ယန်ဇီမြစ် တိမ်းမှောက်သင်္ဘောမှ ကယ်ဆယ်ရရှိသည့် ၁၇ ဦးအနက် ၁၂ ဦး အသက်ရှင်

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံ ယန်ဇီမြစ်ထဲမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဇွန် ၁ ရက်ညက တိမ်းမှောက် နစ်မြုပ်သွားတဲ့ သင်္ဘောမှာ လိုက်ပါစီးနင်းသူ ခရီးသည် ၄၅၈ ယောက်ထဲက ၁၇ ယောက်ကို ကယ်ဆယ်ရထားပြီး အဲဒီအထဲမှာ အသက်ရှင်သူ ၁၂ ယောက်၊ သေဆုံးသူက ၅ ယောက်ဖြစ်တယ်လို့ ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ တရုတ်ဝန်ကြီးချုပ် လီကီချန်လည်း ဟူဘေးပြည်နယ်ကို ရောက်နေပြီး အခင်းဖြစ်နေရာကို သွားနေပါတယ်။ ဇွန် ၁ ရက်က မှောက်သွားတဲ့သင်္ဘောကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူ ၃၀၀၀ ကျော်နဲ့ သင်္ဘောအစီး ၁၅၀ ကျော် တာဝန်ပေးထားတယ်လို့ ဟူဘေးပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။ မှောက်နေတဲ့သင်္ဘောရဲ့ အောက်ခြေကို အထဲကနေ ခေါက်နေကြလို့ အသက်ရှင်တဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။ ဇွန် ၂ ရက် မနက်ပိုင်းထိ လူ ၁၃ ယောက်ကို ကယ်ဆယ်ထားပြီး အဲဒီအထဲက သင်္ဘောကပ္ပတိန်နဲ့ အင်ဂျင်နီယာချုပ်တို့လည်း အန္တရာယ် အခြေအနေကနေ လွတ်မြောက်လာကြပါပြီ။ စုံစမ်းတွေ့ရှိချက်တရပ်အရ သင်္ဘောဟာ ၀န်ပိုတင်ဆောင်ထားတာ မရှိတဲ့အပြင် အသက်ကယ်အင်္ကျီတွလည်း လုံလုံလောက်လောက် ပါရှိပြီး ကယ်ဆယ်ရရှိသူ အားလုံးဟာ အသက်ကယ်အင်္ကျီတွေ ၀တ်ဆင်ထားကြတယ်လို့ ခရီးသွားလာရေး ၀န်ကြီးဌာနက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းက ရာသီဥတု ဆိုးရွားမှုကြောင့် နှောင့်နှေးနေရပြီး ထိပ်တန်းဦးစားပေး လုပ်ရမှာကတော့ မှောက်နေတဲ့ ရေယာဉ်ကို ပြန်တည့်မတ်ဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သင်္ဘောဟာ ဇွန် ၁ ရက် ညပိုင်း ယန်ဇီမြစ်ရဲ့ ဟူဘေးပြည်နယ် ကျင်းလီဘက်အခြမ်းမှာ ဖြစ်သွားတာလို့ ယန်ဇီမြစ်ကြောင်းသွားလာရေး အုပ်ချုပ်မှုအဖွဲ့က ပြောပါတယ်။ ခရီးသည် ၄၀၆ ယောက်၊ သင်္ဘောဝန်ထမ်း ၄၇ ယောက်နဲ့ ခရီးသွားလာရေး အေဂျင်စီဝန်ထမ်း ၅ ယောက် လိုက်ပါလာတဲ့ သင်္ဘောဟာ တရုတ်နိုင်ငံ အရှေ့ဘက် ကျန်းစုပြည်နယ်ကနေ အနောက်တောင်ဘက်က ချုံချင်း အုပ်ချုပ်ရေးနယ်မြေအထိ ပြေးဆွဲနေတဲ့သင်္ဘော ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up