Home
ဆောင်းပါး
ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေး (ဆောင်းပါး)
DVB
·
June 18, 2015
စစ်အစိုးရခေတ်က ရခိုင်ပြည်နယ်မှ ရွှေပိဿာချိန် အတော်များသော ရွှေဆင်းတုတော်တဆူကို စစ်အစိုးရ ဝန်ကြီးတဦးက ရှေးဟောင်းသုတေသနဌာနတွင် ထားရှိရန်ဟုဆိုကာ ထိုရွှေဆင်းတုတော်ထားရှိရာ ဘုန်းကြီးကျောင်းမှ ယူသွားသည့်အတွက် ရခိုင်ပြည်သူများက ဆန္ဒပြကြသည်အထိ ပြဿနာ ဖြစ်သွားခဲ့သည်။ မိမိတို့ ပြည်နယ်မှ ရှေးဟောင်းပစ္စည်းဖြစ်သလို မိမိတို့ ကျောင်းတိုက်မှ ဆင်းတုတော်ဖြစ်၍ မူလနေရာ ပြန်ထားရှိရန် တောင်းဆိုခဲ့ကြလေသည်။ နောက်ဆုံး၌ ထိုရှေးဟောင်းဆင်းတုတော်ကို မူလဘုန်းကြီးကျောင်းသို့ပင် ပြန်ထားခဲ့ရသည်။ ယူဆောင်သွားသူက ရှေးဟောင်းပစ္စည်းများကို ပြည်ထောင်စုအစိုးရ၏ ပြတိုက်ထဲထားခြင်းက ပိုမိုလုံခြုံပြီး ပိုမိုထိန်းသိမ်းနိုင်စွမ်းရှိသည်ဟု ယူဆ၍လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း စစ်အာဏာရှင် အဆက်ဆက် လူမျိုးကြီးဝါဒကို ကျင့်သုံးကာ တိုင်းရင်းသားလူမျိုးများကို ဖိနှိပ်ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများမှာ ယုံကြည်မှုမရှိတော့ဘဲ မိမိတို့ပစ္စည်း မိမိတို့ဒေသတွင် ထားရန် မကျေမနပ်ဖြင့် တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။ မကြာသေးခင်ကလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ရေနံချောင်းသို့ ရောက်ရှိလာကာ ရေနံချောင်း အ.ထ.က (၁) ၌ ထားရှိသော ဗိုလ်ချုပ်အောင်ဆန်းလက်ရေးဖြင့် ရေးထားသော မှတ်စုတအုပ်ကို မပျောက်ပျက်ရန် နေပြည်တော်တွင် ထားရှိမည်ဟုဆိုကာ ယူသွားခဲ့လေသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ဆရာတော် အရှင်ဆန္ဒာဓိကက ရေနံချောင်း အမှတ် (၁) အထက်တန်းကျောင်းသို့ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူဖြင့် ရေးသားသော ပါဠိမှတ်စုစာအုပ်ကို ပြန်မပေးလျှင် ဆန္ဒပြမည်ဟု ကြေညာလိုက်ပါသည်။ ဦးခင်အောင်မြင့်က ထိုလက်ရေးမူစာအုပ်ကို ယူသွားခြင်းမှာ နေပြည်တော်ရှိ ပြတိုက်တွင် နှစ်ပေါင်းများစွာခံအောင် သိမ်းဆည်းထားချင်သော ဆန္ဒလည်း ရှိချင်ရှိပါလိမ့်မည်။ သို့သော် လူထုက သူတို့ဒေသတွင်ပင် ထားလိုကြ၏။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ က အဖြစ်များကြောင့် မယုံကြည်ကြခြင်းလည်းဖြစ်သည်။ တချို့မှာလည်း မှန်နိုင်သည်။ တချို့မှာလည်း ချဲ့ကားနိုင်ပါသည်။ ထိုသို့ ယူဆောင်သွားမှုများမှာ သတင်းများ ထွက်ခဲ့ပါသည်။ ထိုသို့ ကိစ္စများမှာ ပထမဆုံး အာဏာရှင်ကြီးလက်ထက်တွင် အများဆုံးဖြစ်၏။ ဥပမာ- ရန်ကုန်မြို့ ဖိုးစိန်လမ်းမှ ညီအစ်မ ၂ ယောက် အသတ်ခံရမှုတွင် သက်သေအဖြစ် သိမ်းဆည်းထားသော စိန်ထုပ်ကြီးတထုပ်ရှိ၏။ ထိုစိန်ထုပ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းလိုက်ကြောင်းလည်း သတင်းစာထဲ ပါလေသည်။ သို့သော် ထိုစိန်ထုပ်ကြီးကို အာဏာရှင်ကြီး၏ ဇနီးက ကြည့်လိုသည်ဟုဆိုကာ တောင်းယူပြီး ပြန်မပေးတော့ပေ။ ရဲစခန်းကလည်း မတောင်းရဲဘဲ အမှုပိတ်လိုက်ရလေသည်။ ကျောက်မျက်ရတနာပြပွဲတိုင်း ကတော်များက သူတို့ကြိုက်ရာကို လက်ညှိုးထိုး ယူသွားတတ်သည်ဟု ကောလာဟလ သတင်းများလည်း ကြားရပါသည်။ မှန်သည်မမှန်သည်ထား။ ထိုသို့ သတင်းများ ထွက်သည်မှာ ကောင်းသောအရာ မဟုတ်ပေ။ ထိုသို့ ပျောက်ဆုံးသွားသော ပစ္စည်းများ အကြောင်းကို တချိန်ချိန်တွင် အဖြစ်မှန် ဖော်ထုတ်နိုင်လျှင်ကား အကောင်းဆုံးဖြစ်ပါသည်။ ရှေးဟောင်းပစ္စည်းများနှင့်အတူ ရှေးဟောင်းအဆောက်အဦများ၊ ကိုလိုနီခေတ် အဆောက်အဦးများကို ထိန်းသိမ်းရေး ပြဿနာလည်း ပေါ်လာခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်သည် သမိုင်းတင်သည့် အစောဆုံးကာလဖြစ်၏။ ကျောက်စာများ၊ မှတ်တမ်းမှတ်ရာများကြောင့် သမိုင်းတွင် အခိုင်အမာဖြစ်ခဲ့သော ဘုရင်များအကြောင်းနှင့် သိသာသည်မှာ ဘုရားများဖြစ်သည်။ နှစ်ပေါင်း ၁ဝဝဝ ကျော် ဝင့်ကြွားခဲ့သော ပုဂံဘုရားများမှာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာနှင့် ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်အဖြစ် ထင်ရှားခဲ့သော သမိုင်းအမွေများဖြစ်၏။ ထိုပုဂံခေတ် ရှေးလက်ရာများကို ယူနက်စကိုက ထိန်းသိမ်းဖို့ ယခင်စစ်အစိုးရကို ကမ်းလှမ်းခဲ့သည်ဟု ကြားဖူး၏။ ကမ္ဘာ့ကုလသမဂ္ဂ ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့လည်း ဖြစ်သည်။ ယူနက်စကိုသည် ကမ္ဘာပေါ်ရှိ ရှေးဟောင်းအမွေအနှစ် မှန်သမျှကို မပျောက်မပျက်အောင် ထိန်းသိမ်းသော အဖွဲ့ကြီးလည်း ဖြစ်သည်။ ကမ္ဘောဒီးယားမှ အန်ကောဝပ်ဘုရားကျောင်းဆိုလျှင် ယူနက်စကို၏ ထိန်းသိမ်းမှုအောက်၌ ရှေးဟောင်းလက်ရာမပျက် တည်ရှိလေသည်။ အင်ဒိုနီးရှားမှ ဗုဒ္ဓဘာသာနှင့် ဆိုင်သော ရှေးအမွေအနှစ်များကိုလည်း ယူနက်စကိုက ထိန်းသိမ်းပေးသလို တရုတ်ပြည်မှ မဟာတံတိုင်းကြီးကိုလည်း ယူနက်စကိုက အတတ်နိုင်ဆုံး ထိန်းသိမ်းပေးလေသည်။ ပုဂံဘုရားပုထိုးများမှာ ပုဂံငလျင်ကြီး လှုပ်စဉ်က အတော်ပျက်စီးသွားခဲ့သည်။ ဗူးဘုရားဆိုလျှင် ဧရာဝတီ မြစ်ကြီးထဲသို့ပင် ပြိုဆင်းသွားခဲ့လေသည်။ ထိုပုဂံဘုရားများကို ပြိုလဲသွားသည့်အဆင့်နှင့် မူရင်းအနေအထား မရောက်သည့်တိုင် မူရင်းအနေအထားနီးပါးရရန် ယူနက်စကိုမှ ထိန်းသိမ်းမှုရလျှင် အလွန်ကောင်း၏။ သို့သော် စစ်အာဏာရှင်များသည် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုးက ဆန့်ကျင်သည့်ကြားက ဘုရားများကို ထီးတင်သည်မျိုး၊ အသစ်နီးပါး ပြန်ပြင်သည်အထိ မွမ်းမံပစ်လိုက်လေသည်။ ထို့ပြင် ပုဂံ၏ အလှအပကို ဖျက်ဆီးသော မျှော်စင်လို အဆောက်အဦကို ဆောက်လိုဆောက်နှင့် ယဉ်ကျေးမှု မူလလက်ရာကို ပျက်ယွင်းအောင် လုပ်လိုက်သဖြင့် ယူနက်စကိုက မထိန်းသိမ်းတော့ပေ။ စစ်အာဏာရှင်များသည် ထိုကဲ့သို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးတွင် ဗဟုသုတ အသိပညာနည်းသော လုပ်ရပ်များကို လုပ်တတ်ကြပါသည်။ ယခုအခါ ရန်ကုန်မြို့တွင် ကိုလိုနီအဆောက်အဦပေါင်း ၁၆ဝ လောက်ရှိသည်ဟု အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့တဖွဲ့က ရှင်းပြသည်ကို ဖတ်ရ၏။ ထိုအခါ သမိုင်းဝင် ဂျူဗလီဟောကို သတိရမိသည်။ ယခင်က အခမ်းအနားများ ပြုလုပ်ရာမှာ ဂျူဗလီဟောကြီးတွင်ပင် ဖြစ်၏။ ထို ဂျူဗလီဟောကြီးကို မြန်မာနိုင်ငံ၏ ပထမဆုံး အာဏာရှင်ကြီးက ဖြိုချလိုက်ကာ စစ်သမိုင်းပြတိုက် လုပ်လိုက်လေသည်။ စစ်အာဏာရှင်များသည် သမိုင်းဝင်မှုကို လက်မခံပေ။ သမိုင်းကို ဖျောက်ဖျက်ပစ်တတ်ကြသည်။ သမိုင်းတွင် ကျောင်းသားသမဂ္ဂ အဆောက်အဦအား ဖြိုချပစ်ခဲ့သည်ကိုပင် ကြည့်ပါ။ မည်မျှ ယုတ်မာရက်စက်ပြီး အသိဉာဏ်ခေါင်းပါးလိုက်ပါသလဲ။ ထိုကဲ့သို့ပင် နောက်ဆက်ခံသော စစ်အာဏာရှင်များကလည်း ပုဂံကို မိမိတို့စိတ်ကြိုက် ဖျက်ဆီးပစ်ခဲ့ကြလေသည်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းသည်မှာ ဗဟိုပုံနှိပ်တိုက်ဟုခေါ်သော သိမ်ဖြူလမ်းပေါ်ရှိ အစိုးရ ပုံနှိပ်တိုက်နေရာနှင့် ကိုလိုနီခေတ်က အတွင်းဝန်ရုံးဟုခေါ်သော နေရာမှာ စစ်အစိုးရခေတ်က ဝန်ကြီးများရုံးနေရာ ဖြစ်လာသည်။ ထိုနေရာတွင် လွှတ်တော်လည်းရှိ၏။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရသည်မှာလည်း ထိုအတွင်းဝန်ရုံးတွင်ပင်ဖြစ်သည်။ အစိုးရက စင်ကာပူကုမ္ပဏီတခုနှင့် ထိုနေရာများကို စီးပွားရေးလုပ်ငန်းလုပ်ဖို့ အထူးသဖြင့် ဟိုတယ်ဆောက်ဖို့ စီစဉ်သည်ဟု ကြားရသည်။ ထိုအခါ စင်ကာပူနိုင်ငံကို ထူထောင်သော ဝါရင့်ခေါင်းဆောင်ကြီး လီကွမ်ယူက စင်ကာပူကုမ္ပဏီများကို ခေါ်ယူကာ “မြန်မာနိုင်ငံမှာ ဗြိတိသျှခေတ်က ရှေးဟောင်းအဆောက်အဦတွေ အများကြီးရှိတယ်။ အာရှတိုက်မှာ ကိုလိုနီိခေတ် အဆောက်အဦတွေ အတော်များများရှိတဲ့ နိုင်ငံတွေထဲက တနိုင်ငံပေါ့။ ဒါတွေကို ဝိုင်းထိန်းသိမ်းဖို့လိုတယ်။ အဲ့ဒီမှာက သမိုင်းဝင်နေရာတွေ ဖြစ်တယ်။ တကမ္ဘာလုံးကလည်း ကြည့်နိုင်တယ်။ ဒါကြောင့် မင်းတို့ အဲ့ဒါတွေကို ဖျက်ပြီး ဟိုတယ်ဆောက်တာတို့၊ ဘာတို့ မလုပ်သင့်ဘူး။ ဖြစ်နိုင်ရင် မင်းတို့ကပါ ဝိုင်းပြီး ကူညီထိန်းသိမ်းဖို့ လိုတာပေါ့။” ဟု ပြောခဲ့သည်ဟု ကြားဖူးပါသည်။ ရန်ကုန်မြို့၌ပင် ကိုလိုနီအဆောက်အဦ အတော်များများရှိသည်။ ကျနော်တို့ အမြဲ ထိတွေ့နေသော ဘားလမ်းထဲရှိ တရားရုံးချုပ် အဆောက်အဦ၊ ဝန်ကြီးများရုံး အဆောက်အဦး၊ ရိုးကုမ္ပဏီခေါ် နောင်လူဝင်မှု ကြီးကြပ်ရေးရုံး ဖြစ်လာသော အဆောက်အဦများမှာ ကိုလိုနီခေတ်က အဆောက်အဦများဖြစ်သည်။ ကမ်းနားလမ်းက ကမ်းနားဟိုတယ်ဆိုလျှင်လည်း နှစ်ပေါင်းရာချီရှိနေသော အဆောက်အဦကြီး ဖြစ်ပါသည်။ ထိုရှေးဟောင်းတန်ဖိုးကို မသိသူများက ဟောင်းလာသည်ကိုဖျက်၊ အသစ်ပြန်ဆောက်ဖို့သာ စဉ်းစားကြသည်။ ထိုရှေးဟောင်း အဆောက်အဦတို့၏ သမိုင်းတန်ဖိုးကို နားမလည်ကြပေ။ နိုင်ငံတကာတွင်လည်း ထိုကဲ့သို့ အဖြစ်မျိုးများရှိ၏။ ဥပမာ -  ဆိုဗီယက်ယူနီယံ ပြိုကွဲသွားကာ ဆိုဗီယက် ဆန့်ကျင်ရေး၊ ကွန်မြူနစ် ဆန့်ကျင်ရေး၊ လစ်ဘရယ် ဒီမိုကရက်တစ်များ လွှမ်းမိုးလိုက်သည့်အခါတွင် ရုရှားနိုင်ငံ၏ ပထမဆုံး သမ္မတ ဘောရစ်ယဲ့ဆင် လက်ထက်၌လည်း ထိုကဲ့သို့ သမိုင်းဝင်တန်ဖိုးရှိမှုများကို ဖျက်ပစ်ဖို့ ကြိုးစားခဲ့ပါသည်။ ဂိုဏ်းဂဏစွဲ၊ နိုင်ငံရေး အာဃာတစွဲဖြင့် ပေါ်ပြူလာဖြစ်လိုသော နိုင်ငံရေးသမား ယဲ့ဆင်သည် ကရင်မလင်နန်းတော်ရှေ့ ထားရှိသော လီနင်ဂူကို ဖျက်ဆီးဖို့ ကြိုးစားခဲ့သည်။ နှစ်ပေါင်း ၇ဝ ကျော် ထားရှိခဲ့သည့် ဆေးစိမ်ထားသော လီနင်၏ ရုပ်ကလာပ်ကို မှန်ခေါင်းဖြင့် ထားရှိရာဂူဖြစ်သည်။ ယခင်က စတာလင်၏ ရုပ်ကလပ်လည်း ထားရှိသည်။ သို့သော် ဝန်ကြီးချုပ် ခရူးရှော့ တက်လာသောအခါတွင် ဖယ်ရှားလိုက်လေသည်။ လီနင်မှာမူ ဆိုဗီယက်ယူနီယံကို တည်ထောင်ခဲ့သူဖြစ်သလို ရက်စက်လှသော ဇာဘုရင်စနစ်မှ ရုရှားပြည်သူများကို ကယ်တင်ခဲ့သူ ဖြစ်သောကြောင့် လီနင်ကွယ်လွန်သွားသောအခါ ကရင်မလင် နန်းတော်ရှေ့တွင် ဂူဗိမာန်ဖြင့် ထားရှိခဲ့လေသည်။ ကမ္ဘာလှည့်ခရီးသည်များသည် မော်စကိုမြို့တော်ကိုရောက်တိုင်း ထိုနေရာကို ဝင်ကြည့်ကြ၏။ ဝင်ကြည့်ခလည်း ပေးရသည်ထင်ပါသည်။ ထို့ကြောင့် ကမ္ဘာလှည့် ခရီးသည်များကို စည်းရုံးနိုင်သောနေရာလည်း ဖြစ်လေသည်။ အနိမ့်ဆုံး တိုင်းပြည်၏ ဘဏ္ဍာရေးအတွက် စဉ်းစားမည်ဆိုလျှင် ဂူများကို ဖယ်ရှားပစ်ဖို့၊ ဖက်ဆစ်အမွေ၊ နယ်ချဲ့အမွေ၊ ကွန်မြူနစ်အမွေဟု မသတ်မှတ်ဘဲ တိုင်းပြည်အတွက် အကျိုးရှိမည်ဆိုလျှင် မည်သည့်ရုပ်တု၊ မည်သည့်အဆောက်အဦမဆို ထားရှိရန် လိုအပ်လေသည်။ ထို့ကြောင့် ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းဖို့၊ ရှေးဟောင်းအဆောက်အဦများကို ထိန်းသိမ်းကာကွယ်ဖို့ အမျိုးသားယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံသားတိုင်းတွင် တာဝန်ရှိလေသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024