DVB Logo
Home
မြန်မာသတင်း
လှေစီးဒုက္ခသည်များကို ကုလကိုယ်စားလှယ် သွားရောက်တွေ့ဆုံ
DVB
·
May 23, 2015
လှေစီးဒုက္ခသည်များကို ကုလကိုယ်စားလှယ် သွားရောက်တွေ့ဆုံ
Donate to DVB

ကုလသမဂ္ဂ အထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး မြန်မာ့ပင်လယ်ပြင်က ဖမ်းဆီးကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေကို ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အလယ်သံကျော်ကျေးရွာ ယာယီစခန်းမှာ ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ကျော်ကို ကုလအထူးသံ၊ ပြည်နယ်ဝန်ကြီးချုပ်တို့အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဒုကသည်တွေက သူတို့နိုင်ငံ ပြန်လိုကြောင်းဆန္ဒပြုတဲ့အတွက် ပြန်ပို့ပေးမယ့်အကြောင်း ပြောဆိုခဲ့ကြတာ တွေ့ရတယ်လို့ ခရီးမှာ လိုက်ပါသွားတဲ့ သတင်းထောက်တယောက်က ပြောပါတယ်။

“ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်ပြောတာက သူတို့တွေအားလုံးကို စခန်းဖွင့်ပြီး လက်ခံထားပေးမှာ မဟုတ်ပါဘူးတဲ့၊ ဟိုဘက်အစိုးရနဲ့ ဆက်သွယ်ပြီး ပြန်ပို့သွားပေးမှာပါပေါ့၊ ဒုက္ခသည်တွေကလည်း သူတို့ အိမ်ပြန်ချင်တယ်ပဲ ပြောတာပါ၊ နမ်ဘီးယားကို ပြောတာ၊ သူတို့ကို အိမ်ပြန်ပို့ပေးပါ၊ သူကလည်း ပြန်ပို့ပေးမယ်ပဲ ပြောပါတယ်။”

လှေစီးဒုက္ခသည် ၂၀၀ ကျော်အနက် ၈ ယောက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကလို့ သိရပြီး သူတို့ကို နိုင်ငံသား ဟုတ် မဟုတ် စိစစ်နေတယ်လို့ ပြောပါတယ်။

အခု ယာယီစခန်းထဲရောက်နေတဲ့ လှေစီးဒုက္ခသည်တွေဟာ ပင်လယ်ပြင်ထဲ ရက်ပေါင်း ၁၀၀ ကျော် မျောပါနေခဲ့ကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ပြန်လှည့်လာတုန်း အဖမ်းအဆီးရှိလို့ မြန်မာရေပိုင်နက်ထဲအရောက် အဖမ်းခံခဲ့ကြတာ ဖြစ်ပါတယ်။

လှေစီးဒုက္ခသည်တွေ ပြောဆိုချက်အရ သူတို့အားလုံး လူကုန်ကူးခံခဲ့ကြရတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေချည်းဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ပြောဆိုတဲ့စကားနဲ့ ဒေသခံဘင်္ဂလီတွေပြောတဲ့စကား မတူလို့ ကုလအဖွဲ့သွားရောက်ရာမှာ စကားပြန်အတော်ရှာယူခဲ့ရတယ်လို့လည်း သိရပါတယ်။

အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားက မြန်မာအစိုးရအနေနဲ့ လှေစီးဒုက္ခသည်တွေကို လူသားချင်းစာနာမှုနဲ့ အခုလို ကယ်ဆယ်စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောသွားတယ်လို့လည်း ခရီးမှာလိုက်ပါသွားတဲ့ သတင်းထောက်က ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်တွေ ထောင်နဲ့ချီ သောင်တင်နေကြတယ်ဆိုတဲ့ ဒေသတွင်းသတင်းတွေ ထွက်ပေါ်နေချိန်အတွင်း မေ ၂၁ ရက်က မြန်မာ့ပင်လယ်ပြင်မှာ လှေစီးဒုက္ခသည်တစီး ပထမဆုံးဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013