စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် အစိုးရကို ၀ိုင်းဖိအားပေးဖို့ လိုတယ် – ရှေ့နေဦးအောင်ထူး

ကချင်ပြည်နယ် မိုင်ဂျာယန်ခရိုင် မိုင်ဂျာယန်မြို့မှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ဥပဒေ အကယ်ဒမီက တိုင်းရင်းသားလူငယ်တွေကို သင်တန်းသားသစ်တွေ ခေါ်ယူ နေပါတယ်။ တိုင်းရင်းသားလူငယ်တွေဟာ အနာဂတ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားဥပဒေများ ရေးဆွဲတဲ့ဖြစ်စဉ်ထဲမှာ လူထုရဲ့ကိုယ်စား၊ တိုင်းရင်းသားတွေ ကိုယ်စားအနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နိုင်တဲ့အရည်အချင်းရှိအောင် ပြုစုပျိုးထောင်နေတာ ဖြစ်တယ်လို့   ဖက်ဒရယ်ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။ လက်ရှိ အစိုးရ သွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်လို့ ဝေါဟာရ အရ လက်ခံလာပေမယ့်  အနှစ်သာရအရတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ပြီးတော့ အင်မတန်မှ တင်းကျပ်တဲ့ဗဟိုချုပ်ကိုင်မှုကို တောက်လျောက်ကျင့်သုံးသွားမယ့် တပြည်ထောင်စနစ်ကိုသာ သွားမယ့်လမ်းကြောင်း ဖြစ်နေတယ်လို့ သူက ဝေဖန်ပါတယ်။ ဖက်ဒရယ်ဥပဒေအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ ရှေ့နေကြီး ဦးအောင်ထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဖက်ဒရယ်ဥပဒေအကယ်ဒမီ ပေါ်ပေါက်လာပုံကို ပြောပြပါ။ ဘယ်သူတွေက ထူထောင်တာလဲ ရှင်းပြပေးပါ။ “အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ  အသွင်ကူးပြောင်းတဲ့အခါကျတော့ အဓိကပြသနာက တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်တဲ့အခွင့်အရေး၊ တန်းတူရေးအခွင့်အရေး ဆုံးရှုံးတာက အခြေခံပြသနာလို ဖြစ်တယ်။ တချိန်တည်းမှာ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ် စဖြစ်ကတည်းက စပြီးတော့ ဥပဒေရေးရာနဲ့ ပတ်သက်လာရင် မြန်မာအမျိုးသားတွေကပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့ကိစ္စက စပြီးတော့ တောက်လျောက် လက်ဝါးကြီးအုပ်လွှမ်းမိုးလာတယ်လို့ ယူဆချက်တွေ ရှိတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မကျေနပ်ချက်တွေ ရှိတယ်။ “ဒါကြောင့် ဥပဒေကြောင်းအရနဲ့ ကြည့်တော့ တိုင်းရင်သားတွေရဲ့ ရသင့်ရထိုက်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့ အထိ တိုင်းရင်းသားတွေကိုယ်တိုင်က ဦးဆောင်ပြီးတော့ ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားနိုင်ရေးဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်လို ဖြစ်လာတယ်။ တချိန်တည်းမှာ ပြန်ကြည့်တော့ ဥပဒေပညာရပ်တွေကို အဓိက သင်ကြားခွင့်ရတာက မြေပြန့်ဒေသမှာ ဖြစ်ပြီးတော့ မြန်မာလူမျိုးအများစုက ဖြစ်နေတယ်။ ဒါတပိုင်းဖြစ်တယ်။ နောက်တခါ ဒီဘက် ၁၉၆၂ ခုနှစ်က စပြီးတော့ ၈၈ ဒီဘက်ပိုင်းမှာ ပိုဆိုးလာတာက ဘာလဲဆိုတော့ ဥပဒေပညာသင်ကြားရေးကို ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိနဲ့ နှိမ့်ချပစ်တယ်။ “ဒီကနေ့ဆိုရင် ဥပဒေပညာသင်ကြားရေးဟာ တော်တော့်ကို အခြေအနေ ဆိုးဝါးသွားပြီ။ အဲဒီတော့ ဒါကို ပြောင်းပြန်လှန်ပြီးတော့မှ လူ့အခွင့်အရေးအခြေခံနဲ့ ဥပဒေစိုးမိုးရေး အခြေခံကနေ ငြိမ်းချမ်းလွတ်လပ်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ရန်အတွက် ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားလူငယ်တွေကို ဒီဥပဒေပညာ သင်ကြားခွင့် ရစေဖို့ ဖန်တီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖက်ဒရယ်ဥပဒေအကယ်ဒမီကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။” စတင်ထူထောင်သူတွေက ဦးအောင်ထူးအပါအ၀င် ဘယ်သူတွေလဲ။ “အဓိကကတော့ ကျနော်က ဦးဆောင်ပြီးတော့ Academic Board ဖွဲ့စည်းထားတယ်။ Academic Board မှာပါတဲ့ ပညာရှင်တွေကတော့ Dr. David Fisher၊ Stockholm University, ဆွီဒင်က နိုင်ငံတကာဥပဒေ ပါမောက္ခ ဖြစ်တယ်။   နောက်တယောက်ကတော့ Dr. Venkat Iyer ၊ အင်္ဂလန်က Law Commissioner and Barrister  ဖြစ်တယ်။ နောက်တယောက်က ပရော်ဖက်ဆာ Dr. Suzannah Linton  နိုင်ငံတကာ ဥပဒေပညာရှင် ဖြစ်တယ်။ Bangor University၊ ယူကေက ဖြစ်တယ်။ နောက်တယောက်ကတော့ the University of Hong Kong မှာ ဥပဒေဌာနပါမောက္ခအဖြစ် တာဝန်ယူခဲ့တဲ့ ပါမောက္ခ Simon Young ဖြစ်တယ်။ သူတို့နဲ့ ကျနော်နဲ့ ပေါင်းပြီးတော့မှ Academic Board ဖွဲ့စည်းထားတယ်။” ကျောင်းတည်ရှိရာနေရာ မိုင်ဂျားယန်က ဘယ်နေရာမှာ တည်ရှိလဲ။ အစိုးရဘက်က ထိန်းချုပ်လား၊ ကေအိုင်အိုဧရိယာလား။ “ကေအိုင်အိုက လွှမ်းမိုးအုပ်ချုပ်ထားတဲ့နေရာ ဖြစ်ပါတယ်။” အကယ်ဒမီမှာ ဘာသင်ရိုးတွေကို အဓိက ဦးစားပေးပြဋ္ဌာန်း  သင်ကြားပို့ ချပါသလဲ။ “အဓိကကတော့ နိုင်ငံတကာဥပဒေနဲ့ ပတ်သက်လာလို့ရှိရင်တော့ နိုင်ငံတကာ ဥပဒေ အခြေခံပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ ပါတယ်။ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားတဲ့ဥပဒေ ပါတယ်။ ဥပဒေစိုးမိုးရေးပါတယ်။ ဥပဒေသိပ္ပံပညာပါတယ်။ ဒါတွေက နိုင်ငံတကာနဲ့ ပတ်သက်တဲ့အပိုင်းတွေ ဖြစ်တယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဥပဒေပိုင်းတွေမှာ လူ့အဖွဲ့အစည်းတခုလုံးရဲ့အပြောင်းအလဲကို ဦးတည်တဲ့ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်နဲ့ ဖက်ဒရယ်ဥပဒေတွေ၊ Civil Society လို့ခေါ်တဲ့ လူထုအဓိက လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေးကို ပံ့ပိုးတဲ့ဥပဒေတွေ၊ နောက်တခါ State Law လို့ခေါ်တဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်မယ်ဆိုရင် သက်ဆိုင်ရာပြည်နယ်တွေမှာ ပြည်နယ်လွှတ်တော်တွေရှိတဲ့အပြင် ပြည်နယ်ဥပဒေတွေလည်း ရှိရမယ်။ အဲဒီ ပြည်နယ်ဥပဒေကို သီးခြားလေ့လာတဲ့ ဥပဒေ ရှိတယ်။ နောက်တခါ မြေယာဥပဒေ၊ မြန်မာနိုင်ငံမှာ အဓိက လူထုတရပ်လုံးကို ထိခိုက်ခံစားနေရတော့ မြေယာမူဝါဒနဲ့ မြေယာဥပဒေတွေ ဖြစ်တယ်။ ဒီဥပဒေတွေကို သုံးသပ်တဲ့၊ လေ့လာတဲ့သင်ခန်းစာပါတယ်။ နောက်တခုက လူထုရဲ့ အခြေခံအခွင့်အရေးတွေ။ ဥပမာ free expression၊ freedom of association နဲ့ assembly ပေါ့လေ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်စုဝေးခွင့်ကို ပံ့ပိုးတဲ့၊ တနည်းအားဖြင့် ဟန့်တားတဲ့ ဥပဒေတွေ ဒါတွေကို တောက်လျောက် ပို့ချနေတာ ဖြစ်ပါတယ်။ အကယ်ဒမီမှာ ပို့ချကြတဲ့ဆရာတွေက ပြည်တွင်းကလား၊ ပြည်ပကလား ပညာရှင်တွေက။ “ပြည်ပက ပုဂ္ဂိုလ်တွေကတော့ ရံဖန်ရံခါ ဖိတ်ကြားပြီးတော့ Guest Speaker အဖြစ်နဲ့ လာတာ ရှိပါတယ်။ အဓိကကတော့ ပြည်တွင်းက ပုဂ္ဂိုလ်တွေ ပို့ချနေတာ ဖြစ်ပါတယ်။” သင်တန်းသားတွေက ဘယ်ကလဲ ပြည်တွင်းကလာကြလား။ နယ်စပ်ကလား။ “လောလောဆယ် မနှစ်က စတင်လက်ခံတဲ့ အချိန်မှာတော့ဖြင့် ကချင်တိုင်းရင်းသားတွေက အများစု ဖြစ်တယ်။ တအာင်းပလောင်တိုင်းရင်းသားတွေက ၃ ယောက် ပါတယ်။ လာမယ့်နှစ်မှာတော့ လာမယ့် ဇွန် ၂၆ ရက်နေ့မှာ ထပ်ဖွင့်မယ့် အသုတ်မှာတော့ဖြင့် တခြားတိုင်းရင်းသားတွေပါ ပါလာကြပါလိမ့်မယ်။” ပြည်တွင်းက လာတက်လို့ကော ရလား။ “ပြည်တွင်းက လာတက်လည်း ရပါတယ်။ ကျနော်တို့ ဖေ့စ်ဘုတ်မှာရော ကြေငြာ နေပါတယ်။ အဓိကကတော့ ပြည်တွင်းက လာတက်မယ့်လူငယ်တွေမှာ စိုးရိမ်ချက် ရှိတာပေါ့လေ။ သွားရေးလာရေး။ ကျနော်တို့ ဆက်သွယ်ဖို့ လိပ်စာပေးထားတယ်၊ အဓိကအားဖြင့် [email protected] ကို ဆက်သွယ်ပြီးတော့ အသေးစိတ် မေးလို့ ရပါတယ်။” ကျောင်းသားလျောက်လိုသူတွေလည်း သိချင်မယ်။ အဲဒီမှာ နေထိုင်သွားလာ စားသောက်တာတွေကရော ကိုယ့်အစီအစဉ်နဲ့ကိုယ်လား။ “ကျနော်တို့ အဲဒီမှာ ကျောင်းသားတွေအတွက် ၁ နှစ်ကို တရုတ်ယွမ်ငွေ ၂၀၀၀ ယူတယ်။ အဲဒါက သူတို့ရဲ့ စားသောက်ရေးပါ။ အဲဒီ စားသောက်ရေးတောင်မှ မလောက်ပါဘူး။ ကျောင်းကော်မတီက ရန်ပုံငွေရှာပြီးတော့ ဖြည့်ဆည်းရတာ ရှိပါတယ်။ ကျန်တဲ့နေထိုင်ရေးကတော့ အဆောင် အခမဲ့ပေးထားတယ်၊  ရေမီးအစုံအလင် ပေးထားတယ်။ လိုအပ်တဲ့ စာသင်ပစ္စည်းကိရိယာအကုန်လုံးလည်း ကျနော်တို့ကပဲ ထုတ်ပေးတာ ဖြစ်ပါတယ်။” မနှစ်ကစဖွင့်လှစ်ခဲ့တဲ့ ဖက်ဒရယ်ဥပဒေအကယ်ဒမီကို ဘယ်လောက်ထိအောင် မျှော်လင့်လဲ။ ဒီအကယ်ဒမီက ဘယ်လောက်ထိအောင် အကျိုးရှိမယ်လို့ တွက်ဆထားလဲ။ “ဒါ အင်မတန်ကောင်းတဲ့ မေးခွန်းပါ။ ပထမ တချက်ကတော့ ကျနော်တို့ တိုင်းရင်းသား လူငယ်တွေဟာ လာမယ့် မဝေးတော့တဲ့အနာဂတ်မှာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်တဲ့အနေအထား ရောက်လာပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားဥပဒေများ ရေးဆွဲတဲ့ဖြစ်စဉ်ထဲမှာ လူထုရဲ့ကိုယ်စား၊ တိုင်းရင်းသားတွေ ကိုယ်စားအနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နိုင်တဲ့အရည်အချင်း ရှိအောင် ကျနော်တို့က အခြေခံအားဖြင့် ပြုစုပျိုးထောင်နေတာ ဖြစ်တယ်။ ဒါက တခုဖြစ်တယ်။ နောက်တခုက လောလောဆယ်မှာ အဲဒီ အခွင့်အရေးမရသေးတောင်မှ ကျောင်းက ဆင်းသွားတဲ့လူငယ်တွေဟာ သက်ဆိုင်ရာ civil society organization လို့ ခေါ်တဲ့ လူထုအသင်းအဖွဲ့တွေမှာ အခြေခံအားဖြင့် တစုံတရာ အရည်အချင်းရှိစွာနဲ့ ၀င်ရောက်လုပ်ကိုင်ခွင့်ရအောင် ကျနော်တို့ ပံ့ပိုစီစဉ်ပေးနေတာ ဖြစ်တယ်။ နောက်ဆုံးတချက်ကတော့ တကယ်လို့များ တကယ်ပဲ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ပြီဆိုရင် တိုင်းရင်းသားပြည်နယ်အသီးသီးမှာ အဲဒီ တိုင်းရင်းသားလူငယ်တွေကိုယ်တိုင် ကိုယ့်ပြည်နယ်ကို ကိုယ် တကယ့် ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံကနေ ဥပဒေကြောင်းအရ အုပ်ချုပ်လည်ပတ်နိုင်စွမ်းရှိတဲ့ လူငယ်တွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့က လုံးဝ ယုံကြည်ပါတယ်။” အုပ်ချုပ်သူအစိုးရအဆက်ဆက်က ဖက်ဒရယ်ဟာ ခွဲထွက်ရေးအဖြစ် သုံးနှုန်းရာက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနှစ်ပြည်ထောင်စုနေ့မှာ ‘ဖက်ဒရယ်စနစ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသား အားလုံးစုပေါင်းကြိုးပမ်းကြဖို့  တိုက်တွန်းခဲ့ပါတယ်။  ဦးအောင်ထူးကိုယ်တိုင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ဆယ်စုနှစ်နဲ့ ချီပြီး ကျင်လည်ဖြတ်သန်းဖူးတော့  တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်နဲ့ အစိုးရပြောတဲ့ ဖက်ဒရယ် အတူတူပဲလား။ ကွာလား။ အကယ်ဒမီ ကျောင်းအုပ်ကြီးအနေနဲ့ သုံးသပ်ပြပါ။ “သိပ်ကောင်းတဲ့မေးခွန်းပဲ။ လက်ရှိ ဦးသိန်းစိန်အစိုးရက ဘက်တဘက်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တွေက ဘက်တဘက် ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမှာကို ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့က အတည်ပြုမူကြမ်း (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောညီချက်-မူကြမ်း) ထွက်ထားတာရှိတယ်။ အဲဒီမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအစိုးရကနေပြီးတော့ မလွဲသာ မရှောင်သာ ဝေါဟာရကိုပါ ထည့်ရေးပြီးတော့မှ ဒီအတိုင်း တည်ဆောက်သွားပါ့မယ်ဆိုပြီးတော့ သုံးထားတဲ့ အသုံးအနှုန်း ရှိပါတယ်။ အဲဒီအသုံးအနှုန်းအရကိုက ရာနှုန်းပြည့် လွဲနေတယ်လို့ ကျနော်က ပြောရဦးမယ်။ ဘာကြောင့်လည်းဆိုတော့ ဖက်ဒရယ်ကို တကယ်သွားချင်ရင် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံမှာကတည်းက ရှမ်းအမျိုးသား နိုင်ငံရေးခေါင်းဆောင်တွေက ဦးဆောင်ပြီး တောင်းဆိုခဲ့ကြတဲ့၊ တခြားတိုင်းရင်းသားတွေလည်း ပါတဲ့ မူက ဘာလဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသားပြည်နယ်များဖြင့်သာ ဖွဲ့စည်းခြင်း ဖြစ်တယ်။ မြန်မာပြည်နယ် (တနည်းအားဖြင့် ) ဗမာပြည်နယ်ပေါ့ဗျာ အဲဒီပြည်နယ်အပါအ၀င် ကျန်တဲ့ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေ ပါဝင်တဲ့ အမျိုးသားပြည်နယ်များနဲ့သာ ပြည်ထောင်စုကို ဖွဲ့စည်းသွားရေး ဖြစ်တယ်။  အဲဒီတော့ အဲဒီအမျိုးသားပြည်နယ်များနဲ့သာဖွဲ့စည်းသွားရမယ်ဆိုတဲ့ အခြေခံအချက်ကို လုံးဝမပါဘဲနဲ့ အခု အတည်ပြုမူကြမ်းမှာ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို အပေါ်ယံမျှပဲ ထည့်ပေးလိုက်တာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရအရ ရာနှုန်းပြည့်လွဲနေတယ်။ ဆိုတော့ အဲလို အနှစ်သာရအရ လွဲနေတဲ့အချက်ကို လက်မခံဘဲနဲ့ အခု ဒီအတိုင်း ဆက်ပြီးတော့ အတည်ပြုမူကြမ်းအတိုင်း သွားမယ်ဆိုရင် ကျနော်တို့မြင်တာကတော့  ၂၀၀၈ ဖွဲ့စည်းပုံဟာလည်းပဲ အဲဒီစာချုပ်ထဲမှာ ပါသလို ဒီမိုကရေစီရေး၊  အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးတဲ့ ဖွဲ့စည်းပုံဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လက်ရှိတက်နေတဲ့အစိုးရက ဆွဲယူသွားမှာ သေချာတာ ဖြစ်တာကြောင့်မို့လို့ ဘယ်တော့မှ ဖက်ဒရယ်နိုင်ငံပေါ်လာစရာ အကြောင်းမရှိပါဘူး။” ဖက်ဒရယ်နဲ့ပတ်သက်လို့ စိတ်ဝင်စားကြသူတွေကို ဒီကနေတဆင့် ဘာပြောစရာရှိမလဲ။ “အဓိက ၂ ပိုင်းပေါ့ဗျာ။ တပိုင်းက ဘာလဲဆိုတော့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် တောင်းဆိုရတယ်။ ဖက်ဒရယ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်တဲ့ ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်တဲ့ခေတ်ကြီးမှာ တဖက်က အင်မတန်မှ သေးငယ်တဲ့ အမျိုးသားရေးဝါဒကို မကျင့်သုံးဘဲနဲ့ အဲဒီခေတ်ကြီးနဲ့ လိုက်လျောညီထွေစွာ သွားနိုင်တဲ့၊ ကိုယ့်ဟာကို စုစည်းပြီး အားကောင်းတဲ့နိုင်ငံရေးစနစ်တခုဟာ ဖက်ဒရယ်ဖြစ်တယ်။ ဒါကြောင့် ဒါကို စနစ်တကျအဖြေရှာပြီးလေ့လာဖို့လိုတယ် ဒါ တပိုင်းပါ။ ဒုတိယတပိုင်း ပိုအရေးကြီးတာက ဘာလဲဆိုတော့ အခု လက်ရှိငြိမ်းချမ်းရေးလှုပ်ရှားတဲ့ဖြစ်စဉ်နဲ့  ဆက်စပ်ဖို့ပါပဲ။ အဲဒီတော့ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်ပြီးတော့မှ သွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်လို့ ဝေါဟာရ အရလက်ခံလာသော်ငြားလည်းပဲ အနှစ်သာရအရတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေပြီးတော့ တပြည်ထောင်စနစ်၊ အင်မတန်မှ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုပေါ့ဗျာ။ တောက်လျောက်ကျင့်သုံးသွားမယ့် တပြည်ထောင်စနစ်ကိုသာ သွားမယ့်လမ်းကြောင်း ဖြစ်နေပါတယ်။ ဒါကြောင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာလည်း လူငယ်တွေ၊ လူထုအသင်းအဖွဲ့တွေ။ တိုင်းရင်းသားပေါင်းစုံ လူထုတရပ်လုံးအနေနဲ့ကတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ကို လက်ရှိ တက်နေတဲ့အစိုးရ အပေါ်မှာ ၀ိုင်းဝန်းဖိအားပေးကြဖို့ လိုလိမ့်မယ်လို့ ကျနော်က မေတ္တာရပ်ခံ တင်ပြပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up