Home
မြန်မာသတင်း
ကိုးကန့် အရေးပေါ်အခြေအနေ ရက် ၉၀ ထပ်တိုးပေးရန် အဆိုတင်
နေဖြိုးဝင်း
·
May 14, 2015
ကိုးကန့်ဒေသမှာ အရေးပေါ်အခြေအနေကြေညာထားတာကို နောက်ထပ် ရက်ပေါင်း ၉၀ ခွင့်ပြုပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်းလိုက်ပါတယ်။ ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ ဥပဒေလို အာဏာတည်တဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အမိန့်အမှတ် (၁/၂၀၁၅) ထုတ်ပြန်ထားတာ မေလ ၁၇ ရက်နေ့ ပြည့်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဒေသမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုး ရေးဟာ မူလအခြေအနေကို ပြန်မရောက်သေးတဲ့အတွက် နောက်ထပ် ရက်ပေါင်း ၉၀ ဆက်လက်အတည် ပြုပေးဖို့ အခုလို တင်သွင်းတာလို့ ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က သတင်းထောက်တွေကို ပြောပါတယ်။ “မနေ့ကတောင် သတင်းစာထဲ ပါတာပဲ။ မေ ၁၁ ရက်၊ မေ ၁၂ ရက် တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အခြေအနေ။ ဒါကြောင့် မူလအခြေအနေကို ပြန်မရောက်သေးဘူးလို့ ပြောတဲ့သဘောပါပဲ။ လုပ်တယ်ဆိုတာက ကိုယ်က တယောက်တည်း လုပ်တာမဟုတ်ဘူး၊ ရန်သူကလည်း လုပ်နေတာ။ အဲတော့ ရန်သူ့ရဲ့ အနေအထားပေါ် မူတည်ပြီး၊ လောလောဆယ် အချိန်ကတော့ မပြည့်သေးဘူး။ မေ ၁၇ ရက်မှ ရက်ပေါင်း ၉၀ ပြည့်မှာ။ အဲတော့ နောက်ထပ်တိုးပေးဖို့ လုပ်တဲ့သဘောပါပဲ။ ဒါပေမယ့် ကိုယ်တို့က အဆိုတင်တာပဲရှိတာ၊ လွှတ်တော်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကတော့ မနက်ဖြန်ကျမှ သိရမှာပါ။” အခု ရက်ပေါင်း ၉၀ ထပ်ခွင့်ပြုပေးဖို့ အဆိုကိုတော့ မေလ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေကြေညာတာကို နောက်ထပ် ရက်ပေါင်း ၉၀ ခွင့်ပြုပေးဖို့ လွှတ်တော်ကို အဆိုတင်ထားပေမယ့် နယ်မြေ ပြန်လည် အေးချမ်းသာယာဖို့ကတော့ ရန်သူ့အခြေအနေပေါ်မှာ မူတည်တယ်လို့ ၀န်ကြီးက ပြောပါတယ်။ “ရန်သူနဲ့ ကိုယ်နဲ့ ၂ ယောက်ရှိတဲ့နေရာမှာ ကိုယ်တယောက်တည်းနဲ့လည်း လုပ်လို့မရဘူး၊ သူ့အပေါ်မှာလည်း မူတည်တာပေါ့” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောပါတယ်။ ကိုးကန့်ဒေသမှာ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အရေးပေါ်အခြေအနေ အမိန့်အမှတ် (၁/၂၀၁၅) နဲ့ စစ်အုပ် ချုပ်ရေးအမိန့်အမှတ် (၂/၂၀၁၅) တို့ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဦးဖုန်ကြားရှင်ခေါင်ဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ အမ်အန်ဒီအေအေ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နဲ့  အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က စတင် ဖြစ်ပွားခဲ့ရာမှာ ၃ လကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024