DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများ ထောင်တွင်း၌ ကျန်းမာရေးချို့ငဲ့
DVB
·
June 11, 2015
သပိတ်မှောက်ကျောင်းသားများ ထောင်တွင်း၌  ကျန်းမာရေးချို့ငဲ့
Donate to DVB

ပဲခူးတိုင်း သာယာဝတီထောင်အတွင်း ကျန်းမာရေးချို့တဲ့နေတဲ့ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ကောင်းမွန်လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ဆေးရုံတက် ကုသခွင့်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အစိုးရနဲ့ ထောင်အာဏာပိုင်တွေကို တောင်းဆိုပါတယ်။

ဒီကျန်းမာရေးချို့ယွင်းမှုတွေဟာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းစဉ်နဲ့ ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ရဲတပ်ဖွဲ့ရဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့်ဖြစ်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှု မပေးတာဟာ လူ့ဂုဏ်သိက္ခာမဲ့တဲ့ အစိုးရတရပ်ရဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ လက်ရှိအစိုးရက အကျိုးဆက်ကို တာဝန်ယူရမှာဖြစ်ကြောင်း ဒီကနေ့ထုတ်ကြေညာချက်မှာ ဖော်ပြပါတယ်။

တောင်တွင်းရှိ သပိတ်ဝန်းရံပြည်သူ ကိုတင်ဝင်းက ဦးနှောက်နဲ့အာရုံကြောခွဲစိတ်မှု၊ ၀န်းရံပြည်သူ ကိုခင်လှိုင် က အစာအိမ်ပေါက်ပြဲအတွင်းဒဏ်ရာ၊ ကျောင်းသားခေါင်းဆောင်မင်းသွေး သစ်အပါ အ၀င် ကျောင်သားကျောင်းသူနဲ့ ၀န်းရံပြည်သူအချို့ ရင်ဘတ်အောင့်ဝေဒနာနဲ့ အစာအိမ်ရောဂါ ဖြစ်သလို မူးလဲကျတဲ့ အခြေအနေဖြစ်တဲ့အပေါ် အထူးစိုးရိမ်မကင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကိုမင်းသွေးသစ်ကို ဒီကနေ့ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ကိုမင်းသွေးသစ်အမေ ဒေါ်ခင်ခင်ယုက ကိုမင်းသွေးသစ်ဟာ ဖမ်းဆီးစဉ်ရိုက်နှက်ခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့် လက်သန်းနဲ့ လက်သူကြွယ် ကောက်နေတယ်လို့ ပြောပါတယ်။

“သူ့ကို ရိုက်ထားတဲ့လက်ကနေ ကောက်နေတယ်လေ။ လက်သန်းနဲ့ လက်သူကြွယ်ပေါ့နော်။ ကျန်တဲ့ကျန်းမာရေးကတော့ သိပ်ပြီးတော့ ထူးထူးခြားခြား မဖြစ်ဘူးပေါ့နော်။ အဲဒီထဲမှာ ဖျားနေတဲ့ ကလေးတွေကတော့ ရှိတယ်။ သော်ဇင်ရယ်၊ ထိန်လင်းအောင်ရယ်ကလေ။ သူတို့က တ်ေတော်နေမကောင်းနေတာတဲ့။ ပြီးတော့ မိန်းကလေးတွေဖက်က အာရုံကြောရောဂါရှိတဲ့ ခိုင်မာငြိမ်းဆိုတဲ့ ကလေးမလေးကလည်းပဲ အန်နေတယ်ပေါ့။ ဟိုရက်တွေကတည်းက။ ”

ဒါ့အပြင် ကျောင်းသားတချို့ကလည်း ရိုက်နှက်ခံထားရတဲ့ ဝေဒနာတွေကြောင့် ညိုမဲ ဒဏ်ရာတွေရှိနေပြီး ထောင်တွင်းဆရာဝန်ကို ပြသရာမှာလည်း ထူးခြားမှုမရှိတဲ့အတွက် အပြင်မှာ ဆေးကုသဖို့ လိုအပ်တယ်လို့ ဒေါ်ခင်ခင်ယုက ပြောပါတယ်။

ကျောင်းသားတွေရဲ့ အမှုလိုက်ရှေ့နေ ဒေါ်ခင်မိုးမိုးကလည်း သာယာဝတီ ထောင်တွင်းမှာ ကျောင်းသားကျောင်းသူ ၂၀ လောက်ဟာ ရိုက်နှက်မှု ဒဏ်ရာတွေကြောင့် ကျန်းမာရေး ဆိုးဝါးနေတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ကလေးမလေးတယောက်က သူ့မိတ်ဆွေနဲ့ သွားတွေ့တယ်။ သူသွားတွေ့တဲ့ သူ့မိတ်ဆွေကတော့ မင်းသွေးသစ်ဆိုရင် လက်လေး တချောင်းဆန့်လို့ မရတော့ဘူး ကောက်နေ ပြီပေါ့။ လက်ငါးချောင်းလုံး မဟုတ်ဘူးနော်။ အဲဒီထဲက တချောင်းပေါ့။  နောက်တခါ အထဲမှာ လူ ၂၀ လောက်ကလည်း အညိုအမဲကွက်တွေ တဖြည်းဖြည်းပိုပိုများပြီးတော့ ဒဏ်တွေ ပေါ်လာ တယ်ပေါ့။ ဆရာဝန်ကို မပြဘူးလားဆိုတော့ သူတို့က ထောင်ဆရာဝန်က ပြလိုက်ရင် ဘာမှ မဟုတ်ပါဘူးဆိုပြီးတော့ အကိုက်အခဲပျောက်ဆေးလောက်ပဲ ပေးတယ်ပေါ့။ အဲဒါကြောင့် ထောင်ဆရာဝန်တွေကို မပြောချင် မပြချင်ကြဘူးပေါ့။ သာယာဝတီထောင်ဆေးရုံကို ထွက်ဖို့ တောင်းပါလာဆိုတော့လည်း သာယာဝတီထောင်ဆေးရုံကလည်း အဲဒီလိုပဲ ဘာမှမထူးဘူးပေါ့။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြား သူတို့ ဘာမှမလုပ်ပေးတဲ့အတွက်ကြောင့် မပြချင်တဲ့လူများတယ်လို့ ပြောတယ်။”

ဒါ့အပြင် ရုံးထုတ်တဲ့နေ့မှာလည်း မိဘတွေကို စိတ်မဆင်းရဲစေချင်တဲ့အတွက် ခံစားရတဲ့ဝေဒနာ ကို ထုတ်မပြောကြဘူးလို့လည်း ထောင်ဝင်စာသွားတွေ့သူက ပြောဆိုကြောင်းလည်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) ကလည်း အကျဉ်းထောင် တွေအတွင်း ထိန်းသိမ်းထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး အကျဉ်းသား တွေရဲ့  ကျန်းမာရေးအခြေအနေဟာ ယခုလပိုင်းအတွင်း သိသိသာသာ ဆိုးရွားလာတယ်လို့ ထုတ်ပြန်ခဲ့ ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအား ပြည့်ပြည့်၀၀ ပြုစုစောင့်ရှောက်ပေး ရန်၊ အကျဉ်းထောင်များတွင်း ကျန်းမာရေး စောင့်ရှောက်မှုကို အစိုးရအာဏာပိုင် အဆင့်ဆင့် အနေဖြင့် တာဝန်ရှိသည့်အတိုင်း အထူးဂရုပြု ဆောင်ရွက်ပေးရန်နဲ့  နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့်လည်း မြန်မာအစိုးရအား အလားတူ တောင်းဆိုပေးရန် တိုက်တွန်းထားပါတယ်။

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းက ကျောင်းသားကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို  ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးရိုက်နှက်ဖြိုခွင်းဖမ်းဆီးပြီး ထောင်တွင်းချုပ်နှောင့် တရားစွဲဆိုထား တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013