DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားများကို ထပ်မံရုံးထုတ်
DVB
·
June 16, 2015
ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားများကို ထပ်မံရုံးထုတ်
1 / 4
Donate to DVB

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၇၀ လောက်ကို ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ သာယာဝတီ ခရိုင်တရားရုံးမှာ ၆ ကြိမ်မြောက် ထပ်မံရုံးထုတ် စစ်ဆေးပါတယ်။

ဒီကနေ့တရားရုံးမှာ အာမခံရထားတဲ့ ကျောင်းသား ၁၁ ယောက်နဲ့ ကလေး တရားရုံးမှာရဲမှူး ဘုန်းမြင့်ကို စစ်ဆေးခဲ့တယ်လို့ ကျောင်းသားတွေဘက်က လိုက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

“အာမခံရထားတဲ့ ၁၁ ယောက်အမှုရှိတယ်။ အဲဒီအမှုကတော့ ရဲမှူးဘုန်းမြင့်ကို ဆက်ပြီးတော့ စစ်နေတယ်။ နောက် ကလေးသူငယ်တရားရုံးအမှုက သူ့ဘာသာသူ ဆက်စစ်တယ်။ ကလေးသူငယ်တရားရုံး ၂ ယောက်ကတော့ ဆက်စစ်တယ်။”

ဒါ့အပြင် မြို့နယ်တရားရုံးက အာမခံ ပယ်ချခဲ့တဲ့ ကိုသန်းဆွေ(ခေါ်) ကိုဆွေ၊ မောင်ရဲဝင်းအောင် (နတ္တလင်း)၊ မောင်မင်းချစ်သူ၊ မောင်ဝေယံမင်းလွင်၊ မောင်မင်းသူရှိန်၊ မောင်မြတ်မင်းမော်၊ မောင်ကျော်ဇော်ခန့် နဲ့ မောင်ငြိမ်းကျော်သူတို့ ၈ ဦးရဲ့ အာမခံကို ခရိုင်တရားရုံးကို တင်ရာမှာ လက်ခံထားပြီး လာမယ့် ၂၃ ရက်နေ့မှာ လျှောက်လှဲချက်ပေးရမယ်လို့ ပြောပါတယ်။

အာမခံလျှောက်သူ ၈ ဦးထဲက မောင်ငြိမ်းကျော်သူဟာ ၀န်းရံပြည်သူဖြစ်ပြီး သူ့ရဲ့ကျန်းမာရေးအရ အာမခံလျှောက်တာဖြစ်တယ်တဲ့အကြောင်းနဲ့ ကျန် ၇ ဦးက တော့ ပြည်တက္ကသိုလ်က အဝေးသင်ကျောင်းသား တွေဖြစ်တယ်လို့လည်း ဦးလှမျိုးမြင့်က ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၉ ရက်နေ့ ရုံးထုတ်လာရာမှာ သွေးအန်ပြီး ရန်ကုန်ဆေးရုံမှာ ပို့ဆောင်ကုသရတဲ့ ၀န်းရံပြည်သူတဦးဖြစ်တဲ့ ကိုခင်လှိုင် အတွက်လည်း မြို့နယ်တရားရုံးမှာ အာမခံလျှောက်ထားပြီး ဒီကနေ့မှာ မြို့နယ် အမှုတွဲမရှိတဲ့အတွက် လျှောက်လွှာကို လက်ခံထားတယ်လို့ ဆိုပါတယ်။

ထောင်တွင်းမှာတော့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဆိုးရွားရွားမရှိပဲ ဗိုက်နာ၊ ခေါင်းကိုက်စတဲ့ ဝေဒနာခံစားနေရသူ တချို့ရှိတယ်လို့ တရားရုံးကို သွားရောက်ခဲ့တဲ့ ကျောင်းသား မိဘတွေက ပြောပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရရှိထားတဲ့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို တော့ သူ့ဖခင် ဒေါက်တာနေ၀င်းက သမီးကိုယ်စားလက်ခံရယူထားတဲ့ ဆုကို တရားရုံးမှာ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သာယာဝတီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရပါတယ်။

သာယာဝတီထောင်မှာတော့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည် သူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013