နီပေါငလျင်ဒုက္ခသည်များ အစိုးရအကူအညီ မရသေး

နီပေါမှာ ငလျင်ဒဏ်ခံရအပြီး ၁၆ ရက်ကြာတဲ့အချိန်အထိ အစိုးရဆီက အကူအညီတွေ မရသေးတဲ့အတွက် ငလျင်ဒုက္ခသည်တွေ စိတ်ပျက်နေကြပါတယ်။ nepal562ဧပြီ ၂၅ ရက်နေ့က ပြင်းအား  ၇ ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီး လူ ၈၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ လူ ၁၆၀၀၀ ကျော်လည်း ဒဏ်ရာရခဲ့ပြီး အိမ်ခြေ သန်းတ၀က်လောက်လည်း ပျက်စီးခဲ့ပါတယ်။ အစပိုင်းမှာ အစိုးရရဲ့ အကူအညီတွေ နှေးကွေးခဲ့ရုံမက အခုအချိန် အထိလည်း ထိထိရောက်ရောက် မရှိသေးဘူးလို့ ငလျင်ဘေးဒဏ်ခံခဲ့ရသူကတွေက ပြောပါတယ်။ ကက်သမန်ဒူမြို့အနားက သမိုင်းဝင် ဒါဘာရင်ပြင်အနီးမှာ နေထိုင်တဲ့ ဆူဒန် ဘတ် အာချာယာက အစိုးရဆီက ဘာအကူအညီမှ မရဘူး။ ရဲတွေကလည်း ကင်းလှည့်နေပေမယ့် ဘာအကူအညီမှ  မပေးဘူးလို့ ပြောပါတယ်။ ငလျင်ဒဏ်ကို နီပေါ လူဦးရေ ၂၈ သန်းထဲက ၈ သန်းလောက် ခံစားခဲ့ရပါတယ်။ လူ ၃ သန်းလောက်ကတော့ လာမယ့် ၃ လစာအတွက် နေစရာ၊ စားစရာ၊ ရေနဲ့ ဆေးဝါး လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ အစိုးရကတော့  နိုင်ငံတကာ အကူအညီတွေ ရတယ်ဆိုပေမယ့် လိုအပ်ချက်နဲ့ မကိုက်ဘူးလို့ ဆိုပါတယ်။ တကယ်လိုနေတဲ့ တာပေါ်လင် အမိုးတွေ၊ ပလက်စတစ် အကာတွေ၊ ဆေးဝါးတွေ မရဘဲ၊ ရေသန့် ပုလင်းတွေ၊ လေးလံတဲ့ ယာယီတဲတွေ၊ ငါးသေတ္တာတွေချည်း အလျှံပယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ တချို့ကလည်း နီပေါရဲ့ အခြေခံ အဆောက်အဦပိုင်း အားနည်းချက်ကြောင့် အကူအညီတွေ ဖြန့်ဖြူးတဲ့အပိုင်းမှာ နှောင့်နှေးတယ်လို့ ပြောကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up