A d v e r t i s e m e n t With Us

မသန်စွမ်းတွေအားလုံး မဲပေးဖြစ်အောင်ပေးကြဖို့ တိုက်တွန်းပါတယ် – ဦးကျော်ကျော်

ဦးကျော်ကျော်
မသန်စွမ်းသူများ အကျုံးဝင် ရွေးကောက်ပွဲတရပ် ဖြစ်ပေါ်လာရေးနဲ့ မသန်စွမ်းသူများ လွယ်ကူ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မသန်စွမ်းအဖွဲ့အစည်းများ အစည်းအဝေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ နားမကြားအရင်းအမြစ်စင်တာနဲ့ ငြိမ်းအေး ရှေ့ဆောင်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်ကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မသန်စွမ်းသူများ အဆင်ပြေစွာ မဲပေးနိုင်ဖို့အတွက် ကော်မရှင်ဥက္ကဋ္ဌနဲ့ ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။ ဘာတွေများ ဆွေးနွေးခဲ့သလဲ။ “အဓိကတော့ မသန်စွမ်းတွေသာမက အားလုံး အဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ဖို့ကို ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအတွက် စံပြမဲရုံတချို့ကို ဖွင့်လှစ်ပြီး စံနမူနာအနေနဲ့ လုပ်ဖို့ကိုလည်း ဆွေးနွေးဖြစ်ပါတယ်။ မျက်မမြင်တွေအတွက် မဲလက်မှတ်တွေကို မျက်မမြင်လက်စမ်းစာတွေနဲ့ ထုတ်ပေးဖို့ကို ကော်မရှင်ဘက်က သဘောတူခဲ့ပါတယ်။ တနိုင်ငံလုံးအတွက်တော့ မလုပ်နိုင်သေးပေမယ့် ခုနကပြောခဲ့တဲ့ စံပြ မဲရုံတွေမှာ အသုံးပြုနိုင်အောင် လုပ်သွားမှာ ဖြစ်ပါတယ်။ စံပြမဲရုံတွေကို ရန်ကုန်၊ မန္တလေးနဲ့ အဆိုပြု မြို့နယ်အချို့တွေမှာ အရင်လုပ်ပြီး တဖြည်းဖြည်း တိုးချဲ့သွားမယ်လို့ ပြောပါတယ်။” မသန်စွမ်းအမျိုးအစား ၄ မျိုး သတ်မှတ်ထားတော့ ဒီအတွက် ကော်မရှင်က ဘာတွေ စီစဉ်ပေးထားလဲ။ ဥပမာပြောရရင် အကြားအာရုံမသန်စွမ်းသူတွေ မဲထည့်နိုင်ဖို့ပေါ့။ “နားမကြားတွေအတွက်က မဲရုံအတွင်း မဲပေးပုံအဆင့်ဆင့်ကို လက်သင်္ကေတ ဘာသာနဲ့ရော၊ ရုပ်ပုံတွေရယ်၊ စာသားတွေရယ် ပါမယ့် ပိုစတာတွေကို ထုတ်ပြီး အဆိုပါ စံပြမဲရုံတွေမှာ ကပ်ပေးဖို့ကိုလည်း ကျနော် တင်ပြခဲ့ပါတယ်။ ကိုယ်အင်္ဂါမသန်စွမ်းသူတွေ အတွက်ကတော့ အဆင်ပြေမယ့် မဲရုံဒီဇိုင်းကို တင်ပြခဲ့ပါတယ်။ ဥာဏ်ရည် မသန်စွမ်း ကိုယ်စားလှယ်က ခရီးလွန်နေလို့ အဲဒီနေ့ ဆွေးနွေးပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။” ရွေးကောက်ပွဲကော်မရှင်က မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံများ ရှိလား။ “ပြီးခဲ့တဲ့နှစ်တွေမှာ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျုဟာရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲအပါအ၀င် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အခမ်းအနားများမှာ မသန်စွမ်းအဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ အကြံပြုချက် တောင်းခံခြင်းနဲ့ အသိပေးခြင်း စတာတွေကို လုပ်ခဲ့ပါတယ်။ ဒါကြောင့် ကော်မရှင်အနေနဲ့ မသန်စွမ်းသူတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အတန်အသင့် ရှိပြီးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာလဲ ကော်မရှင်ဥက္ကဋ္ဌကြီးအပါအ၀င် ကော်မရှင်အဖွဲ့ဝင် တွေဟာ အလုပ်တွေများပြီး မအားလပ်တဲ့ကြားက မသန်စွမ်းအဖွဲ့အစည်းတွေကို အချိန်ပေး တွေ့ဆုံပြီး အကြံပြုချက်တွေကို အပြုသဘောနဲ့ လိုလိုလားလား ပြန်လည် ဆွေးနွေးပေးခဲ့ ပါတယ်။” မဲပေးနိုင်တဲ့ မသန်စွမ်းသူဦးရေ ဘယ်လောက် ရှိမလဲ။ “ပြောရခက်ပါတယ်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ထုတ်ပြန်တဲ့အခါမှာ မသန်စွမ်းသူ ဦးရေ စာရင်းထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကော်မရှင်အနေနဲ့ မဲစာရင်း ပြုစုတဲ့နေရာမှာ သန်စွမ်းသူ၊ မသန်စွမ်းသူရယ်လို့ ခွဲခြား ပြုစုထားတာမဟုတ်လို့ မဲပေးနိုင်မယ့် မသန်စွမ်း ဦးရေကို ဖော်ပြဖို့ မလွယ်ပါဘူး။” မသန်စွမ်းသူတွေ အဆင်ပြေစွာ မဲပေးနိုင်ဖို့ မသန်စွမ်းအဖွဲ့အစည်းတွေက မဲရုံတွေမှာ စောင့်ကြည့်လေ့လာသွားဖို့ ရှိလား။ “စံပြမဲရုံတွေမှာတော့ စောင့်ကြည့်လေ့လာမှုတွေ ရှိနိုင်ပါတယ်၊ အခြားသော မဲရုံတွေမှာ ကတော့ စောင့်ကြည့်မှု လုပ်မယ်၊ မလုပ်ဖူးဆိုတာကတော့ ခုချိန်မှာ ပြောဖို့ စောပါသေးတယ်။” နောက်ထပ် ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောပါ။ “ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့ မသန်စွမ်းအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်ကို တလေးတစား နားထောင်ပေးပြီး လုပ်ပေးနိုင်တဲ့ အတိုင်းအတာအတွင်း ဆောင်ရွက် ပေးသွားမယ်ဆိုတဲ့အတွက် အထူးပဲ ၀မ်းမြောက်မိပါတယ်။ ကျန်တဲ့ မသန်စွမ်းသူများ အနေနဲ့လည်း အသည်းကြားက မဲတပြားဆိုသလို မိမိ နှစ်သက်ရာကို ကိုယ်တိုင်ကိုယ်ကျ မဲပေးခြင်းအားဖြင့် ဒီမိုကရေစီနည်းကျ အစိုးရတရပ် ထွက်ပေါ်လာဖို့ မဲပေးဖြစ်အောင် ပေးဖို့ တိုက်တွန်းလိုပါတယ်။” မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းဦးရေ ၁၃ သိန်းခန့် ရှိတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up