Home
ဆောင်းပါး
ခြင်္သေ့ဝေစုအတွက် နွားအမြီးနဲ့ ယင်ခြောက်နေသူတွေ
DVB
·
May 24, 2015
လွန်ခဲ့တဲ့ ၃ လလောက်က စာရေးသူရဲ့ မိခင်ကြီးနဲ့ ဖုန်းပြောကြရင်း ကူဖော်လောင်ဖက် လေး ရအောင် အိမ်ဖော်လေးတယောက်လောက်ငှားဖို့ ပြောမိပါတယ်။ ဒီတော့ အမေက ငါသားတဲ့ ဒီခေတ်ဆိုးကြီးထဲမှာ စိတ်ချယုံကြည်ရတဲ့သူဆိုတာ ရွှေထက်ရှားသွားပြီတဲ့။ ဒီတိုင်းလည်း နေလို့ ဖြစ်ပါတယ်၊ အမေ အကုသိုလ်မယူချင်ပါဘူးကွယ်လို့ ပြန်ပြောပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေထဲက စီးပွားရေးသမားတွေထံကလည်း အဲဒီလိုသဘောမျိုး ငြီးကြတာ မကြာခဏ ကြားရတယ်။ မြန်မာနိုင်ငံမှာ ဘာလို့ ယုံကြည် စိတ်ချနိုင်တဲ့သူ ရှားပါးသွားရတာလဲ။ အဂတိတရား လိုက်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို တည်ဆဲဥပဒေ ရာဇသတ်ပုဒ်မတွေ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ တိတိကျကျ ထိထိရောက်ရောက် အရေးယူရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရှိနေပြီးသား အချုပ်ခန်းအကျဉ်းထောင်တွေနဲ့တောင် ဆန့်မှာ မဟုတ်ပါဘူး။ ကျောသားရင်သား မခွဲခြားဘဲ တကယ်အရေးယူခဲ့မယ်ဆိုရင် ဘယ်သူတွေ အဲဒီအကျဉ်းထောင်တွေထဲမှာ ရောက်နေမယ်ဆိုတာ လူတိုင်းသိ ပါတယ်။ ထုတ်သာ မပြောကြတာပါ။ သေချာတာကတော့ အခုလောလောဆယ် အကျဉ်းကျနေတဲ့ လယ်သိမ်းခံတောင်သူတွေ၊ မလောက်ငလို့ လုပ်ခလစာတိုး တောင်းတဲ့အလုပ်သမားတွေ၊ ပညာရေးဥပဒေပြင်ခိုင်းတဲ့ ကျောင်းသူကျောင်းသားတွေ မဟုတ်တာကတော့ သေချာပါတယ်။ ကဲ ဒီတော့ ဘယ်သူတွေလဲဆိုတာ သိရအောင် ခေါင်တိုင်အမိုးကနေ ကြမ်းဖျားအထိ ကြည့်လိုက်ရကြအောင်။ မိမိ ပိုင်ဆိုင်မှုကို မကြေညာရဲတဲ့ နိုင်ငံတော်အကြီးအကဲလို့ ဆိုသူတွေ၊ ညစ်ကျယ်ကျယ် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးဖြစ်လာသူတွေ၊ လွှတ်တော် အမတ်တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက လူကြီးမင်းတွေ၊ အစိုးရထိပ်တန်းအရာရှိကြီးတွေ၊ ဇီးသီးဗန်းတွေဖျောက်ပစ် မှောက်ပစ်နေတဲ့ ဧရာမခရိုနီကြီးတွေကနေ ခရိုနီအကြီးအသေး ပေါက်စကွေးတွေ၊ ညွှန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေ၊ အင်ဂျင်နီယာချုပ်တွေ၊ ဆရာဝန်အုပ်ကြီးတွေ၊ ပါမောက္ခချုပ်တွေ၊ ပြန်တမ်းဝင်အရာရှိတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ဆက်နွှယ်ပတ်သက် လုပ်ကိုင်နေကြတဲ့ စီးပွားရေးသမားတွေ အားလုံး စသည်ဖြင့်တွေရဲ့ ပိုင်ဆိုင်မှုတွေကို လေ့လာကြည့်ရအောင်။ ဓနဥစ္စာ ပိုင်ဆိုင်မှုတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ အိုးအိမ်ခြံမြေတိုက်တာ ဆိုင်ခန်းတွေ၊ စိန်ရွှေ ရတနာ လက်ဝတ်လက်စား၊ ယာဉ်ရထားကားတွေ၊ ပြည်တွင်းသာမက ပြည်ပမှာပါ နာမည် အမျိုးမျိုး၊ လူစားအမျိုးမျိုးနဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေရဲ့ လာရာလမ်းကြောင်းကို မညှာမတာ စုံစမ်း စစ်ဆေးရမယ်ဆိုရင် အဖြေ ဘယ်လိုထွက်မယ် ထင်ပါသလဲ။ မိဘက မျိုးနဲ့ရိုးနဲ့ ချီ ကြွယ်ဝချမ်းသာလို့ အမွေရခဲ့ကြတာလား။ သူတို့ရတဲ့လစာကို ဘာမှမစား မသောက် မသုံးမစွဲဘဲ တသက်လုံး အသားတင် စုထားရင်တောင် သူတို့နေတဲ့ သိန်းထောင်ချီ၊သောင်းချီတန်တဲ့ အိမ်တလုံး ၀ယ်နိုင်ပါ့မလား။ သူတို့ သားသမီးတွေ နိုင်ငံရပ်ခြားပညာတော်သင် လွှတ်နိုင်ပါ့မလား။ နိုင်ငံခြား အပျော်ခရီးတွေ ထွက်နိုင်၊ ဈေးဝယ်ထွက်နိုင်တဲ့ ငွေကြေးတွေ ဘယ်ကရလာတာလည်း။ ဘုရားတွေတည်၊ ထီးတော်တင်လှူနိုင်တဲ့ပိုက်ဆံတွေ ဘယ်လမ်းကြောင်းက ဘယ်လိုဝင်လာတယ် ထင်ပါသလဲ။ ငါးပါးသီလထဲမှာပါတဲ့ အဒိန္နာဒါနဆိုတာ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းလို့ အဓိပ္ပာယ်ပြန်နိုင်ပါတယ်။ တပါးသူ သို့မဟုတ် ပြည်သူပိုင်ဘဏ္ဍာငွေကြေးတွေ၊ ပစ္စည်းဥစ္စာ တွေကို ပိုင်ရှင်က မပေးဘဲ၊ မကြည်ဖြူဘဲ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ လုံ့လထုတ်ပြီး ဗြောင်သော်၎င်း၊ ခိုးဝှက်၍သော်၎င်း မတရားသောနည်းလမ်းများနဲ့ ရယူပိုင်ဆိုင်ခြင်းမှန်သမျှဟာ အဒိန္ဒာဒါန ကံထိုက်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ရဟန်းတော်များအတွက်တောင် ပါရာဇိကလေးပါးထဲမှာ ဒုတိယပါရာဇိကအနေနဲ့ အဒိန္နာဒါန(သူတပါးဥစ္စာကို ခိုးယူခြင်း) ကို ထည့်သွင်း ပညတ်ခဲ့ရတာဟာ အလွန်အပြစ်ကြီးလေးတာကြောင့် မဟုတ်လား။ အဒိန္နာဒါနကံဟာ အပယ်လမ်းဖွင့်တယ်။ အစိုးရတရပ်အနေနဲ့လည်း တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေကို လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတာ ပိုအပြစ်ကြီးတဲ့ အဒိန္နဒါ ကံထိုက်ပါတယ်။ ဒါကြောင့်လည်း အုပ်ချုပ်သူ အစိုးရမင်းများဟာ ပြည်သူ့ဘဏ္ဍာတွေကို သုံးစွဲရာမှာ ပွင့်လင်းမြင်သာမှုလို့ခေါ်တဲ့  ပြည်သူလူထုကို အသိပေးပန်ကြားပြီး အများက သဘောတူကြည်ဖြူမှသာ အသုံးပြုသင့်တာပါ။ အဲဒီလိုမဟုတ်ရင် အစိုးရတာဝန်လည်းထမ်းရသေး၊ အဒိန္ဒာဒါနကံလည်း ကျူးလွန်ရာရောက်ပြီး အပါယ်လားရတတ်ပါတယ်။ ဒီတော့ ပြည်သူပိုင်ဘဏ္ဍာတွေကို အလွဲသုံးစား လုပ်နေကြတဲ့ အကျင့်ပျက်ဝန်ထမ်းငယ် တွေကတော့ ကိုယ်ကာယနဲ့ လုံ့လထုတ်ပြီး ခိုးယူကြတာမို့ သူတို့လည်း အဒိန္နာဒါနကံ ကျူးလွန်မှု၊ ခိုးမှု မြောက်ပါတယ်။ ဒါပေမယ့် ၀န်ထမ်းငယ်တွေထက်ပိုဆိုးတာက ကိုယ်ကာယစိုက်ထုတ်ခိုးယူမှု မပြုပေမယ့် ရာထူးအဆင့်လိုက် ခြင်္သေ့ဝေစု (Lion Share)တွေကို လက်ခံယူနေတဲ့ အစိုးရ ပြန်တမ်းဝန်အရာရှိကြီးတွေ၊ ညွှန်မှူးတွေ၊ ညွှန်ချုပ်တွေနဲ့ ဗိုလ်ချုပ်တွေရဲ့ ခိုးမှု အဒိန္နဒါကံက ပိုအပြစ်ကြီးပါတယ်။ ခိုးယူတဲ့ပမာဏ ပိုများပြားတဲ့အတွက် ဒုက္ခဆင်းရဲရောက်ကြရတဲ့ လူဦးရေလည်း ပိုများမှာလည်း သေချာပါတယ်။ တနည်းအားဖြင့်ပြောရရင် သူတို့ဟာ ကိုယ်တိုင် မခိုးဘဲ ခိုးရာပါဝေစု အများဆုံးယူတဲ့ သူခိုးဂိုဏ်းချုပ်တွေလို ပြောနိုင်ပါတယ်။ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အဒိန္နဒါနကံမြောက်တဲ့ ခိုးမှုတွေ မြန်မာနိုင်ငံမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ကွက်တွေကို လုပ်ပိုင်ခွင့်နဲ့ အာဏာ သုံးပြီး ကော်မရှင်ခယူတာ၊ အတွင်းသတင်း ရောင်းစားတာ၊ ဆွေမျိုးသားချင်းတွေနဲ့ နီးစပ်ရာမျက်နှာလိုက် အခွင့်အရေး ပေးတာ၊ အာဏာပိုင်နဲ့ ၀ိသမစီးပွားရေးသမား ခရိုနီတွေ ပေါင်းပြီး လက်ဝါးကြီး အုပ်တာ၊ မထိုက်တန်တဲ့သူတွေကို ရာထူးတွေ ပေးပြီး ဂိုဏ်းဖွဲ့ လုပ်ကွက်ထွင် ဂွင်ဖန်စားနေကြတာ မဟုတ်လား။ ကြားနေရတာကတော့ တချို့ဌာနဆိုင်ရာတွေ ပရောဂျက်တွေမှာ ညွှန်ချုပ်နဲ့ အထက်ပုဂ္ဂိုလ်ကြီးတွေအတွက် ခြင်္သေ့ဝေစု၊ သူခိုးဝေစုအတွက် ကျလာတဲ့ဘတ်ဂျက်ထဲက ၂၁ ရာခိုင်နှုန်းဆိုလား ကြိုတင်သတ်မှတ်ပေးထားပြီး မပျက်မကွက် ဆက်သရတယ်ဆိုဘဲ။ ဟုတ်၊ မဟုတ်ဆိုတာတော့ တာဝန်ရှိတဲ့ စသုံးလုံးလို အဖွဲ့အစည်းတွေက စုံစမ်း ဖော်ထုတ်သင့်တယ်။ အထက်ပါပုဂ္ဂိုလ်ကြီးတွေဟာ ခိုးသက်သမ္ဘာက ရင့်နေပြီး လောဘက အတောမသတ်နိုင်ကြတော့ ၂၀၁၅ ရွေးကောက်ပွဲက တက်လာမယ့် အစိုးရလက်ထက်မှာ အခု အခြေအနေလောက် ခိုးစားခွင့်ရှိခြင်မှ ရှိတော့မှာ လသာတုံးလေးဗိုင်းငင်လိုက်မဟလို့ တွေးပြီး သရဲမရဲစီး ခိုးစားနေကြမှာလည်း မြေကြီးလက်ခတ်မလွဲသလို ဖြစ်နေမှာပါ။ အဆိုးတကာအဆိုးဆုံးကတော့ ပြည်သူပိုင်၊ နိုင်ငံပိုင် ဥယျာဉ်ခြံ မြေယာတွေကို ပြည်သူလူထုကို အသိမပေးဘဲ မြို့သစ်ချဲ့၊ စက်မှုဇုန်ဆောက်၊ လမ်းတွေဖောက်၊ စနစ်မကျတဲ့ တနပ်စားစီမံကိန်းတွေ အကြောင်းပြပြီး ထင်ရှားတဲ့မြို့ကြီးတွေတင်မက တောနယ်တွေပါမကျန် နံပါတ်ဝမ်းကြီးနဲ့ ဆွေတော်မျိုးတော်တွေအတွက်၊ နံပါတ်တူးကြီးနဲ့ မိသားစုအတွက်၊ ဘယ်ဗိုလ်ချုပ်နဲ့ ညီအစ်ကိုများအတွက်၊ ဘယ်ဝန်ကြီးအတွက် ဘယ်တိုင်းမှူးအတွက်ဆိုပြီး ပေ ၁၀၀ ပတ်လည်ကွက် အတွဲလိုက်၊ ၁ ဧကကွက်အတွဲလိုက် စသည်ဖြင့် ခြံမြေကွက်တွေ ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ နေရာကောင်းတိုင်းမှာ၊ လမ်းမကြီးတွေပေါ်မှာ ဘိုးဘွားအမွေရသလို ခွဲဝေ ခိုးယူထားကြတာဟာ ဓားပြဂိုဏ်းတဂိုဏ်းလိုပါပဲ။ ယူထားလိုက်ကြတာများ တနေရာတည်းတာင် မဟုတ်ဘူး။ တမြို့တကွက်ဆိုသလို သတင်းတွေ အပုပ်နံ့တွေ တထောင်းထောင်းနဲ့ ထွက်တော့ ပြည်သူတွေက သိတာပေါ့။ ဒါကြောင့်လည်း သူတို့အသိုင်းအ၀ိုင်းတွေကို သူခိုးကြီးတွေ၊ ဓားပြကြီးတွေလို့ အများပြည်သူတွေက သတ်မှတ်ကြတာ မဆန်းတော့ဘူးပေါ့။ ဒီလို ခိုးမှုတွေကိုပဲ စစ်အာဏာရှင်အပေါင်းအပါတွေက စစ်တပ်က အသက်စွန့်ပြီး တိုင်းပြည်ကာကွယ်နေရလို့ ယူထိုက်တယ်။ ခံစားထိုက်တယ်လို့ ဓားပြလိုင်စင်၊ သူခိုးလိုင်စင်ကို တရားဝင်သယောင် လေသံပစ်သေးတယ် မဟုတ်လား။ ခံစားသင့်ခံစားထိုက်တယ်ဆိုရင် စစ်တပ်မှ မဟုတ်ဘူး။ ဘယ်ဝန်ထမ်းအတွက်မဆို ခိုးကြောင်ခိုးဝှက်မပေးပါနဲ့ တရားဝင် သတ်မှတ်ပြဋ္ဌာန်းပြီး ရိုးရိုးသားသား လူထုရှေ့မှောက်ပေးပေါ့။ မဟုတ်ဖူးလား။ အဲဒီလို ခိုးဝှက်လုယူရထားတဲ့ မြေကွက်တွေကို ရောင်းချပြီး သိန်းထောင်ချီ သောင်းချီရတော့ ဗိုလ်ချုပ်ကတော်တွေ၊ ၀န်ကြီးကတော်တွေက အရင်းနှီးရ ရမ်းဖို့ တုတ်ရသွားတော့ မြေပွဲစားတွေ လုပ်၊ စိန်ပွဲစားတွေ လုပ်၊ ကုမ္ပဏီတွေထောင်၊ သားသမီးတွေကော ဆွေမျိုးကိုင်ဖြားကိုင်းနားမကျန် စီးပွားရေးလုပ်ငန်းတွေနဲ့ လက်ရှိ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး သစ်တောကွက်တွေ ချပေး၊ ဓာတ်ဆီလောင်စာဆီ တဦးထဲ ဖြန့်ဖြူးခွင့် ငွေလွယ်လွယ်ရနိုင်မယ့်ခွင်တွေ ချပေးပြီး ဘီလီယံနဲ့ချီ ချမ်းသာလာတာကိုပဲ သူတို့ဖာသာ သူတို့ ရိုးရိုးသားသား ကြိုးစားလို့ ချမ်းသာလာသယောင်ယောင် အရှက်မရှိ ပြောသေးတာ မဟုတ်လား။ ဒါပေမဲ့ လက်ရှိ အစိုးရအဖွဲ့ဝင်အားလုံး၊ စစ်ဗိုလ်ချုပ်ကြီးတွေ အားလုံး လွှတ်တော် အမတ်တွေ အားလုံးရဲ့ ပိုင်ဆိုင်မှုကို ဘယ်သူမှ မကြေညာရဲပါဘူး။ ဘယ်လမ်းကြောင်းတွေက ဒီလောက်များပြားတဲ့ ငွေကြေးဥစ္စာဓနတွေ ဘယ်လို ရရှိစုဆောင်းမိသလဲဆိုတာ ဘယ်သူမှ ထုတ်မပြရဲ၊ အစစ်မခံရဲပါဘူး။ ခိုးမှု၊ ဓားပြမှုတွေနဲ့ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တနည်းမဟုတ် တနည်း ပတ်သက်နေတာကိုး။ စစ်ဆေး လိုက်ရင် တနွယ်ငင်တစင်ပါတော့မယ်လေ။ ဒါကြောင့်လည်း အာဏာရှင်တွေဟာ ပြသနာအရင်းအမြစ်ကို မဖြေရှင်းဘဲ ၀န်ထမ်းတိုင်း ခိုးစားရအောင် လစာ မလောက်မငနဲ့ နှစ်ပေါင်းများစွာ ပစ်ထားခဲ့တာ။ လက်ရဲဇက်ရဲ ခိုးရဲတဲ့သူတွေကို မြှောက်စား ဂွင်ဖန်တတ်တဲ့ သူယုတ်တွေ နေရာပေး၊ နိုင်ငံရေးအသုံးအနှုန်းနဲ့ ပြောရရင် အမှုတွဲတွေ ခေါ်တာပေါ့။ ငါလည်းသူခိုး၊ သူတို့လည်း သူခိုး၊ လူတိုင်းခိုးကြတော့ တို့တိုင်းပြည်လည်း သူခိုးတိုင်းပြည် စောရနိုင်ငံကြီး ဖြစ်ခဲ့ရတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စားရေးသူနဲ့ အလွန်ရင်းနှီးတဲ့ ကျောင်းနေဖက်မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖူးပါတယ်။ တို့များကွယ် ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားပွဲတွေ၊ အာစရိယ ပူဇော်ပွဲမှာ ပြန်ဆုံကြတဲ့အခါများ အကုန်လုံးနီးပါး အောင်မြင်ချမ်းသာနေကြတာကို တွေ့ရတော့ ဘာသာရေးအမြင် ရှုထောင့်ကနေကြည့်ရင် ၀မ်းမြောက်ဝမ်းသာ မုဒိတာပွားနိုင်ပေမယ့် နိုင်ငံရေးရှုထောင့်၊ ကိုယ်ကျင့်တရားရှုထောင့်ကနေ ကြည့်ရင် သူငယ်ချင်းအများစု အတွက် စိတ်မကောင်း ဖြစ်မိတယ်။ သူငယ်ချင်းအချင်းချင်းတွေမို့ သူတို့ရဲ့ အဂတိလိုက်စားမှုတွေ အကျင့်ပျက် ခြစားမှုတွေနဲ့ ကြီးပွားနေကြတာကို မလုပ်အပ်ကြောင်း မပြောဖြစ်ကြ မတားမြစ်မိတော့ဘူး။ လူ့အဖွဲ့အစည်းကြီးတခုလုံး အုံနဲ့ ကျင်းနဲ့ စာရိတ္တတွေ ခြစားနေတာမို့ ပြောလည်း မထူးပါဘူး၊ မိတ်ပျက်တာသာ အဖတ်တင်မှာပဲလို့ တွေးပြီး ပြောသင့်တာမပြောကြ၊ တားသင့်တာ မတားကြတာ မဟုတ်လား။ မြန်မာနိုင်ငံသားတွေက ဖော်ရွေတတ် ခင်မင်တတ်တယ်၊ အားနာတတ်တယ်လို့ ဆိုကြတယ်။ ဖော်ရွေတတ်တာ ခင်မင်တတ်တာကတော့ အလွန်ကောင်းပေမဲ့ အရာရာတိုင်းကို အားနာတတ်တာကိုတော့ လက်မခံသင့်ပါဘူး။ ကြောက်တတ်ရင် ရန်ကင်းတယ်ဆိုတာ နေရာတိုင်းမှာ မမှန်ကန်ပါဘူး။ အထူးသဖြင့် အမှန်တရားနဲ့ ပတ်သက်ရင်၊ အများအကျိုးနဲ့ ပတ်သက်ရင် ကြောက်မနေသင့်ဘူး။ မိမိပတ်ဝန်းကျင်မှာ မိမိ ဆရာသမားမိဘ၊ လူကြီးသူမ တွေအပါအ၀င် မိမိမိသားစုဝင် ဆွေမျိုးညီအစ်ကိုမောင်နှမသားချင်း မိတ်ဆွေ အပေါင်းအသင်းတွေ အတွေးမှား အမြင်မှား အလုပ်မှားတွေနဲ့ အမှားလုပ်နေကြတာ၊ တိုင်းပြည်ဘဏ္ဍာခိုးစား အကျင့်ပျက်ခြစားနေတာတွေကို အားနာပြီး မပြောမဆို၊ မတားမြစ်ဘဲ နှုတ်ဆိတ်နေတတ်ကြတာ အကျင့်လိုဖြစ်နေပြီ မဟုတ်လား။ တကယ်တော့ ပြောသင့်တာကို မပြောဆိုခြင်း၊ တားမြစ်သင့်တာကို မတားမြစ်ခြင်း၊ ရှုတ်ချသင့်တာကို မရှုတ်ချဘဲ အားနာတယ်ဆိုတာ … စိုးရွံ့မှုအကြောက်တရားလို့ ပြောချင်ပါတယ်။ အခင်မင်ပျက်မှာစိုးလို့ ဖြစ်စေ၊ ပြသနာတက်မှာ စိုးလို့ ဖြစ်စေ၊ အခွင့်အရေးတခုခု ဆုံရှုံးမှာစိုးလို့ ဖြစ်စေ၊ ပြောလဲ အကျိုးထူးမယ်မထင်လို့ စသည်ဖြင့် အကြောင်းပြချက်တွေနဲ့ ရေငုံနှုတ်ဆိတ်ခြင်းဟာ ဘယာဂတိလို့ ပြောနိုင်တဲ့ အကြောက်တရားနဲ့ နေထိုင်မျက် ကွယ်ပြုလိုက်တာပါပဲ။ တနည်းအားဖြင့်ဆိုရင် အမှန်တရားအပေါ် သစ္စာဖောက်လိုက်တာဖြစ်သလို ခေတ်ဝန် ထမ်းဖို့ ပျက်ကွက်ခြင်းလို့လည်း ဆိုချင်ပါတယ်။ လူ့အဖွဲ့အစည်းကြီးကို အဆိပ်အတောက် မဖြစ်စေတဲ့ကိစ္စတွေ၊ ယဉ်ကျေးမှုအရ၊ လူမှုရေးအရ တချို့ကိစ္စတွေမှာ အားနာရတာမျိုးကို လက်ခံပါတယ်။  ပြည်သူပိုင်ပစ္စည်း ခိုးတာကတော့ အားနာနေလို့ မရပါဘူး။ ဒါကြောင့် အားနာပြီး ရေငုံနှုတ်ပိတ်နေမဲ့အစား အသိပညာအတွေးအခေါ် နိမ့်ပါးလို့ လမ်းမှားပေါ် လျှောက်နေသူတွေကို အမှန်ကို မြင်နိုင် ပြုပြင်လာနိုင်အောင် မှန်ကန်တဲ့ ၀န်းကျင်တခု ဖြစ်လာအောင် တဖက်တလမ်းက ၀ိုင်းဝန်းကူညီပါဝင်အား ဖြည့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူတူးကတော့ “မတရားမှုတခုမှာ နှုတ်ဆိတ်နေခြင်းဟာ မတရားမှုဘက်က ရပ်တည်လိုက်ခြင်းလို့ ” ဆိုပါတယ်။ ငါတို့လူမျိုး သူခိုးရှိသည်လို့ လူမျိုးနဲ့ ချီပြီး ပျက်ရယ်ပြုရလောက်အောင် မျက်မှောက်ခေတ် မြန်မာနိုင်ငံမှာ ခိုးမှု ကျူးလွန်နေကြတာဟာ လိုင်စင်ရထားသလို တရားဝင် ကျူးးလွန်နေကြတာ မဟုတ်လား။ မြန်မာနိုင်ငံသားတွေ အထူးသဖြင့် မြို့နေလူတန်းစားအတော်များများရဲ့ အသွေးထဲ အသားထဲမှာ ကူးစက်ပြန့်ပွား လှိုက်စားနေတဲ့  အကျင့်ပျက် ခြစားမှု ဗိုင်းရပ်စ်ပိုးဟာ ဆေးမတိုးတော့တဲ့ သမ္ဘာရင့်ဝါရင့်ပိုး။ ဆေးမြီးတိုနဲ့ ကုလို့ မရနိုင်တော့ဘူး။ ဦးသိန်းစိန်တို့ရဲ့ လက်ရှိ စစ်တပိုင်းအစိုးရဟာ သန့်ရှင်းသောအစိုးရ ဖြစ်အောင်လုပ်မယ်။ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်မယ်လို့ တရားဝင်ကြေညာခဲ့ပေမယ့် ခုချိန်ထိ သက်တမ်းသာ ကုန်တော့မယ်။ အဂတိလိုက်စားမှုတွေကို လောက်လောက်လားလား အရေးယူ အပြစ်ပေးတာ မလုပ်ခဲ့ဘူး။ ထိပ်ပိုင်းက သူခိုးကြီးတွေကို ချန်လှပ်ပြီး တို့ကနန်း ဆိတ်ကနန်း တိုက်ဖျက်မှုလေးတွေ လုပ်ပြနေတာပဲ တွေ့ခဲ့ရတယ်။ အိမ်ခေါင်မိုး မလုံလို့ မိုးယိုတာကို မိုးမယိုအောင် ကြမ်းခင်းအကောင်းတွေ လဲပစ်နေသူလို လုပ်ခဲ့ကြတာ။ ပြဿ နာရဲ့ အခြေခံအရင်းအမြစ်ကို မကိုင်တွယ်ဘဲ ကိုင်းဖျားကိုင်းနားချိုင်ချင်ရင်တော့ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ဖို့ ဘယ်တော့မှ ထိရောက်မှာ မဟုတ်ဘူး။ လွှတ်တော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်ပြအနေနဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီမှာ ခန့်ထားပေမယ့် လုပ်ပိုင်ခွင့်အာဏာ၊ အရေးယူခွင့်၊ အစိုးရအဖွဲ့ဝင်အပါအ၀င် မည်သူကိုမဆို စုံစမ်းမေးမြန်းပိုင်ခွင့်တွေ မပေးအပ်ဘဲ လုပ်နေရတာဆိုတော့ ဘယ်ထိရောက်မှာလဲ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းကလည်း ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရလို့ လက်တွေ့နဲ့ မထင်ဟပ်ဘဲ ပြောတာရယ်၊ ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ ဝန်ကြီးဌာနတွေကို ချပေးတဲ့ ဘတ်ဂျတ်ဟာလည်း တ၀က်ပဲကျန်တယ်လို့ ပြောဆိုသတိပေးတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ရဲ့ အကျင့်ပျက် ခြစားမှုပပျောက်ရေး တိုက်ဖျက်နေပုံကို ထင်ရှားအောင် ဥပမာပေးရရင် “ နွားမြီးနဲ့ ယမ်းပြီး ယင်ခြောက်နေသူတွေလို့” တင်စားခြင်ပါတယ်။ နွားမြီးလေးတချက်တချက် ယမ်းလိုက်ဝှေ့လိုက်တဲ့ အခိုက်လေးမှာပဲ အုံနေတဲ့ ယင်ကောင်တွေက ခဏထပျံ ပြီးရင်ပြန်အုံ စားကြသောက်ကြ၊ ယင်ကြီးဥလိုက်ကျပေါ့။ ဒါမျိုးပဲ ဖြစ်နေတာ မဟုတ်လား။ အကျင့်ပျက်ခြစားမှု ကင်းရှင်းတဲ့ မှန်ကန်တဲ့ ၀န်းကျင်တခုဖြစ်လာဖို့ဆိုတာ ပြည်သူလူထု အကျိုးစီးပွားကို အလေးအနက် ဦးထိပ်ထားပြီး သီလတည်ကြည်တဲ့ ဒီမိုကရေစီအစိုးရတရပ်ရှိဖို့ လိုအပ်ပါတယ်။ အများဆန္ဒနဲ့ ရွေးချယ်တဲ့ အဲဒီလိုဒီမိုကရေစီအစိုးရတရပ်ပေါ်ပေါက်လာဖို့ ဆိုရာမှာလည်း အများပြည်သူက လက်ခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်အပြင် ထိရောက်တဲ့ အဂတိလိုက်စားမှုဆန့်ကျင်ရေးဥပဒေတွေ ပြဋ္ဌာန်းပေးဖို့လည်း လိုပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတရပ်ဟာ ဘာလုပ်လုပ် ပြည်သူတွေ ယုံကြည်မှုရအောင် ထင်သာမြင်သာရှိရှိ (Transparpency) လုပ်ဆောင်ရမယ်။ ပြီးရင်တိကျတဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှု (Responsibility & Accountability) တွေ သတ်မှတ်ပေးရမယ်။ စောင့်ကြပ် ထိန်းညှိပေးမယ့် သတင်းလွတ်လပ်ခွင့် (Media Feedom) ပေးဖို့လည်း လိုတယ်။ စီးပွားရေးတွေ ဖွံ့ဖြိုးပြီး နိုင်ငံဝန်ထမ်းအားလုံးမှာ မျှတလုံလောက်တဲ့လစာတွေရဖို့လည်း လိုပါတယ်။ အရေးအကြီးဆုံးကတော့ တရားဥပဒေစိုးမိုးမှု (Rule of Laws)  အခိုင်အမာ တည်ရှိနေအောင်လုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လူမျိုးနဲ့ချီ နိုင်ငံတခုလုံး အတိုင်းအတာနဲ့ချီပြီး ယိမ်းယိုင်သွားတဲ့ စာရိတ္တမဏ္ဍိုင်ကြီးကို တည့်မတ်ဖို့ဆိုတာ တဦးကောင်းတယောက်ကောင်း ထလုပ်လို့ မပြီးမြောက်နိုင်ပါဘူ။ ခေါင်တိုင်ဖျားက စယိုယွင်းလာရာက ဟိုးအောက်ခြေကြမ်းဖျားအထိ ဆွေးမြေ့လှိုက်စားနေတဲ့ ကိုယ်ကျင့်သီလကို ပြုပြင်ရမယ့် အမျိုးသားရေး တာဝန်ကြီးဟာ နိုင်ငံသားတိုင်းရဲ့ ပခုံးပေါ်မှာရှိနေပါပြီ။ လာဘ်ပေးလာဘ်ယူပြု၊ အကျင့်ပျက်ခြစားမှု၊ အဂတိတရားနဲ့ နိုင်ငံပိုင်ပစ္စည်းတွေ ခိုးယူပြီးမှ စားသောက်ရတဲ့ ထမင်းလုတ်တိုင်းမှာ လူစဉ်မမှီအောင် ဆင်းရဲနွမ်းပါးနေရှာတဲ့ ပြည်သူအများစုရဲ့ သွေးမျက်ရည်တွေ လူးနေတာ သတိရပါ။ ဟင်းလုတ်တိုင်းမှာ အတိဒုက္ခရောက်နေကြရတဲ့ ပြည်သူအများစုရဲ့ ငိုရှိုက်သံ၊ ညည်းတွားသံ၊ တောက်ခေါက်သံတွေ ဆမ်းထားတာကို သတိပြုမိကြဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးသပ်လိုက်ပါတယ်။ မြန်မာနိုင်ငံသားတိုင်း အမှန်တရားအတွက် အားနာတတ်ခြင်းမှ၊ ကြောက်လန့်ခြင်းမှ ကင်းဝေးကြပါစေ။ အဒိန္နဒါနကံရဲ့ အကျိုးအပြစ်တွေကို ကောင်းစွာထင်ရှားသိမြင်ပြီး ရှောင်ရှားနိုင်ကြပါစေ ။       ။   လေးစားစွာဖြင့် မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024