Home
မြန်မာသတင်း
အမျိုးသမီးပါတီ (မွန်) က တိုင်းနှင့် ပြည်နယ် ၃ ခုတွင် ရွေးကောက်ပွဲဝင်မည်
နော်နိုရင်း
·
June 17, 2015
ပါတီတည်ထောင်ခွင့်ရရှိထားပြီး လက်ရှိ နိုင်ငံရေးပါတီအနေနဲ့ လျှောက်ထားတဲ့ အမျိုးသမီးပါတီ (မွန်) အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ တိုင်းနဲ့ပြည်နယ် ၃ ခုမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီဥက္ကဋ္ဌ မိလယိုင်မွန် (ခေါ်) မိသန်းရှင်က ပြောပါတယ်။ “လောလောဆယ် ကျမတို့ ပဲခူးတိုင်းမှာ ကျမတို့ မွန်အများစုနေတဲ့နေရာမှာ ရွေးမယ်။ ကိုယ်စားလှယ်လောင်း ၂ ဦးတော့ ကျမတို့ စီစဉ်ထားပြီးပြီ။ တနင်္သာရီတိုင်းမှာလည်း အမျိုးသမီးတွေ ၃ နေရာလောက် ရမယ်ဆိုရင်လည်း ရည်ရွယ်ထားတာရှိပါတယ်။ ဒီမွန်ပြည်နယ်မှာ ဆိုရင်လည်း မွန် ၂ ပါတီနဲ့ ညှိနှိုင်းပြီးတော့ ဘယ်လိုနေရာမှာ ရွေးမယ်ဆိုတာ ကျမတို့ ညှိနှိုင်းနေတုန်းပဲ။” မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီတွေအဖြစ် မွန်အမျိုးသားပါတီ (MNP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့က အဓိက စည်းရုံးလှုပ်ရှားနေတဲ့အတွက် အမျိုးသမီးပါတီ (မွန်) အနေနဲ့ ဘယ်နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မလဲ ဆိုတာကို ညှိနှိုင်းရမယ်လို့လည်း မိသန်းရှင်က ပြောပါတယ်။ အမျိုးသမီးပါတီ (မွန်) ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၄ ရက်နေ့ အမျိုးသမီးပါတီ ထူထောင်ခွင့်ပေးဖို့ လျှောက်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က နာမည်ပြောင်းပေးဖို့ တောင်းဆိုခဲ့ရာမှာ အမျိုးသမီးပါတီ (မွန်) ဆိုပြီး ပြန်ပြောင်းလျှောက်ခဲ့ပါတယ်။ မေလ ၂၈ ရက်နေ့မှာတော့ ပါတီထူထောင်ခွင့်ကျပြီး ဇွန်လ ၁၆ ရက်နေ့မှာတော့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးပါတီ (မွန်) အနေနဲ့ လက်ရှိမှာတော့ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ် အသီးသီးက ဗဟိုကော်မတီဝင် ၆၀ ကျော်ရှိပြီး အမျိုးသမီးအခွင့်အရေးအတွက် အဓိကထား လုပ်ကိုင် ဆောင်ရွက်သွားမယ်လို့  ပါတီဥက္ကဋ္ဌ မိသန်းရှင်က ပြောပါတယ်။ “ကျမတို့ကတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေး အမျိုးသမီးတွေရဲ့ ကဏ္ဍကို မြှင့်တင်ချင်တဲ့ ပါတီတိုင်းကို ကျမတို့ ကွန်ရက်လုပ်သွားတယ်။ ပူးပေါင်းသွားမှာပေါ့။ အဲဒါ ကျမတို့ရဲ့ မူဝါဒပေါ့နော်။ နောက်ပြီး ပါတီအများစု လက်ခံနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း ကျမတို့ လှမ်းသွားမယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အများစု လက်ခံနေတဲ့ မူဝါဒတိုင်းကိုလည်း ကျမတို့ယူမယ်။ အမျိုးသမီးပါတီဖြစ်တဲ့အတွက် အမျိုးသမီးကဏ္ဍကို ဦးစားပေးတဲ့ ပါတီတိုင်းကို ညှိနှိုင်းလက်တွဲပြီးတော့ သွားမယ်လို့ မူဝါဒချထားပါတယ်။” အမျိုးသမီးပါတီ (မွန်) ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီးပါတီဖြစ်ပြီး တခြားတိုင်းရင်းသားဒေသက အမျိုးသမီးတွေက ကမ်းလှမ်းလာမယ်ဆိုရင်လည်း တိုးချဲ့ ဖွဲ့စည်းသွားမယ်လို့ မိသန်းရှင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024