အမေရိကန်တွင် ရထားလမ်းချော်၊ အနည်းဆုံး ၇ ဦးသေ

အမေရိကန် ပြည်ထောင်စု ဖိလစ်ဒဲဖီးယားမှာ အမ်ထရပ် ရထား ၁၈၈ လမ်းချော်တဲ့ အတွက် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရသွားပါတယ်။ မေ ၁၂ ရက်ညက ဖြစ်ပွားခဲ့တဲ့ ဒီမတော်ဆမှုဟာ သတ်မှတ်အရှိန်ထက် ၂ ဆ ပိုမောင်းတာကြောင့် အခုလို ဖြစ်တာလို့ လုံခြုံရေး ကျွမ်းကျင်သူတွေကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။ ၁ နာရီကို ၅၀ မိုင်နှုန်း မောင်းနှင်ရမယ့် လမ်းကြောင်းပေါ်မှာ ၁၀၆ မိုင်နှုန်းနဲ့ မောင်းနှင်ခဲ့ပြီး အရေးပေါ် ဘရိတ်ကို နင်းလိုက်တဲ့အတွက် လမ်းချော် တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။ အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံရေး ဘုတ်အဖွဲ့က ရောဘတ် ဆန်ဝေါလ်က အရှိန်ကို ထိန်းချုပ်တဲ့ စနစ်တွေကို ဒီလမ်းကြောင်းပေါ်မှာ မတပ်ရသေးတဲ့ အတွက် ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။ “ဒီစနစ်ကို ဒီလမ်းကြောင်းပေါ်မှာ တပ်ထားရင် ဒီမတော်တဆမှုက ဖြစ်မှာ မဟုတ်ဘူးလို့ ခံစားရတယ်” လို့ သူက ပြောပါတယ်။ အရှိန်ကို မှတ်တမ်းထင်ထားတဲ့ ဘလက်ဘော့စ်ကိုလည်း အပျက်အစီးတွေကြား ရှာဖွေတွေ့ ရှိခဲ့ပြီ ဖြစ်သလို ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ရထားလမ်းချော်တဲ့ အချိန်မှာ ခရီးသည် ၂၃၈ ဦးနဲ့ ရထားမောင်းသမား ၅ ဦး လိုက်ပါစီးနင်းလာတယ်လို့ ဆိုပါတယ်။

More News
Up