အင်ဒိုနီးရှားတရားရုံးက အသက် ၇၃ အရွယ် ဂျပန်နိုင်ငံသားကို မူးယစ်မှောင်ခိုမှုဖြင့် ထောင်တသက်တကျွန်း ချမှတ်

ဓာတ်ပုံ - အေပီ
1.5K
အင်ဒိုနီးရှားတရားရုံးက အသက် ၇၃ နှစ်အရွယ် ဂျပန်နိုင်ငံသား မာဆာရု ကာဝါဒါကို မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် မေ ၂၀ ရက်နေ့က စီရင်လိုက်ပါတယ်။
သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ မက်သာ ဖက်တာမင်း ပုံဆောင်ခဲ စိတ်ကြွဆေး ၂ ကီလို တွေ့ခဲ့လို့ သူကို နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားခရိုင်ရဲ့ မြို့တော် ပဒန်က မီနန်ခါဘောင် နိုင်ငံတကာလေဆိပ်မှာ ဖမ်းမိခဲ့တာပါ။ သူအသက်အရွယ်ကြောင့် ထောင်ဒဏ်ကို ၁၆ နှစ်ကို လျှော့ပေါ့ပေးဖို့ အစိုးရရှေ့နေချုပ် ဘူဒီ ပရီဟယ်ဒါက ပြောခဲ့ပါတယ်။
ဒါပေမယ့် တရားသူကြီး ဂျွန် အီဖရက်ဒီက ပြစ်ဒဏ်ကို လျော့ပေးဖို့ အကြောင်းပြချက် ရှာမတွေ့ဘူးလို့ ပြောပါတယ်။
ကာဝါဒါရဲ့ ရှေ့နေကတော့ သူအဖမ်းခံရချိန်မှာ သူအိတ်ထဲမှာ စိတ်ကြွဆေးတွေ သယ်လာမိတာကို သူမသိခဲ့ဘူးလို့ ပြောပါတယ်။
ကာဝါဒါကို တရုတ်အမျိုးသမီး တယောက်က မကာအိုမှာ တွေ့ချိန်က ပဒန်မှာ ရှိတဲ့ သူငယ်ချင်းကို အိတ်တလုံး သယ်သွားပေးဖို့ ပြောခဲ့တယ်လို့ ကာဝါဒါက လူတွေ့မေးမြန်းချိန်က ပြောတဲ့အကြောင်း ကျိုဒိုသတင်းဌာနက အစီရင်ခံပါတယ်။
စိတ်ကြွဆေးကို အဲဒီိအိတ်ထဲမှာ တွေ့ခဲ့တာပါ။ သူဟာ မကာအိုကနေ ကွာလာလမ်ပူ အဲဒီကမှ တဆင့် ပဒန်ကို လာခဲ့တာ ဖြစ်ပြီး ကာဝါဒါကတော့ တရားရုံးက သူကို သေဒဏ်ပေး ရင် သူကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို လိုအပ်တဲ့ အင်ဒိုနီရှားပြည်သူတွေကို လှူမယ်လို့ ကတိပြုခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက အစီရင်ခံပါတယ်။
ကာဝါဒါရဲ့ရှေ့နေ ကတော့ အယူခံဝင်ဦးမယ်လို့ ပြောပါတယ်။ ကာဝါဒါကတော့ သူကို တရားရုံးက အပြည့်အဝ ကြားနာ စစ်ဆေးမှု မရှိဘူးလို့ ပြောပါတယ်။
သူရေးတဲ့ စာမှာပါတဲ့ အချက်အလက်ကို အကုန်မဖတ်ရသေးဘူးလို့လဲ ပြောပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မူးယစ်ကုန်ကူးမှု ဥပဒေ အတင်းကြပ်ဆုံး နိုင်ငံတွေထဲက တနိုင်ငံပါ။
နိုင်ငံတွင်း မူးယစ်ကုန်ကူးသူတွေဟာ များသောအားဖြင့် သေဒဏ်ကို ရင်ဆိုင်ရလေ့ ရှိပါတယ်။ ဧပြီလကလည်း အင်ဒိုနီးရှားဟာ နိုင်ငံအတော်များများက မူးယစ်ကုန်ကူးသူ ၈ ယောက်ကို သေနတ်ပစ်တပ်ဖွဲ့ သုံးပြီး သေဒဏ်ပေးခဲ့ပါသေးတယ်။
ဒါကြောင့် ဘရာဇီးနဲ့ သြစတြေးလျတို့က သူတို့ သံတမန်တွေကို အင်ဒိုနီးရှားကနေ ပြန်ခေါ်ထုတ်ခဲ့ပါတယ်။