မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးကို သစ္စာဖောက်မှုဖြင့် ကွပ်မျက် (ရုပ်သံ)

မြောက်ကိုရီးယားနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး ဟွန်ယောင်ချိုးကို သစ္စာဖောက်မှုနဲ့ ကွပ်မျက်လိုက်တယ်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး ဝန်ဆောင်မှုအဖွဲ့ (အန်အိုင်အက်စ်)ကို ကိုးကားပြီး လွှတ်တော်အမတ်တွေက ပြောပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်မှာ ဖခင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်အပြီး သားဖြစ်သူ ကင်ဂျုံအွန်း အာဏာရလာပြီးတဲ့နောက် နိုင်ငံရေးသုတ်သင်မှုတွေထဲက နောက်ဆုံးဖြစ်ရပ်ပါ။ ဟွန်ကို သေနတ်ပစ်တပ်ဖွဲ့က လေယာဉ်ပစ်သေနတ်နဲ့ ပစ်ခတ် ကွပ်မျက်မှုကို ရာနဲ့ ချီတဲ့လူတွေ ကြည့်ခဲ့ရတယ်လို့ တောင်ကိုရီးယားမီဒီယာက လွှတ်တော်တွင်း အန်အိုင်အက်စ် ရဲ့ မှတ်ချက်ကို ကိုးကားပြီး မေ ၁၃ ရက် ဒီနေ့မှာ အစီရင်ခံပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ရုရှားနိုင်ငံ မော်စကိုမြို့တော်က လုံခြုံရေးညီလာခံမှာ စကားပြောခဲ့တဲ့ ဟွန်ဟာ စစ်ရေးပြပွဲမှာ ခေါင်းဆောင် ကင်ကို မခန့်လေးစားလုပ်ပြီး ငိုက်မျဉ်းနေခဲ့တယ်လို့ မီဒီယာက ဖော်ပြပါတယ်။ ဒီနှစ်ထဲမှာပဲ ကင်ဂျုံအွန်းက အကြီးတန်း အရာရှိ ၁၅ ယောက်ကို သူအာဏာကို စိန်ခေါ်မှုအတွက် အပြစ်အနေနဲ့ ကွပ်မျက်ဖို့ အမိန့်ပေးခဲ့သေးတယ်လို့ အရင်လကုန်ပိုင်းက တောင်ကိုရီးယား သူလျှိုအေဂျင်စီက ပြောခဲ့ပါသေးတယ်။ ၂၀၁၃ ခုနှစ်တုန်းကလဲ မြောက်ကိုရီးယားနိုင်ငံရေးမှာ ဒုတိယသြဇာအကြီးဆုံးဖြစ်တဲ့ ဦးလေးဖြစ်သူ ဂျန်ဆောင်တိတ်ကို သုတ်သင် ကွပ်မျက်ခဲ့ပါသေးတယ်။ အဲဒီနောက် လူသိနည်းတဲ့ ဗိုလ်ချုပ် ဟွန်ကို မြောက်ကိုရီးယားစစ်တပ်ရဲ့ ဒုတိယအကြီးအကဲ ရာထူးကို ၂၀၁၂ ခုနှစ်မှာ ရာထူးတိုးပေးခဲ့ပါတယ်။ အခု သုတ်သင် ခံရတဲ့အသုတ်ထဲမှာ မြောက်ကိုရီးယားရဲ့ အခြေခံ အဆောက်အဦ သစ်တွေအတွက် ဗိသုကာချုပ်လို့ သိကြတဲ့ မာဝမ်ချွန်းလည်း သုတ်သင်ခံရတယ်လို့ တောင်ကိုရီယား သူလျှိုအေဂျင်စီက ပြောကြောင်း ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up