတ်သက်ပြီးတော့မှ တိုင်းအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ရော၊ မဲစာရင်းစိစစ်ရေး အဖွဲ့တွေနဲ့ရော မဲစာရင်းမှားယွင်းမှုနဲ့ပတ်သက်လို့ ပြင်တာတွေ၊ ဖြည့်တာတွေ၊ ဖျက်တာတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေက မဲစာရင်းကူးယူမှုလုပ်တဲ့ အလုပ်မှာကို စတင်ပြီးတော့မှ ကော်မရှင်တွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံမှုကို မတွေ့ရဘူး။ ကောင်းမွန်စွာ အပြန်အလှန်ကူညီမှုကို မတွေ့ရဘူး။" “နံပါတ် ၁ အချက်က ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့မှာ တိုင်းကော်မရှင်အဖွဲ့ခွဲနဲ့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအလုပ်အမှုဆောင်အဖွဲ့၊ ကျနော် ဦးဆောင်တက်ရောက်ပါတယ်။ အခြားသော တိုင်းအဆင့် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်တုန်းက မဲစာရင်းကြေညာမယ်ဆိုတာကို တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်စိန်က ထုတ်ပြောပါတယ်။ ဒါကို ကျနော်တို့ကို ခေါ်ယူရှင်းလင်းတာဖြစ်ကြောင်း ပြောပါတယ်။ ကော်မရှင်က ကြေညာအသိပေးပြီးတဲ့နောက် နိုင်ငံရေးပါတီတွေအလှည့်မှာ ကျနော်တို့ တင်ပြပါတယ်။ မဲစာရင်းမိတ္တူ ရယူလိုတယ်လို့၊ ဒါမှသာ မဲစာရင်း မှန်ကန်တိကျမှုက တရားမျှတ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲတခုကို အထောက်အကူပြုမယ်။ ဒါကြောင့် မဲစာရင်းမိတ္တူ ရယူမှသာလျင် ရုံးလုပ်ငန်းသဘောအရ ပြည်သူလူထု မဲဆန္ဒရှင်တွေကို ပြင်ဖို့၊ ဖြည့်ဖို့၊ ဖျက်ဖို့  အကူအညီပေးနိုင်လိမ့်မယ်ဆိုတာကို မဲစာရင်းမိတ္တူ လုံးဝမပေးနိုင်ပါဘူးလို့ အဲဒီအချိန်မှာ ငြင်းပါတယ်။ ဒီလို မငြင်းသင့်ဘူး။ ဒါဟာ လွတ်လပ်သန့်ရှင်း တရားမျှတတဲ့ ရွေးကောက်ပွဲတခုအတွက် အထောက်အကူဖြစ်တဲ့ အလုပ်တခုကို နိုင်ငံရေးပါတီတခု၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကသော်လည်းကောင်း ကူညီဖို့ ဆောင်ရွက်တာကို ကော်မရှင်အနေနဲ့ ဒါကို ပေးသင့်တယ်ဆို သူတို့က လုံးဝမပေးဘူး။" “အဲဒီတော့ သူတို့က ဘာပြောလိုက်လဲဆိုတော့ ဓာတ်ပုံရိုက်ခွင့်ပေးမယ်လို့ နှုတ်အားဖြင့် မီဒီယာတွေရှေ့မှာ ပြောလိုက်ပါတယ်။ အစည်းအဝေးမှာ မီဒီယာအားလုံးပါတယ်။ ပြောလိုက်သော်လည်းပဲ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အခု လက်ရှိပေါ့နော် ကြေညာဆဲကာလအတွင်းမှာ စတင်ကြေညာတဲ့ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက် သုံးရက်မှာဆိုရင် လုံးဝ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် ရုံးတွေမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို သွားပြီးတော့မှ ဓာတ်ပုံမိတ္တူ  ဖုန်းနဲ့သော်လည်းကောင်း၊ ကင်မရာနဲ့သော်လည်းကောင်း မိတ္တူရိုက်တဲ့အခါမှာ လုံးဝ တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ကော်မရှင်လူကြီးတွေက ရိုက်ခွင့်မပေးဘဲ တားခဲ့မှုတွေက ဥပမာ- မင်းတုန်းမှာဆိုရင် စာနဲ့ကို ထွက်တားတာမျိုးရှိတယ်။ စေတုတ္ထရာမှာဆိုရင် စာနဲ့ ထွက်တားတာမျိုးရှိတယ်။ တားပုံတားနည်း အမျိုးမျိုးနဲ့ သူတို့ တားပါတယ်ခင်ဗျ။ တချို့က နှုတ်အားဖြင့် ကော်မရှင်ကနေမှ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်က လုံးဝ ဓာတ်ပုံရိုက်ကူးခွင့် ပေးမထားတဲ့အတွက်ပါ။ ဒါကြောင့်မို့လို့ ရိုက်ကူးခွင့်မပြုပါနဲ့ဆိုတာ တားတဲ့အတွက် ပထမပိုင်း ၃၊ ၄ ရက်မှာ တော်တော်အခက်အခဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့တွေက တိုင်းကော်မရှင်မှာ နှုတ်ကတိ၊ နှုတ်အားဖြင့် မီဒီယာရှေ့မှာ ပြေားထားပြီး ဖြစ်တဲ့အတွက်၊ နောက်တခုက ဒါဟာ မဲဆန္ဒရှင်တွေရဲ့ စာရင်းကို မိတ္တူရယူတာဟာ ရွေးကောက်ပွဲတခုကို ကူညီရာရောက်တာ ဖြစ်တဲ့အတွက် ဥပဒေကို ကျူးလွန်ချိုးဖောက်တာ မဟုတ်ဘူး။ ဒါကြောင့် ရိုက်ကူးတာပါဆိုတော့ မကွေးတတိုင်းလုံးနီးနီးက ဒီမဲစာရင်း မိတ္တူတွေကို ရိုက်ကူးပြီးတော့မှ အခုဆိုရင် မဲစာရင်းမိတ္တူတွေရယူဖို့ ကြိုးပမ်းဆဲကာလဖြစ်တယ်။ ဇွန် ၂၁ ရက်နေ့မှာတော့ အတတ်နိုင်ဆုံးပေါ့နော် ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို မသွားနိုင်တာကလွဲရင် တတိုင်းလုံးနီးပါးက မဲစာရင်းမိတ္တူကို ဓာတ်ပုံရိုက်ကူးပြီးတော့ ရယူနိုင်ဖို့ ကြိုးစားနေတယ်။" “နံပါတ် ၂ အချက်က မဲစာရင်းမှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး မကွေးတိုင်းရဲ့ မှားယွင်းမှုက တခြားဒေသတွေလိုပဲ နာမည်မှားတာ၊ သက္ကရာဇ်မှားတာ၊ လူ ၁ ယောက်တည်းကို မဲစာရင်းမှာ အကြိမ်ကြိမ်။ အစဉ်လိုက်ကိုပဲ ၁ ကနေ ၇ အထိကို တယောက်တည်းနာမည် ပါနေတာမျိုးဖြစ်တယ်။ နောက်တခုက ကွယ်လွန်ပြီးသားလူတွေ ပါနေတာတွေရှိတယ်။ အသက်မပြည့်သေးတဲ့သူတွေ ပါနေတာရှိတယ်။ အဲတော့ မှားပုံမှားနည်းနဲ့ ပတ်သက်လို့က ကွန်ပြူတာနဲ့ ရိုက်တဲ့သူရဲ့ အမှားလို့ ကျနော်တို့က မသုံးသပ်နိုင်ဘူး။ ကွန်ပြူတာရိုက်တဲ့သူက အဲဒီလောက်ကြီးထိ မမှားနိုင်ပါဘူး။ ဥပမာအားဖြင့် မကွေးမြို့မှာဆိုရင် ၃၀ ရက် ၆ လဆိုတဲ့ မွေးသက္ကရာဇ်ဟာ အောင်စေတနာရပ်ကွက်လိုမျိုးမှာဆိုရင် တောက်လျှောက် တခြားရပ်ကွက်တွေမှာလည်း ဒီအတိုင်းပဲ။ တယောက် နှစ်ယောက် မဟုတ်ဘဲနဲ့ စာမျက်နှာ ၄၊ ၅၊ ၁၀ မျက်နှာကို အဲဒီလောက်ကြီး မှားနေတာဆိုရင် ကော်မရှင်ဥက္ကဋ္ဌဟာ လက်မှတ်ထိုးကြည့်ကာနီးမှာ ဒီမှားယွင်းမှုကို သူတို့ သိရမယ်ဗျ။ ဒါတွေကိုလည်း ကပ်ထားတယ်။ အဲဒီတော့ မကွေးတိုင်းမှာ မဲစာရင်းမှားယွင်းမှုကတော့ အတော်ကြီးတယ်။" “နောက် တတိယအချက်ကတော့ မဲစာရင်းနဲ့ပတ်သက်လို့ လာကြည့်တဲ့ ပြည်သူရဲ့ နိုးကြားမှု အလွန်မတန် အားနည်းတယ်။ အဲဒါကြောင့်မို့လို့ မကွေးတိုင်းမှာ မဲစာရင်းကြေညာထားတဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ မြို့ပေါ်ရပ်ကွက်တွေပေါ့။ ရပ်ကွက်၊ ကျေးရွာတွေ အားလုံးမှာရှိတဲ့ ကော်မရှင်ရုံးတွေရှေ့မှာ မဲစာရင်းလာကြည့်တဲ့သူတွေရဲ့ နိုင်ငံရေး နိုးကြားမှု၊ ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုကတော့ အလွန်အင်မတန် အားနည်းတယ်။ အဲဒီ အားနည်းမှုနဲ့ပတ်သက်ပြီး ထောက်ပြဝေဖန်ချင်တဲ့ အချက်ကတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီ ၈ ရက်နေ့မှာ ကော်မရှင်ဘက်က ကြေညာတော့မယ် ဆိုတဲ့အခါမှာ ၅ ရက် ၆ လ ၂၀၁၅ နေ့က စပြီး မကွေးတတိုင်းလုံး မြို့နယ်အလုပ်အမှုဆောင်တွေက ဦးဆောင်စီစဉ်ပြီးတော့မှ ကားတွေနဲ့၊ ဆောင်းဘောက်စ်တွေနဲ့ ‘မဲစာရင်းသွားကြည့်ကြဖို့၊ ဒါဟာ မဲဆန္ဒရှင်တွေအတွက် အလွန်အင်မတန် အရေးကြီးတယ်။ မဲစာရင်း တိကျမှန်ကန်မှသာ ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်လိမ့်မယ်။ အဲဒါကြောင့် မဲစာရင်းသွားကြည့်ဖို့၊ မဲစာရင်းကြည့်ဖို့’ ဆော်သြမှု လုပ်ခဲ့စဉ်တုန်းကလည်း ကော်မရှင်တွေဟာ အဲဒီမဲစာရင်းကြည့်ဖို့ ဆော်သြတဲ့ ကားတွေကို လိုက်လံတားဆီးမှုတွေ ပြုခဲ့တယ်။ တားဆီးမှုမှာ ၃ မျိုး ၃ စားရှိတယ်။ ၄ ရက်နေ့မှာ သက်ဆိုင်ရာ ကော်မရှင်တွေက  မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ ခေါ်ပြီးတော့မှ တချို့မြို့နယ်က တားပုံတားနည်းက လုံးဝ ဒါကိုမထွက်ဖို့ (လှုံ့ဆော်မှုမလုပ်ဖို့) ပြင်းပြင်းထန်ထန် တားတယ်။ ဥပမာ မင်းတုန်းမြို့နယ်တို့လို၊ စေတုတ္ထရာမြို့နယ်တို့လို၊ ပခုက္ကူမြို့နယ်တို့လို၊ ဂန့်ဂေါခရိုင်တို့လို၊ အောင်လံမြို့နယ်တို့လို ဒါက ပြင်းပြင်းထန်ထန်တားတယ်။" “နောက်တခုက ကျနော်တို့က ကော်မရှင်ကို မဲစာရင်းကြည့်ရှုဖို့ ဆော်သြမယ်ဆိုတာကို အကြောင်းကြားစာပေးတဲ့အတွက် ‘ဒီစာတွေကိုတဲ့ တိုင်းကော်မရှင်ကို ဆက်လက်တင်ပြပြီးတော့မှ ခဏစောင့်ပေးပါဦး’ တဲ့၊ ဒုတိယတဆင့်က ညင်သာတဲ့ တားဆီးမှုမျိုးနဲ့ ခွင့်မပြုဘဲ တားတယ်။ တတိယအဆင့်ကတော့ ‘သူတို့လည်း ထွက်ပြီးတော့ ကြေညာမှာဖြစ်ပါတယ်’ တဲ့ ‘ဒါကြောင့်မို့လို့ သူတို့မထွက်ခင်မှာ အန်အယ်လ်ဒီချည်းပဲ ထွက်တာမျိုး မဆောင်ရွက်ပါနဲ့၊ အားလုံးသိနိုင်အောင်လို့ ဆော်သြ ကြေညာပေးပါမယ်’ ဆိုပြီးတော့ နှစ်သိမ့်တဲ့နည်းနဲ့ လုပ်တာရှိတယ်။ အမှန်တကယ်တော့ သူတို့တတွေဟာ အဲဒီ ၈ ရက်နေ့ မတိုင်ခင် ညလေး တကြိမ်သာလျှင် လှည့်လည်အော်တာမျိုးရှိတယ်။ တချို့မြို့နယ်ကတော့ ဥပမာ-ကျနော်တို့ မင်းဘူး၊ စကုမှာတော့ အခုရက်ပိုင်းလေးတွေကို ၁ ရက်၊ ၂ ရက် ပြန်ထွက်တာကလွဲလို့ရှိရင် မဲစာရင်း ဆော်သြမှုက ကော်မရှင်ကြီးတရပ် အနေနဲ့ လုံးဝ ပွင့်လင်းမြင်သာမှု မရှိဘူး။ ခြိမ့်ခြိမ့်သဲ တက်တက်ကြွကြွ နိုးနိုးကြားကြား လူထုကို ဖြစ်အောင်လို့ စွဲဆောင်မှုမရှိဘူး။ ဒါတွေဟာ မဲစာရင်းကြည့်ဖို့အတွက် အလွန်အင်မတန် အခက်အခဲပဲ။ အဲဒီအတွက် ဆော်သြပေးတဲ့ အန်အယ်လ်ဒီလို အဖွဲ့အစည်းမျိုးတွေကို ရပ်ကျေးတွေမှာလည်း ဥပမာအားဖြင့် လက်ကိုင်စပီကာတွေနဲ့ ပြောဖို့ဆိုရင်လည်း မပြောနဲ့တို့။" “ဥပမာအားဖြင့် ငဖဲမြို့နယ်တွင်းက ဆီစာဆိုတဲ့ရွာမျိုးသည် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ကားနဲ့ရောက်နေတဲ့အချိန်မှာ ကော်မရှင်ဦးစီးမှူးပေါ့နော် အဲဒီလူတွေကိုယ်နှိုက်က ဖုန်းနဲ့ဆက်ပြီးတော့ ‘ပြန်လာခဲ့ပါ၊ လုံးဝဆက်မသွားပါနဲ့’ ဆိုပြီးတော့ ခြိမ်းခြောက်မှုမျိုးတွေ ရှိတယ်ဗျ။ အဲဒီတော့ ပြောရရင်တော့ ပြည်သူလူထု မဲစာရင်းသွားကြည့်ဖို့ အားနည်းတာဟာ ကော်မရှင်မှာ တာဝန်ရှိတယ်။ နိုင်ငံရေးပါတီတွေရဲ့ ဆော်သြမှု အားနည်းတယ်။ အဲဒီထဲမှာမှ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ဒီကနေ့ ကော်မရှင်တွေက သူတို့ရုံးတွေမှာသွားရင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေလည်း ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ကူညီမယ် ပြောသော်လည်းပဲ မကွေးတိုင်းမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ VOTER EDUCATION တွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မဲစာရင်းကြည့်ဖို့ ဆော်သြမှုတွေ ဒါတွေဟာလည်း မရှိသလောက် အားနည်းမှုရှိတယ်။ အဲဒီထဲမှာမှ ပြည်သူလူထုအနေနဲ့ကလည်း လုပ်ငန်းခွင်ဝင်နေရတာတွေ ရှိသလို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ လှုံ့ဆော်မှု အားနည်းတဲ့အတွက် လူထုက မဲစာရင်းကြည့်မှုမှာ လုံးဝ နိုးကြားခြင်းမရှိဘူး။" ပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေက မဲစာရင်းတွေ ကမောက်ကမ ဖြစ်တာတွေ မြင်တဲ့အခါမှာ ကော်မရှင်ကို သွားရောက်တင်ပြတဲ့ အချိန် ၁၄ ရက်ရတဲ့ အတွင်းမှာရော မဲစာရင်းအမှားအယွင်း ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လိုလိုလားလားရှိလား ကော်မရှင်က။ ဘာတွေကြုံရလဲ။ “ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၂၀ ရာခိုင်နှုန်းလောက်ကပဲ ကူညီဆောင်ရွက်ပေးတယ်။ အဲဒါ လက်ရှိ။ မနေ့ကပဲ ဗဟိုမဲစာရင်းစိစစ်ရေးကော်မတီက ဒေါ်ခင်မွှေးတို့ အဖွဲ့တွေ ကျနော်တို့ မကွေးတိုင်းမှာ လာတဲ့အတွက် ဒီအတိုင်းပဲ ပြောလိုက်ပြီးသားဖြစ်တယ်၊ အချက်အလက်တွေကို။  ဘာလို့လဲဆိုတော့ ဒီ စေတုတ္ထရာလို ဒေသတွေမှာဆို ပထ၀ီသဘောအရ ရပ်ကျေးနဲ့ မြို့နဲ့ အလွန်အင်မတန် ဆက်သွယ်ရေးဝေးတယ်။ အဲလိုပဲ တချို့မြို့နယ်တွေ မင်းဘူး၊ စကုလို၊ မကွေးလို နေရာမျိုးကတောင်မှ မြို့နဲ့ အရမ်းဝေးတဲ့ ရွာတွေရှိတယ်။ အဲဒီရွာတွေ အပါအ၀င် ကျေးလက်တွေ တော်တော်များများမှာ ပြင်ဖို့၊ ဖြည့်ဖို့၊ ဖျက်ဖို့နဲ့ ပတ်သက်ပြီးတော့ ပုံစံ ၃ တို့၊ ပုံစံ ၄ (ဂ) တို့၊ ပုံစံ ၄ တို့ အဲဒီပုံစံတွေကို ရပ်ကျေးကော်မရှင်ရုံးတွေမှာ အဆင်သင့်ရှိမနေဘူး။ ဒါဟာ အလွန်အင်မတန်ကို ခွင့်မလွှတ်နိုင်စရာ ပံ့ပိုးမှုပဲ ကော်မရှင်ရဲ့။ အဆင်သင့်ရှိမနေဘူး၊ နောက်ပြီးတော့ ဘယ်လိုနည်းနဲ့ တချို့ဒေသက ဖြေရှင်းသလဲဆိုရင် မြို့နယ်ကော်မရှင်ကြီးကိုသာ သွားပြီးတော့ ပြင်ပါ၊ ဖြည့်ပါ၊ ဖျက်ပါတဲ့။ မြို့နယ်ကော်မရှင်ကြီးက သူတို့ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်တွေကို လှမ်းအကြောင်းကြားထားတာက မဲစာရင်းမှားယွင်းမှုရှိလို့ ပြင်ဖို့၊ ဖြည့်ဖို့၊ ဖျက်ဖို့ ရှိတဲ့အရာတွေကို စာရင်းပြုစုပြီးသာ မြို့နယ်ကော်မရှင်ရုံးကို သတင်းပို့ပါဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ညွှန်ကြားထားတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ မဲဆန္ဒရှင်တွေက သူ့သက်ဆိုင်ရာ ကော်မရှင်ရုံးတွေမှာ တိုက်ရိုက် ချက်ချင်း ဖြေရှင်းပေးတာမျိုးကို ကော်မရှင်ဘက်က လုံးဝ အားနည်းတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တလမ်းဝင် တလမ်းထွက်၊ တရွာဝင် တရွာထွက် သွားနေတယ်။ သွားနေရင်းနဲ့ ဒီမှားယွင်းမှုတွေကို ကြည့်ရတာတဘက်၊ မဲစာရင်းမိတ္တူရအောင် ကြိုစားရတာတဘက်၊ အဲဒီရရှိပြီးသားထဲက မှားယွင်းမှုသိနေတယ် ဆိုတာတွေကို ကော်မရှင်ရုံးတွေကို သွားပြီးတော့မှ ပြင်ဖို့၊ ဖြည့်ဖို့၊ ဖျက်ဖို့အတွက် ဒီပုံစံတွေနဲ့ ချက်ချင်းလုပ်ဖို့ သွားတဲ့အခါမှာ သူတို့ဆီက ၀န်ထမ်းလိုအပ်ချက်တွေ၊ ရုံးပိတ်နေတာတွေ၊ ဖောင်တွေ မရှိတာတွေ ဒီလိုပြဿနာတွေနဲ့ဆိုတော့ မကွေးတိုင်းမှာ တကယ်တမ်း မဲစာရင်းကြေညာမှုနဲ့ ပတ်သက်လာရင်တော့ အထွေထွေရွေးကောက်ပွဲကြီးတခု ကျင်းပဖို့ ပြင်ဆင်တာနဲ့ မတူဘူးဗျ။ လုံးဝ သိမ်ငယ် သေးသိမ်တယ်။ သေးသိမ်တဲ့ လုပ်ငန်းစဉ်တွေလို တွေ့နေရတယ်။” ရွေးကောက်ပွဲမဲစာရင်း မှန်ကန်ရေးကို နယ်ပယ်အနှံ့ လုပ်ဆောင်နေရာမှာ အန်အယ်လ်ဒီပါတီက ပြူးပြီးထွက်နေတယ်။ ကျန်တဲ့ပါတီတွေ၊ အာဏာရပါတီတွေ၊ တိုင်းရင်းသားပါတီတွေကရော မဲစာရင်းပေါ်မှာ ဘယ်လောက်ဆောင်ရွက်ချက်ရှိသလဲ။ ဘယ်လောက် မှန်စေချင်ကြလဲ။ “ဟုတ်ကဲ့၊ ကျနော့်အနေနဲ့ အဓိက ပြောချင်တာကတော့ ရွေးကောက်ပွဲတခု သန့်ရှင်းတရားမျှတ လွတ်လပ်ဖို့ဆိုရင် နံပါတ် ၁ အခြေခံအချက်ကတော့ မဲစာရင်းတိကျမှန်ကန်ဖို့ အရေးကြီးတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေဟာ မဲစာရင်း တိကျမှန်ကန်မှုတခုကိုတောင်မှပဲ အရေးဂရုစိုက်ပြီး လုပ်တာမျိုးမဟုတ်ဘူးဆိုရင် နိုင်သာနိုင်ချင်တယ်၊ တရားမျှတလွတ်လပ်သန့်ရှင်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတခုဆိုတဲ့ အနှစ်သာရတခုအပေါ်မှာ တန်ဖိုးမထားဘူးလို့ ကျနော်က ပြောချင်တယ်။ နောက်ထပ်တချက်က ရွေးကောက်ပွဲတခုရယ်လို့ဖြစ်လာရင် ကျင်းပတဲ့ ကော်မရှင်ရယ်၊ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီရယ်၊ မဲဆန္ဒပေးမယ့် ပြည်သူရယ် ဒီသုံးဦး သုံးဖလှယ်လုံးက သန့်ရှင်းဖို့၊ မျှတဖို့ လွတ်လပ်ဖို့လိုတဲ့ အထဲမှာ ဒီထဲမှာ အရေးအကြီးဆုံး အင်အားစုက မဲပေးမယ့်ပြည်သူပဲ။ အဲဒီတော့ ရွေးကောက်ပွဲတခုကနေ အနိုင်ရပြီး အစိုးရဖြစ်ချင်ပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေဟာ အမှန်တကယ် ဒီမိုကရေစီကို တန်ဖိုးထားတယ်။ အမှန်တကယ် မဲဆန္ဒရှင်တွေရဲ့ တန်ဖိုးတွေကို သိတယ်ဆိုရင် မဲစာရင်းမှာ ကိုယ့်ပါတီကို (သို့မဟုတ်ရင်) အစိုးရဖြစ်အောင် ရွေးချယ်မယ့် အချုပ်အခြာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ မဲဆန္ဒရှင်ပြည်သူရဲ့ အခွင့်အရေးကို ကာကွယ်မှုမပြုဘူးဆိုရင် ပြည်သူကို လေးစားတန်ဖိုးထားတယ်ဆိုတာ ဒါဟာ စကားပေါ်မှာပဲ ရှိမယ်လို့ ကျနော် အဲလို ပြောချင်တယ်ဗျ။” ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အခုလိုမျိုး မဲစာရင်းတွေ နေရာအနှံ့ အလွန်အမင်း မှားယွင်းမှုမျိုးတွေက မကြားခဲ့ရဖူးဘူး။ အခုမှားယွင်းမှုက ဘာအတွက် ရည်ရွယ်ဦးတည်နေတယ်၊ လုပ်ဆောင်တယ်လို့ သုံးသပ်နိုင်မလဲ။ “အဓိကကတော့ မဲဆန္ဒပေးမယ့်သူတွေကိုလည်း ရွေးကောက်ပွဲတခုအပေါ်မှာ အယုံအကြည် ကင်းမဲ့သွားလောက်အောင်လို့အထိ အစိုးရက ရည်ရွယ်တယ်၊ မရည်ရွယ်ဘူး ကျနော် မစွပ်စွဲသော်လည်းဘဲ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ် စိတ်ပျက်သွားစေချင်တယ်လို့ ကျနော် ယူဆတယ်။ နောက်တခုက နိုင်ငံရေးပါတီတွေပေါ့၊ အဓိကအားဖြင့် ကျနော်တို့ အတိုက်အခံ အန်အယ်လ်ဒီပါတီဟာ မဲစာရင်း စိစစ်မှုမှာကိုပဲ အလုပ်တွေ ရှုပ်နေအောင်လို့ လုပ်ထားတယ်လို့တောင် ကျနော်က အဲလို ပြောချင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ မှာလည်း သန်းခေါင်စာရင်းတွေ ကောက်ထားပြီးသား။ အခုလက်ရှိလည်း မဲစာရင်းကောက်ယူမှုဟာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့အစည်းနဲ့ ကောက်တာဟာ ဒီလောက်မှားယွင်းစရာအကြောင်း မရှိဘူးဗျ။ အဲဒီတော့ သန်းခေါင်စာရင်းနဲ့ တိုက်ကြည့်ရင်တောင်မှပဲ ဒီလောက် လွဲချော်စရာ အကြောင်းမရှိဘူး၊ အသက် ၁၈ နှစ်ပြည့်ပြီးသားလူတွေနဲ့ ပတ်သက်ပြီးတော့။ အဲဒီတော့ ဒီတကြိမ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲစာရင်းထုတ်ပြန်မှု အမှားအယွင်းတွေဟာ ကျနော် ရိုးရိုးသားသားလေးပဲ ထောက်ပြချင်တဲ့ အချက်ကတော့ ရည်ရွယ်ချက်ရှိရှိမှားတဲ့ အမှားတခုလို့ ကျနော်ပြောချင်တယ်။” မဲစာရင်းမှားယွင်းမှုတွေကို ပြင်ဆင်နိုင်ဖို့ မြေပြင်ဆောင်ရွက်ချက်တွေထဲမှာ အတွေ့အကြုံထဲက ဘာပြောစရာရှိဦးမလဲ။ “မြေပြင်ဆောင်ရွက်ချက် ထူးခြားတာတချက်က ဘာလဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ အထွေထွေရွေးကောက်ပွဲကြီးဖြစ်တယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ဖြစ်သလို သူများတွေ တည်ငြိမ်တဲ့ နိုင်ငံတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေနဲ့ မတူတာဟာ ဒီတကြိမ် ရွေးကောက်ပွဲဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအရွေ့ အပြောင်းအလဲအတွက် အလွန်အင်မတန် အရေးကြီးတယ်ဆိုတာ လက်ရှိအစိုးရလည်းသိတယ်၊ ကော်မရှင်လည်းသိတယ်၊ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေလည်း သိတယ်၊ မဲပေးမယ့် ပြည်သူတွေလည်းသိတယ်၊ နိုင်ငံတကာကလည်း သိတယ်။ အဲဒီတော့ ဒီလောက် တိုင်းပြည်ရဲ့အပြောင်းအလဲဖြစ်မယ့် ရွေးကောက်ပွဲ ဖြစ်စဉ်ကြီးတခုကို ကျင်းပဖို့အတွက် ရွေးကောက်ပွဲဖြစ်စဉ် process တခုလုံးနဲ့ ပတ်သက်လို့ စစပြီး မဲစာရင်းပြုစုပြီးတော့မှ မဲစာရင်းကြေညာတဲ့ အစကစ၊ ရွေးကောက်ပွဲ ကမ်ပိန်းရာသီတွေ၊ ရွေးကောက်ပွဲကျင်းပတဲ့ အခြေအနေတွေထိ၊ အဲဒီတော့ ဟိုဘက်က ကျင်းပတဲ့အခြေအနေတွေ ခဏထားပါတော့ ကမ်ပိန်းရာသီအတွက်။ အခု ရွေးကောက်ပွဲဖြစ်စဉ် process ရဲ့ ပထမဆုံးအစ ဒီ မဲစာရင်းကြေညာမှုတွေကမှစလို့ အဲဒီလောက် အရေးကြီးတဲ့ ရွေးကောက်ပွဲကြီးကို ပြည်သူလူထု နိုင်ငံရေးနိုးကြားမှု ဖြစ်ဖို့အတွက်၊ နိုင်ငံရေးပါတီတွေကလည်း ဒီမိုကရေစီစံတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်ပြီးတော့မှ ဂုဏ်သိက္ခာရှိရှိ ပြိုင်နိုင်ဖို့အတွက် ကော်မရှင်ကလည်း လုံးဝ transparency ပွင့်လင်းမြင်သာစွာ တကယ့်ကို free and fair ဖြစ်တယ်ဆိုတာကို ပြနိုင်ဖို့အတွက်ဟာ အလွန်အင်မတန် အရေးကြီးတဲ့ စံတန်ဖိုးတွေဖြစ်တယ်။" "အခုအချိန်မှာ အဲဒီအချက်အလက်တွေ၊ အဲဒီစံတန်ဘိုးတွေပေါ်မှာ ရပ်ပြီးတော့မှ လုပ်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေဘက်ကလည်း အားနည်းမှုတွေရှိသလို ပြည်သူလူထုတွေရဲ့ နိုးကြားမှုတွေကလည်း အားရစရာ မကောင်းသလို အဓိကအားဖြင့်တော့ ကော်မရှင်ရဲ့၊ အစိုးရရဲ့ ရွေးကောက်ပွဲဖြစ်စဉ်တခုအပေါ်မှာ လှုံ့ဆော်မှု အားနည်းတယ်။ ဥပမာအားဖြင့်ဆိုရင် မြို့နယ်ကြီးတွေမှာ အခုလို မဲစာရင်းကြေညာတဲ့ ရက်တွေမှာဆိုရင် gate show ကြီးတွေ bill board ကြီးတွေနဲ့ ပရိုဂျက်တာတွေကနေမှ ဒါကို သီချင်းတွေနဲ့ အရုပ်တွေနဲ့ပေါ့ဗျာ၊ ဒါတွေ ပြရမယ်။ အသံလွှင့်ဌာနတွေကနေမှ ခြိမ့်ခြိမ့်သဲ ပြောရမယ်။ ကျေးရွာတွေထိ လမ်းဆုံလမ်းခွတွေမှာ မဲစာရင်းသွားကြည့်ဖို့ရာ အလွန်အင်မတန် နိုင်ငံသားတယောက်အတွက်၊ မဲဆန္ဒရှင်တယောက်အတွက် အင်မတန် အရေးကြီးတယ်ဆိုတဲ့ ဟာတွေကို ပြောရပါလိမ့်မယ်ဗျ။ ဒါတွေကို လုံးဝ ကျနော်တို့ မတွေ့ရဘူး။ ရွေးကောက်ပွဲဖြစ်စဉ်တခုကို ခြိမ့်ခြိမ့်သဲ ကျင်းပဖို့အတွက် ဒီလိုအပ်ချက်တွေက အများကြီးရှိတယ်။ အဲဒါကိုက ရွေးကောက်ပွဲတခုကို စိတ်ဝင်စားဖို့အတွက် အဓိကကျတဲ့ ပြည်သူတွေအတွက် လိုအပ်ချက်တခု ဖြစ်နေတယ်။ ဒီလှုံ့ဆော်မှုလုပ်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေမှာ တာဝန်ရှိတယ်။ သို့သော်လည်းပဲ သူတို့တွေဟာ ကျနော်တို့နဲ့ တွေ့စဉ်မှာတုန်းကတော့ ‘ဗီနိုင်းတွေကိုတော့ ဘယ်ရွာတွေကို ပေးထားပါတယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ဘယ်နှချပ် ဝေထားပါတယ်’ ပြောသော်လည်းပဲ ကျနော်တို့ အခုသွားတဲ့နေရာတွေမှာ ဒါတွေကို ထင်ထင်ရှားရှား မတွေ့ရဘူး။ ကျနော်တို့ တချို့မဲစာရင်းကြေညာတဲ့ ကော်မရှင်ရုံးတွေဆိုရင် မကွေးမြို့ဆိုရင် မင်းဂံကြီးဆိုတဲ့ ရပ်ကွက်ဆိုရင် အဲဒီ စကြေညာတဲ့ ၈ ရက်နေ့မှာကို ရုံးလုံးဝပိတ်ထားတယ်၊ ကော်မရှင်ရုံးကို။ ကျနော်တို့ သွားပြီးတော့မှ မဲစာရင်းသွားကြည့်တယ်။ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်တွေကို ကျနော်တို့ အကြံဉာဏ်ပေးဖို့ သွားတဲ့အခါမှာ လုံးဝ ရုံးပိတ်ထားတယ်။ ကျနော်တို့ ကော်မရှင်ကိုတော့ ဒါနဲ့ပတ်သက်ပြီး အကြောင်းကြားလိုက်ပါတယ်။ ပြောချင်တာက ဒီလိုနေရာတွေဟာ ဗမာပြည်အနယ်နယ်အရပ်ရပ်မှာ အများကြီး ရှိနိုင်တယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024