စက်ဘီးကလေးနဲ့ အဘိုးအို

ဖီးဆင့်စက်ဘီးနွမ်းလေးနဲ့ အဘိုးအိုတစ်ဦးရဲ့ အိမ်ပြန်ချိန်က မှောင်ရီသမ်းနေပါပြီ။ အဘိုးဦးဘိုရဲ့ အသက်ဟာ ၇၇ နှစ်ရှိပြီဖြစ်ပါတယ်။ အဘိုးရဲ့ စက်ဘီးခုံနောက်မှာ ကြိုးနဲ့တုပ်နှောင်ထားတဲ့ ဂျာနယ်ထုပ်တစ်ထုပ်က အမြဲပါတတ်သလို စက်ဘီးလက်ကိုင်မှာလည်း အစွန်းအထင်းတွေနဲ့ ညစ်နွမ်းနွမ်းအိတ်တစ်လုံး ကိုလည်းအမြဲ ချိတ်ဆွဲထားတယ်။ အိတ်ထဲမှာက ကြွတ်ကြွတ်အိတ်၊ ရေသန့်ဘူး၊ ဆေးလိပ်ဘူးခွံ့တစ်ခုနဲ့ တိုလီမုတ်စအစုံ။ စက်ဘီးရှေ့ခြင်းတောင်းထဲမှာတော့ မပို့ဖြစ်လို့ ကျန်နေသေးတဲ့ ဂျာနယ်သုံးလေးစောင်ကို တွေ့ရတယ်။ အဘိုးရဲ့ခေါင်းမှာ ၀ါးခမောက်လေး ဆောင်းထားပြီး အရောင်လွင့်နေတဲ့ ခပ်နွမ်းနွမ်းစတစ်အင်္ကျီအဖြူရောင် လက်ရှည်နဲ့ ခရမ်းရောင်ဖျော့ဖျော့ အကွက်စိပ်စိပ် ပုဆိုးနွမ်းကို တွဲဝတ်ဆင်ထားပါတယ်။ “ကြာပြီ အဘိုး ဒီအလုပ်လုပ်တာ ဆယ်နှစ်လောက်ရှိပြီ။ ဘာသာရေးဂျာနယ်ကိုင်တယ်။ သတင်းစာတွေမကိုင်ဘူး” လို့ အဘိုး က ပြောတယ်။ အဘိုးဦးဘိုလို အသက် ၇၇ နှစ် အရွယ်ဟာ အိမ်မှာ မိသားစုနဲ့ အေးအေးဆေးဆေးအနားယူနေရမယ့် အသက်အရွယ် ဖြစ်ပေမယ့် လမ်းမထက်မှာ စက်ဘီးတစ်စီးနဲ့ တစ်အိမ်တက်စင်း ဂျာနယ်ပို့တဲ့အလုပ်ကို မက်မက်မောမော လုပ်ကိုင်နေတဲ့သူဖြစ်တယ်။ သူ့ပို့ရတဲ့ ဂျာနယ်အမျိုးအစားအများစုက ဘာသာရေး ဂျာနယ်တွေဖြစ်ပြီး ဂျာနယ်ပို့ရတဲ့ အိမ်အရေအတွက်ကိုလည်း အဘိုးက အခုလိုဆိုတယ်။ “နေလ တို့ ဘုန်းရောင် တို့ ဓနသိဒ္ဓိ၊ ဇဗ္မူဒိပ်တို့ အဲ့လိုဟာတွေကိုင်တာ ရိုးရိုးဘောလုံးဂျာနယ်တို့မကိုင်ဘူး။ အဘိုးမိတ်ဆွေတွေကလည်း အဲ့လိုဟာတွေမဖတ်ဘူး။ ဘာသာရေးနဲ့ ပတ်သတ်တာပဲဖတ်ကြတာ။ အနောက်မြို့သစ် ၆၄ လမ်းနဲ့ ၆၅ ကြား အဲဒီက အားကြီးယူတယ်။ ပို့ရတဲ့အိမ်တွေကများတယ်။ အိမ် ၁၀၀ လောက်ရှိတယ်။ ဈေးချိုဆို စနေနေ့သွားတယ်။ ကြာသပတေး၊ သောကြာဆို အနောက်မြို့သစ်ပေါ့။ တစ်ပတ်တစ်ခါပို့ပေးရတယ်။ နေ့စဉ်သွားနေရတာပဲ ဂျာနယ်လုပ်ငန်းဆိုတော့။ တနင်္လာကြ နည်းနည်းပါးသွားပြီ။” လို့ အဘိုးဦးဘိုက သူ့ နေ့စဉ်သူ့ဂျာနယ်ပို့ရတဲ့ အရေအတွက်ကို သူ့လက်ချောင်းလေးတွေထောင်ပြီး အားပါးတရပြောပြတယ်။ အဘိုးဦးဘိုမှာ သားတစ်ယောက်၊ သမီးသုံးယောက်နဲ့ သားသမီးနှစ်ယောက်က မွေးထားတဲ့ မြေးခြောက်ယောက်ရှိတယ်။ သမီးတစ်ယောက်က နေပြည်တော်က အစိုးရရုံးတစ်ရုံး မှာ အစိုးရ၀န်ထမ်း တာဝန်ထမ်းဆောင်နေပြီး လစဉ်ငွေထောက်ပံ့ပေးတာမျိုးရှိတယ်။ သားသမီးတွေက အဘိုးကို အသက်ကြီးပြီမို့ ဂျာနယ်ပို့တဲ့အလုပ်မလုပ်ဖို့ တားပေမယ့် အဘိုးကတော့ ကျန်းမာရေးကောင်းတဲ့အချိန်မှာ ဒီအလုပ်လုပ်နေရတာကို ကျေနပ်နေပုံရတယ်။ အဘိုးက တစ်အိမ်တက်ဆင်း ဘာသာရေးဂျာနယ်တွေ ပို့ရတဲ့အပေါ်မှာလည်း ကုသိုလ်ရတဲ့ အလုပ်လို့ ခံယူထားပုံရတဲ့အတွက် သားသမီးတွေတားမြစ်တဲ့စကားကို လက်မခံခဲ့ပါဘူး။ “အဘိုး ဒီအလုပ်မလုပ်လည်း မိသားစုစားဝတ်နေရေးက ရပါတယ်။ အဘိုးကိုယ်တိုင်က ငါကျန်းမာရေးကောင်းနေတာ လုပ်မယ်ဆိုပြီးလုပ်နေတာ။ သားသမီးတွေက ပြောတယ်။ သူတို့က မသွားနဲ့ အိမ်လာစားပါ။ အိမ်လက်နိုက်ဆေးစား အဲ့လိုပြောတယ်။ အဲ့ဒါကို အဘိုးက ကိုယ်လှုပ်ရှားနိုင်တုန်း လှုပ်ရှားမယ်ဆိုပြီး နေလိုက်တာပေါ့။ ၀ါသနာလည်းပါတယ်။ ကုသိုလ်ရေးလည်း ရတယ်လေ။ ဘာသာရေးနဲ့ပတ်သတ်တာ ပို့ရတာ။” လို့ အဘိုးဦးဘိုက ပြောတယ်။ အဘိုးရဲ့ ဂျာနယ်ပို့လို့ ရတဲ့ တစ်နေ့ဝင်ငွေက အနည်းဆုံး (ကျပ်) နှစ်ထောင်နဲ့ နှစ်ထောင်ငါးရာကြားမှာရှိတယ်။ တစ်နေ့တာရှာလို့ရတဲ့ ပိုက်ဆံကို အိမ်မှာရှိတဲ့ အဘိုးထက် အသက် ၅ နှစ်ငယ်တဲ့ အဘိုးရဲ့ ဇနီး သုံးဖို့လိုအပ်တဲ့ မီးဖိုချောင်စရိတ်ပေးပြီး ဒီလိုပေးနိုင်တဲ့အပေါ်မှာလည်း အဘိုးက၀မ်းသာ ဂုဏ်ယူနေပုံရတယ်။ “တစ်ရက်ကို ၂၀၀၀ လောက်၊ တစ်ခါတလေ ၂၅၀၀ လောက်ကျန်တယ်။ ရတဲ့ ပိုက်ဆံကို အဖွားကြီးက တော်ကြာ ဆီလိုချင်တယ်ဆိုရင် ဆီ ၁၂၀၀ ဖိုးဝယ်လိုက်ပြန်၊ တော်ကြာ ကြက်ဥ တစ်ထောင်ဖိုးဝယ်လိုက် အဲလိုဝယ်ပေးလိုက်တာ” လို့ အဘိုးက ရယ်မောပြီး ပြောတယ်။ အချိန်ပြည့် ဆိုင်ကယ်တွေ ကားတွေ ရှုပ်နေတဲ့ မန္တလေးမြို့က လမ်းမကြီးတွေပေါ်မှာ အဘိုးဦးဘိုတစ်ယောက် ဂျာနယ်ပို့သွားရင်း မတော်တဆ ကားနဲ့ ပွတ်တိုက်မိတာ၊ ဆိုင်ကယ်နဲ့ ပွတ်တိုက်မိတာတွေလည်း တခါတရံ ကြုံရတာမျိုးရှိတယ်။ ဒီလို အဖြစ်အပျက်တွေထဲကမှ အဘိုးဦးဘိုကို ကားတစ်စီးက ပွတ်တိုက်သွားလို့ ကောင်မလေးတစ်ယောက်က ကူညီတဲ့ဓာတ်ပုံ အင်တာနက်ပေါ်မှာ ပြန့်သွားခဲ့တဲ့ ဖြစ်ရပ်လည်းရှိခဲ့ပြီး ဒီဖြစ်ရပ်ကို အဘိုးက အခုအချိန်ထိ အမှတ်တရ ရှိနေတယ်။ “တခါတုန်းက ၃၅ လမ်းပေါ် ရှမ်းယဉ်ကျေးမှုအသင်းဆိုတာ ရှိတယ်လေ။ အဲဒီရှေ့မှာ အဘိုးက ဗွက်ရှောင်တာပေါ့။ အဲမှာ ပါဂျဲရိုးကားက နောက်ပွတ်သွားတာ စက်ဘီးလဲသွားတယ်။ လဲသွားတော့ ငွေလေး နှစ်ထောင်ပဲပေးသွားတယ်။ ပါဂျဲရိုးကလည်းစီးတော့ အဆင့်မြင့်ကားပေါ့လေ။ ငွေနှစ်ထောင်လည်းသူ မပါလို့နေမှာပါဆိုပြီး စိတ်ထဲဘယ်လိုမှ မအောင့်မေ့ပါဘူး။ အဲ့မှာ ကလေးမလေးတစ်ယောက်က ရောက်လာပြီးတော့ သူ့ပစ္စည်းပါတာအပြင် ငွေငါးထောင်ပေးကမ်းသွားတယ်။ အံ့အားသင့်တယ်ပေါ့လေ။ ကလေးမလေးက အခုလမ်းတွေ့ရင် ဆိုင်ကယ်ရပ်တော့တာ။ သိတဲ့သူတွေက ပြောတယ်။ အဘိုးအင်တာနက်ပေါ်မှာ ပါတယ်တဲ့။ အဘိုးလည်းအားနာတယ်။ သူတို့ စေတနာရှိရင်ပေးပေါ့လေ။ မတောင်းချင်ဘူး။” လို့ အဘိုးကကြုံရတဲ့ အဖြစ်အပျက်ကို အဝေးကိုငေးရင်းပြန်ပြောပြတယ်။ အဲဒီနောက်ပိုင်း အဘိုးဦးဘို တစ်ယောက် ဆိုင်ကယ်၊ ကားတွေ အန္တရာယ်ကြောက်လို့ လမ်းဘေးမှာပဲ စက်ဘီးကို ဂရုတစိုက်စီးဖြစ်ပြီး အိမ်ကို မိုးမချုပ်ခင် အရောက်ပြန်တော့တယ်။ “ဆယ်နာရီ ဆယ့်တစ်နာရီဆို အိမ်ကထွက်တယ်။ ညနေ ၅ နာရီ ၆ နာရီဆိုအိမ်ရောက်ပြီ။ သိပ်မိုးချုပ်အောင်မနေရဲဘူး။ ဆိုင်ကယ်တွေကြောက်လို့။ အဘိုးက စောင့်မောင်းတယ် အရေးမကြီးဘူး ဘေးကပ်နိုင်သလောက် ကပ်ပေးလိုက်တယ်။ အိမ်က အဖွားကြီးကလည်း စိုးရိမ်တယ်။ မိုးချုပ်အောင်မနေနဲ့ လို့မှာတယ်” လို့ အဘိုး ဦးဘိုက ပြောတယ်။ အဘိုးဦးဘို ဂျာနယ်ပို့တဲ့ အလုပ်မလုပ်ခင်က မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ရေစက်မောင်းတဲ့ ၀န်ထမ်း အလုပ်ကိုလုပ်ခဲ့ပြီး ၀န်ထမ်းလစာနဲ့စားဝတ်နေရေး မလုံလောက်လို့ ဂျူတီနားချိန်မှာ အချိန်ပိုင်း ဆိုက်ကားနင်းတဲ့ အလုပ်ကိုလည်း လုပ်ခဲ့တယ်။ အသက် ၆၀ ပြည့်လို့ ၀န်ထမ်း အလုပ်က အနားယူတဲ့အချိန် ဆိုက်ကားနင်းတဲ့အလုပ်ကို သားသမီးတွေက ခွင့်မပြုလို့ နားခဲ့ရတယ်။ ဒါပေမယ့် အလုပ်မလုပ်ဘဲ မနေတတ်တဲ့ အဘိုးက မိတ်ဆွေတစ်ယောက် အကြံပေးချက်အရ ဂျာနယ်ပို့တဲ့အလုပ်ကို အခုအသက် အရွယ်ထိ ဆက်လုပ်ခဲ့တာလို့ ဆိုတယ်။ အသက်အရွယ်ကြီးလို့ ခါးကုန်းတာ ကလွဲရင် မျက်စိ အမြင်၊ နားအကြား၊ ကျန်းမာရေး ကောင်းမွန်မှုရှိတာ အဘိုးဦးဘိုရဲ့ ပြောဆို လှုပ်ရှားမှုတွေက သက်သေပြနေတယ်။ အခုလိုအလုပ်လုပ်ပြီး လှုပ်ရှားနေတာကြောင့် အဘိုးကျန်းမာရေးကောင်းမွန်နေတာလားလို့ မေးတဲ့အခါ သွားနှစ်ချောင်းစ သုံးချောင်းစ သာရှိတော့လို့ အတွင်းမှာ ချိုင့်ဝင်နေတဲ့ အပေါ်အောက် နုတ်ခမ်းနှစ်ခုကို မထိတထိနဲ့ရယ်ပြီး အဖိုးက ခေါင်းငြိမ့်ပြတယ်။ အဘိုး ဦးဘိုဂျာနယ်ပို့နေကြ အိမ်တွေကလည်း အဘိုးကို ချစ်ခင်ကြပုံရတယ်။ ရံဖန်ရံခါ ဟင်းချက်စရာ ပေးတာ၊ စားစရာမုန့်တွေပေးတာ၊ အဘိုးဂျာနယ်ပို့ရင်း မောတဲ့အခါ သောက်ရအောင် ရေသန့်ဘူးပေးတာတွေ ရှိတယ်လို့ပြောပြနေတဲ့ အဘိုးမျက်နှာက ဂရုစိုက်ခံရမှုအပေါ် ၀မ်းသာကျေနပ်နေတဲ့ ပုံပေါ်နေတယ်။ “၆၄ လမ်းပေါ်က စတိုးဆိုင် ကဂျာနယ်တစ်စောင်ဘယ်လာက်လည်း သုံးရာဆိုလို့ ဂျာနယ် တစ်စောင်လည်းယူတယ်။ ရေသန့်ဘူးလည်း ပေးသေးတယ်။ ကိတ်မုန့်စားဖို့ တစ်ရာတန်လေးတွေ နှစ်ထုပ်အဲလိုလေးတွေပေးတယ်။ ရေသန့်ကို ပိုက်ဆံမယူဘူး ဂျာနယ်မထွက်တဲ့ရက်လည်း ၀င်လို့ပြောတယ်။ စေတနာအကျိုးကတော့ ပေးပါတယ်။ ၅၈ လမ်းပေါ်က တိုက်ကလည်း သူကလည်း ဂျာနယ်အမြဲ ယူတယ်။ တခါတလေ မုန့်တို့ ကုလားပဲဆံတို့ ငါးခြောက်တို့ အိမ်ချက်စရာလေးတွေပေးတယ်။” လို့ အဘိုးဦးဘိုကပြောတယ်။ အဘိုးဂျာနယ်ပို့ပြီး အိမ်အပြန်ဆိုရင် စက်ဘီးရဲ့ ထိပ်မှာအမြဲတမ်းလိုလို ထမင်းဟင်းထုပ်တွေကို ချိတ်ဆွဲထားတာကိုလည်း တွေ့ရတတ်တယ်။ ဒီထမင်းဟင်းထုပ်လေးတွေက မသိတဲ့သူဆို အိမ်ကမိသားစုအတွက်လို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် ဒီထမင်းဟင်းထုပ်လေးတွေက ထင်သလို အဖိုးအိမ်အတွက်တော့ မဟုတ်ခဲ့ပါဘူး။ “ဂျာနယ်ဝင်ပို့ရင်း အိမ်တွေဆီက ထမင်းကျန်ဟင်းကျန်တွေ တောင်းပြီး ၅၉ လမ်းမှာ ခွေးတွေကို အိမ်အပြန်အမြဲအစာကျွေးဖြစ်တယ်။ ကုသိုလ်လုပ်တာပေါ့” လို့ အဘိုးက သူ့အမြဲလုပ်နေကြ အလေ့အထလေးတစ်ခုကိုပြောပြတယ်။ အဲဒီဝန်းကျင်က ခွေးလေးတွေကလည်း အဖိုးလာနေကြအချိန်ဆိုအမြဲမျှော်နေကြတယ်လို့ အဖိုးဦးဘိုက ပြောပြတယ်။ အဘိုးဦးဘိုက ကံသာယာမြို့သစ် ၅၇ လမ်းက သူ့ ကိုယ်ပိုင်အိမ်လေးမှာသူ့အမျိုးသမီး၊နဲ့ သမီးတစ်ဦးတို့နဲ့ လက်ရှိအတူနေထိုင်ပြီး ဒီအလုပ်ကို သူလှုပ်ရှားလို့ ရနေသမျှ ကာလဆက်လုပ်သွားဖို့ သံန္နိဋ္ဌာန်ချထားပုံရတယ်။ “အိမ်ထဲလှဲမနေချင်ဘူး၊ လှုပ်လှုပ်ရှားရှားပဲနေချင်တယ်။ ဂျာနယ်မထွက်တဲ့နေ့ပဲ အိမ်မှာ အေးအေးဆေးဆေးနေတယ်။ ဒီအလုပ်ကို ဘယ်တော့ နားမယ်ဆိုတာ မရှိသေးဘူး၊ လုပ်လို့ရသလောက် လှုပ်ရှားနေအုန်းမှာပဲ” လို့ အဘိုးကပြောတယ်။ ညအမှောင်ကလည်း သိသိသာသာလွမ်းလာပြီမို့ စက်ဘီးနောက်မှာ ကြိုးနဲ့ ချည်ထားတဲ့ အထုတ်ရဲ့အပေါ်က အနွေးထည် ခပ်နွမ်းနွမ်းလေးကို အဘိုးက၀တ်လိုက်ပါတယ်။ ပြီးတော့ အဘိုးရဲ့ဦးတည်ရာဟာ ပြန်အလာကိုအိမ်မှာမျှော်နေမယ့် အိမ်သူအဖွားရှိရာကို……..။ သက်စုအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up