အမျိုးသမီးပါတီထူထောင်ခွင့် ပယ်ချခံရ
နော်နိုရင်း
·
May 13, 2015
မြန်မာနိုင်ငံမှာ ပထမဆုံးအမျိုးသမီးပါတီကို ထူထောင်ခွင့်ရရှိဖို့ မွန်အမျိုးသမီးတွေ ဦးဆောင်ပြီး လျှောက်ထားခဲ့ရာမှာ မေ ၁၂ ရက်မှာတော့ အမျိုးသမီးပါတီအမည်နဲ့ ထူထောင်ခွင့်မပြုနိုင်ကြောင်း နဲ့ အမည်ပြောင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ကြားလိုက်ပါတယ်။
ပါတီခေါင်းဆောင် မိလယိုင်မွန် (ခေါ်) မိသန်းရှင်က “အမျိုးသမီးပါတီဆိုရင် မပေးဘူးတဲ့။ အမျိုးသားပါတီဆိုလည်း မပေးဘူးတဲ့။ နေပြည်တော်မှာပေါ့နော် အမျိုးသားပါတီအနေနဲ့ တင်ထားတာရှိတယ်ပေါ့နော်။ အမျိုးသား အမျိုးသမီး နာမည်နဲ့ဆို မပေးဘူးတဲ့။ အရှေ့မှာ တလုံးထည့်ရင်ထည့် သို့မဟုတ် အနောက်မှာ တလုံးထည့်ရင်ထည့် အဲဒါမှ ရမယ်တဲ့။ အဲလိုမဟုတ်ရင် ချပေးလို့မရဘူးလို့ ပြောတယ်။”လို့ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးလှမောင်ချိုကတော့ အမျိုးသမီး ပါတီဟာ တနိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုသလို သက်ရောက်မှာစိုးလို့ အမည်ပြန်ပြောင်းတင်ခိုင်းထားတယ်လို့ ပြောပါတယ်။
“အမျိုးသမီးပါတီဆိုတဲ့ စကားရပ်ရှေ့မှာသော်လည်းကောင်း၊ နောက်မှာသော်လည်း ကောင်း ဖြည့်စွက်ပြီးတော့ နာမည်ပြန် တင်ပေးဖို့ ကျနော်တို့ အကြောင်းကြားထားပါတယ်။ အမျိုးသမီး ပါတီရှိလို့ရှိရင် အမျိုးသားပါတီက ရှိလာမယ်လေ။ အဲဒါ ကျနော်တို့ ကျားမခွဲခြားတဲ့ သဘောဖြစ်သွားမှာ စိုးလို့။”လို့ ပြောပါတယ်။
အမျိုးသမီးပါတီခေါင်းဆောင် မိသန်းရှင်ကတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ကို နာမည်ပြောင်းဖို့ အကြောင်းကြားတဲ့အတွက် အမျိုးသမီးပါတီ အနောက်မှာ (မွန်) ဆိုပြီး ပြန်ပြောင်း လျှောက်မှာဖြစ်တယ်လို့ ပြောပါတယ်။
အမျိုးသမီးပါတီ ထူထောင်ခွင့်ရဖို့အတွက် မွန်အမျိုးသမီး ၁၅ ဦး ကော်မီတီနဲ့ ပါတီထူထောင်ခွင့် ရဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ပါတီထူထောင်ခွင့် လျှောက်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ပါတီ အသစ်ထူထောင်ခွင့်တွေကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ပိတ်လိုက်ပါ တယ်။
ဒါပေမယ့်ပါတီထူထောင်ခွင့်လျှောက်ထားပြီးသားသူကိုတော့ ဆက်လက် စိစစ်အတည်ပြုနေ တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ကပြောပါတယ်။