ယန်စီမြစ်ထဲ တိမ်းမှောက်သင်္ဘောမှ ပျောက်ဆုံးသူ ၄၀၀ ကျော်ကို ဆက်လက်ရှာဖွေ

1.8K
ယန်စီမြစ်ထဲမှာ တိမ်းမှောက်သွားခဲ့တဲ့ သင်္ဘောမှာ ပိတ်မိနေသူ ၄၀၀ ကျော်ကို ရှာဖွေကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်လက်ကြိုးပမ်းနေပါတယ်။
ရေငုပ်ကျွမ်းကျင်သူ ၂၀၀ ကျော်ဟာလည်း ရေအောက် ကင်မရာတွေအပါအ၀င် ခေတ်မီ ကယ်ဆယ်ရေးကို အသုံးပြုပြီး ကယ်တင်ဖို့ ကြိုးစားနေပါတယ်။ ဇွန် ၁ ရက်နေ့ ညဦးပိုင်းမှာ နစ်မြုပ်သွားတဲ့ သင်္ဘောမှာ လူပေါင်း ၄၅၆ ယောက် လိုက်ပါသွားခဲ့တာဖြစ်လို့ လူ ၄၂၀ ကျော်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ဆေးဝန်ထမ်း ၁၀၀ ကျော်၊ တရုတ်ရေတပ်က တပ်သားတွေနဲ့ မီးသတ်သမားတွေ အပါအ၀င် လူ ၄၀၀၀၊ ကယ်ဆယ်ရေးလှေ ၁၁၀ ကျော် ပါဝင်နေပါတယ်။
တရုတ်ပြည်မှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီမြစ်ကြောင်းတလျှောက် အပန်းဖြေခရီး ထွက်တဲ့ Eastern Star သင်္ဘောပေါ်မှာ ခရီးသည် ၄၀၅ ယောက်၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းက ၀န်ထမ်း ၅ ယောက်နဲ့ သင်္ဘောဝန်ထမ်း ၄၆ ယောက် လိုက်ပါခဲ့တာ ဖြစ်ပါတယ်။
အများစုက အသက် ၅၀ ကနေ ၇၀ ကြားဖြစ်ပြီး အငယ်ဆုံး အသက် ၃ နှစ်အရွယ်ကနေ အကြီးဆုံး ၈၀ ကျော်တွေအထိ ပါသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်၊
သင်္ဘောကပ္ပတိန်ရဲ့ ပြောဆိုချက်အရ သင်္ဘောဟာ မုန်တိုင်းမိပြီး ၂ မိနစ်အတွင်းမှာ တိမ်းမှောက် သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီသဘောင်္ာနစ်မြှုပ်မှုဟာ ယန်စီမြစ်ကြောင်းအတွက်သာမက၊ တရုတ်ပြည်တခုလုံး အတွက်ပါ နှစ်ပေါင်း ၇၀ အတွင်း လမ်းပမ်းသွားလာရေးမှာ အသေအပျောက်အများဆုံး မတော်တဆမှု ဖြစ်လာဖွယ် ရှိပါတယ်။