DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ကို ပြည်ပရန်သူအဖြစ် မဆက်ဆံသင့်ဟု ယူအန်အက်ဖ်စီပြော
DVB
·
June 3, 2015
ကိုးကန့်ကို ပြည်ပရန်သူအဖြစ် မဆက်ဆံသင့်ဟု ယူအန်အက်ဖ်စီပြော
1 / 10
Donate to DVB

အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်အဖွဲ့ကို ပြည်ပရန်သူလို မဆက်ဆံသင့်ဘူးလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေး ဒုတိယနေ့အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာပါ။

အလှည့်ကျသဘာပတိအဖြစ် တာဝန်ယူတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လက “တအာင်းအဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့ဟာ ယူအန်အက်ဖ်စီ နဲ့ အန်စီစီတီ အဖွဲ့ဝင်တွေဖြစ်ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုတဲ့ စကားရပ်နဲ့အညီ ရပ်စဲရေးလက်မှတ်ထိုးရာမှာ သူတို့လည်း ပါဝင်သင့်တယ်လို့ ယူဆပါတယ်။ အဖွဲ့ဝင်အားလုံး ပါဝင်လက်မှတ်ထိုးရေးမှုကို ဆက်လက်ဆွဲကိုင်သွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) တို့ ပူးတွဲရေးဆွဲခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူချက် (မူကြမ်း) နဲ့ပတ်သက်လို့ တဖွဲ့ချင်းစီရဲ့ သဘောထားတွေကို တင်သွင်းရှင်းလင်းတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အစည်းအဝေးကို လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် တပ်တွေက ကိုယ်စားလှယ်တွေအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ပေါင်းစုံ တက်ရောက်ကြပြီး ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ တရုတ်သံတမန်တို့ အပါအ၀င် လေ့ရေးအဖွဲ့ (၈) လည်း တက်ရောက်နေပါတယ်။

အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ကိုယ်စားလှယ် ဦးဖုန်းဝင်းနိုင်က ”ကျနော်တို့ကတော့ အရမ်းမျှော်လင့်နေတယ်၊ အပစ်ရပ်စဲရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ်၊ ကျနော်တို့က စကားပြောချင်တယ်။ စကားပြောချင်တဲ့ အချိန်မှာကြတော့ အစိုးရက ကျနော်တို့ကို ပြန်လှည့်မကြည့်ဘူးဆိုတော့ ကျနော်တို့လည်း စိတ်နာပါတယ်” လို့ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

အစိုးရဘက်ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) ကို လက်မှတ်ထိုးတဲ့အခါ အန်စီစီတီ အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်း (ပလောင်) တပ်မတော်၊ ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ကို အစိုးရဘက်က ထည့်သွင်း လက်မှတ်ရေးထိုးရေးကို မလိုလားပဲ တိုင်းရင်းသားတွေကတော့ ဘယ်အဖွဲ့ကိုမှ မချန်ဘဲ လက်မှတ်ထိုးလိုကြောင်း အသီးသီးထုတ်ပြောထားတာတွေ ရှိပါတယ်။

[gallery ids="95733,95734,95735,95736,95737,95738,95739,95740,95741,95742"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013