Home
ဆောင်းပါး
စက်ဘီးလေးတစ်စီးနှင့် သူတို့ နှစ်ယောက်
DVB
·
May 10, 2015
စက်ဘီးတစ်စီးနှင့် မြန်မာပြည်အနှံ့ ဘုရားဖူးသွားဖို့ သင်စဉ်းစားဖူးပါသလား။ စဉ်းစားပြီးရင်ရော သွားဖြစ်ခဲ့ပါသလား။ အများစု မစဉ်းစားဖြစ် မသွားဖြစ်ခဲ့ပေမယ့်လည်း သူတို့နှစ်ဦးကတော့ စက်ဘီးတစ်စီးနဲ့ မြို့၁၇၇ မြို့က ဘုရားတွေကို ဖူးခဲ့ပြီးပါပြီ။ သူတို့နှစ်ဦး စက်ဘီးတစ်စီးနဲ့ မြန်မာပြည်အနှံ့က ဘုရားဖူးဖို့ ထွက်ခဲ့တာ လာမယ့် ဇွန်လ ၁၃ ရက်နေ့ဆို တစ်နှစ်ပြည့်ပါပြီ။ သူတို့ နှစ်ဦးက အသက် ၅၈ နှစ်အရွယ် ဦးချို ဆိုတဲ့ အမျိုးသားတစ်ဦးနဲ့ ဒေါ်ခင်မြင့်ဝင်း ဆိုတဲ့ အမျိုးသမီးတစ်ဦး။ နှစ်ဦးက သက်တူရွယ်တူ၊ စိတ်ကူးတူ၊ ရည်ရွယ်ချက်တူကြတဲ့ ဇနီးမောင်နှံနှစ်ဦး။ သူတို့နှစ်ဦး နေပြည်တော် တပ်ကုန်းမြို့မှာ နေထိုင်ကြတယ်။ ဦးချိုက မန္တလေးတိုင်းထဲမှာပါတဲ့ ရွှေမြို့အုပ်စု သပြေချောင်းရွာ ဇာတိ၊ ဇနီးဖြစ်သူက တပ်ကုန်းဇာတိ။ အသက် ၃၀ အရွယ် အိမ်ထောင်ကျတော့ ဦးချိုဇာတိ ရွာမှာနေထိုင်လယ်လုပ်ကြရင်း ပိုင်ဆိုင်တဲ့ လယ် ၁၈ ဧက တပ်မတော်က သိမ်းတဲ့ထဲပါသွားတယ်။ ဦးချိုတို့ စီးပွားရေးချို့တဲ့သွားပြီး ရှိတဲ့ နွားတရှဉ်းရောင်းချ တပ်ကုန်းကို ပြောင်းရွှေ့လာတယ်။ တပ်ကုန်းရောက်တဲ့အခါ ဦးချို သူမှာဖြစ်ပေါ်နေတဲ့ ဆန္ဒလေးကို ဇနီးဖြစ်သူကို ပြောပြတယ်။ အဲဒီဆန္ဒက မြန်မာပြည်အနှံ့က ဘုရားတွေကို ဖူးချင်တဲ့ဆန္ဒ။ ဆန္ဒကို အကောင်အထည်ဖော်ချင်သော်လည်း ငွေကြေးက မပြည့်စုံ။ သို့သော် ဦးချို ဆန္ဒကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအခါမှာ စက်ဘီးနဲ့ ဘုရားဖူးထွက်တဲ့ ခရီးစဉ်အစပြုခဲ့တာပါတယ်။ “ကြုံရာကျပန်းလုပ်စားရင်းနဲ့ ဘုရားတွေက သူများပြောသံကြားဖူးပါတယ်။ တီဗွီတွေထဲမှာမြင်ဘူးတယ် အဘတို့ မသွားနိုင်ဘူး။ အဲ့တော့ အဘတို့ ဇနီးမောင်နှံ နှလုံးသားထဲမှာစိတ်ကူးရှိတယ်။ ဒါပေမယ့် မပြည့်စုံတော့ မဖူးနိုင်ဘူး။ အဲ့မှာ ငွေမရှိရင်နေပစေ ငါမှာ ခြေထောက်ရှိတယ်။ လက်ရှိတယ်။ သွားမယ်ဆိုပြီး နယုန်လပြည်ကျော် ၁ ရက်နေ့ တပ်ကုန်းကနေ စထွက်တယ်” လို့ ဦးချိုက ပြောတယ်။ ဘုရားဖူး စထွက်စဉ်မှာ ငွေကျပ်တစ်သိန်း၊ တစ်ယောက်ကို အ၀တ်နှစ်စုံ၊ စက်ဘီးလေးတစ်စီးနဲ့ ခရီးစဉ်စခဲ့တဲ့ သူတို့ နှစ်ယောက်။ တစ်နှစ်နီးပါးအကြာ ဒီနေ့ (မေလ ၈ ရက်) သူတို့ကို တွေ့တဲ့အချိန်မှာတော့ စက်ဘီးရှေ့ခြင်းထဲမှာ ရေသန့်ဘူးနဲ့ ယပ်တောင်၊ အမွေးတိုင်၊ မီးခြစ် စတဲ့ ထွေလီကာလီ ပစ္စည်းအစုံ၊ စက်ဘီးရှေ့ခြင်းမှာ ရေသန့်ဘူးတစ်ဘူးကို ကြေးနန်းကြိုးနဲ့ တုပ်ထားပြီး ရေသန့်ဘူးထဲမှာ ရေမပါဘဲ ထိုးစိုက်ထားတဲ့ ပလပ်စတစ်အလှပန်းခိုင်တစ်ခိုင်၊ စက်ဘီးခြင်းရဲ့ ဘယ်ဘက်ဘေးမှာ ဖက်ကြမ်းဆေးလိပ်တစ်လိပ်ထည့်ထားတဲ့ ဆေးလိပ်ခွက်လေးတစ်ခွက်။ စက်ဘီးနောက်ခုံဘေးတစ်ဖက်တစ်ချက်မှာ အိပ်ယာလိပ် နဲ့ အ၀တ်အစားထည့်ထားတဲ့ ပီနံအိတ်အဖြူကြီးနှစ်လုံး။ စက်ဘီးနောက်ခုံရဲ့ အနောက်တန်းတစ်ခုပေါ်မှာ စားအိုးစားခွက်တွေတည့်ထားတဲ့ အိတ်ကြီးကြီးတစ်လုံး။ စက်ဘီးရဲ့ရှေ့ဘီးမှာတော့ ဘုရားဖူးယာဉ်ဆိုတဲ့ ကပ်ပြားလေးတစ်ခု။ သူတို့ကို ရုတ်တရက်ကြည့်လိုက်ရင် ဈေးသည်လိုလို၊ အလှူခံလိုလို။ “စက်ဘီးနဲ့ဆိုတော့ ဈေးရောင်းတာလား အလှူခံလားမေးတယ်။ မဟုတ်ပါဘူး။ အဲဒါကြောင့် ဆိုင်းဘုတ်ကလေးတပ်ထားတာ၊ ဘုရားဖူးယာဉ်လို့၊ တစ်ချို့က ဂေါ်ဖီထုတ်မပါဘူးလား လာမေးတာရှိတယ်။ ဈေးရောင်းတယ်ထင်ပြီး၊ ဘယ်မှာ ပွဲဈေးရှိတယ်ဆို ညွှန်ကြတယ်။ ကလေးလေးတွေက ပိုက်ဆံလေးတွေ ကိုင်ပြီးလာတယ် အလှူခံမှတ်လို့။ အဲလိုတွေ မေးပါများတော့ ဘုရားဖူးယာဉ်ဆိုပြီး ကောက်တပ်လိုက်တာ” လို့ ဦးချိုက ရယ်ရင်းပြောတယ်။ ဦးချို့တို့ ဘုရားဖူးခရီးစဉ်အစမှာ စဖူးတဲ့ ဘုရားက မိတ္ထီလာက ရွှေမြင်တင်ဘုရား၊ အဲဒီကနေ မန္တလေးမြို့၊ စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံ၊ ပုပ္ပား၊ ငှက်ပစ်တောင်၊ ပြည်၊ မကွေး၊ မှော်ဘီ ဂျပန်ဘုရား၊ ပဲခူး ကျိုက်ထို မဲ့ရှင် ဘုရား၊ ကျိုက်ထီးရိုး၊ ကျိုက်ထီးဆောင်း၊ မော်လမြိုင်၊ စသည့်နေရာအစုံ။ ရောက်တဲ့နေရာတိုင်းမှာ ဓာတ်ပုံမှတ်တမ်းတင်ဖြစ်တယ်လို့ ဆိုတယ်။ “ချိန်ဆနေရင်တော့ အပြင်မရောက်တော့ဘူး။ မစဉ်းစားတော့ဘဲ ထွက်တယ်ကွာ ထွက်လိုက်တာ၊ လက်ရှိ တာယာ ၆ လုံးကုန်တယ်။ ကျွတ်ခြောက်လုံး၊ ဂီယာတစ်လုံး၊ ချိန်းနှစ်ချောင်း၊ ၀င်ရိုးနှစ်စုံ၊ ဘရိတ်တုံး အတုံးနှစ်ဆယ်ကုန်ပြီ” လို့ ဦးချိုကပြောတယ်။ ပိုက်ဆံတစ်သိန်းနဲ့ ခရီးစဉ်စတင်ခဲ့တဲ့ သူတို့နှစ်ဦး ပုဂံညောင်ဦးရောက်တဲ့အခါ ပါလာတဲ့ ပိုက်ဆံကုန်သွားတယ်။ ဒါပေမယ့် အဲဒီအချိန်ကနေ ဒီနေ့အထိ လမ်းတစ်လျှောက်မှာ လှူကြတန်းကြသူတွေ ရှိတဲ့အတွက် ထမင်းမစားရတာမျိုး မကြုံခဲ့ရဘူးလို့ဆိုတယ်။ “ငွေတစ်သိန်းက ညောင်ဦးဘက်မှာ ရေရှားတော့ ငွေတစ်သိန်းထဲက မျှတပြီး လှူခဲ့တယ်။ စားဝတ်နေရေးအရ အလှူမခံပါဘူး။ ကျေးရွာတွေမှာ စာရွက်စာတမ်း အုပ်ချုပ်ရေးမှူးတွေကိုပြတယ်။ ရဲစခန်း၊ အကြောင်းကြားပြီးနားတယ်။ အလှူမခံဘူး။ ဒါပေမယ့် သူတို့က စကားပြောရင်းနဲ့ သူတို့သဒ္ဒါပေါက်လို့ လာလှူတာကို လက်ခံပေးတယ်။ အဲဒီလိုဟာတွေကို အဘတို့က မျှတအောင်စားတယ်။ လှူတယ်” လို့ ဦးချိုကပြောတယ်။ ဦးချိုတို့ ဘုရားဖူးခရီးစဉ်က မြေပုံမရှိဘူး။ ဘယ်ပြီးဘယ်သွားမယ် အစီအစဉ်မရှိဘဲ ရောက်တဲ့အရပ်က သူတွေ လမ်းညွှန်ရာကနေ တဆင့် ရောက်အောင်သွားကြတာမျိုးလို့ ဦးချိုကပြောပြတယ်။ လမ်းတွေ့တဲ့ ဘုန်းကြီးကျောင်းမှာ ခွင့်တောင်း တည်းခိုတယ်။ တည်းခိုတဲ့ နေရာ ဘုန်းကြီးကျောင်းက ဆရာတော်တွေက စာရေးသားပြီး တစ်နေရာနဲ့ တစ်နေရာရောက်ရင် အဆင်ပြေလွယ်ကူစွာတည်းခိုနိုင်ဖို့ အကူအညီပေးကြတယ်။ “မြန်မာပြည်အနှံ့ ဘုရားဖူးထွက်ရာမှာ တွေ့ခဲ့တဲ့ ဆရာတော်တွေ၊ ကျေးရွာတွေက လူတွေ အားလုံးကို မေတ္တာပို့တယ်။ သူတို့တွေက အဘကိုထောက်ပံ့တယ်” လို့ ဦးချိုကပြောတယ်။ ဇနီးဖြစ်သူက “ဘုရားဖူးယာဉ် ခဏလောက်နားပါအုန်းဆိုပြီး ရေနွေးတွေတိုက်တယ်။ ထမင်းကျွေးတယ်။ ဆန်တွေပေးတယ်။ သူတို့ အော်ခေါ်တယ်” လို့ ဘေးကနေ ၀င်ပြောတယ်။ ခရီးရှည်သွားရတဲ့အတွက် နေဒဏ် မိုးဒဏ် လေဒဏ်ကြောင့် နာမကျန်းဖြစ်တာမျိုးတွေ ရှိခဲ့ပေမယ်လည်း အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့အထိ အခက်အခဲမကြုံရတာဟာ ဘုရားဖူးချင်တဲ့ ကုသိုလ်စိတ်ကြောင့် ဖြစ်တယ်လို့ ဦးချိုကယုံကြည်နေတယ်။ “အခုခရီးရှည်သွားတော့ စက်ဘီးနောက်က စီးရတဲ့သူလည်း မသက်သာဘူး။ အမေကြီး (ဦးချိုက သူဇနီးကိုအမေကြီးလို့ခေါ်တယ်) လည်း ငြိမ်နေရတာ၊ သူလှုပ်တာနဲ့ အဘက လက်ကိုင်ရမ်းပြီ။ အဘ ပဲခူးရိုးမ ဖြတ်တဲ့အချိန်မှာ လေးငါးရက်လောက် နေရော ညရော မိုးမိတယ်။ တဲမရှိ ရွာမရှိ အဲဒီမှာ မိုးမိတော့ အဆုတ်ရောင်၊ အသည်းရောင်၊ အစာအိမ်ရောင် ၁၂ ရက် လောက် ဆေးရုံတက်ခဲ့ရတယ်။ ဆရာဝန်ကပြောတယ်။ အဘနားလိုက်ပါတော့တဲ့။ ဟုတ်ကဲ့လို့ ပြန်ပြောတယ်။ ဆေးရုံအပြင်ဘက်ရောက်တော့ ဆက်တာပဲ ကိုယ့်ခရီးကို။ ညအိပ်ရင်တော့ အဆစ်အမြစ်တွေကိုက်တယ်။ နာတယ်။ တော်တော်လေးကိုယ့်ကိုယ်ကိုယ်လည်းအံ့သြမိတယ်။ ဒီခရီးကို စက်ဘီးတစ်စီးနဲ့ နှစ်ယောက်သား သွားလာနိုင်တာက ဘုရားတန်ခိုးပဲ။ ဒီခရီးမျိုးကလည်း တော်တော်ဇွဲရှိမှ တော်တော်လည်း အဆင်းရဲခံနိုင်မှ။ အဘတို့ နှစ်ယောက်လုံး ထမင်းမငတ်ဘူး။ အသက်အန္တရာယ်မဖြစ်ခဲ့ဘူး။ ဘေးနှောင့်ယှက်တဲ့ အန္တရာယ်မဖြစ်ဘူး။အဲ့ဒါက ဘုရားတန်ခိုးလို့ ယုံကြည်တယ်” လို့ ဦးချိုကပြောတယ်။ ဦးချိုတို့မှာ သားသမီးမရှိဘူး။ ဇနီးမောင်နှံနှစ်ယောက်လုံးမှာ ဆွေမျိုးသားချင်းမရှိဘူး။ တပ်ကုန်းမှာ ရှိတဲ့ အိမ်ကို အနီးနားက ဘုန်းကြီးကျောင်းကို အပ်ခဲ့ပြီး ခရီးစဉ်ကို စခဲ့တာ တစ်နှစ်နီးပါးရှိပြီဆိုပေမယ့် ဘယ်နေ့ အိမ်ပြန်မယ်ဆိုတာ သတ်မှတ်မထားဘူး။ “ဘယ်တော့ ပြန်မယ် သတ်မှတ်ချက်မရှိသေးဘူး။ အဘကျန်းမာရေးဂရုစိုက်ပြီး သွားနိုင်သလောက်တော့ မြန်မာပြည်ထဲမှာရှိနေတဲ့ ဘုရား ရသလောက်ဖူးချင်သေးတယ်။ ဘုရားဖူးရင်း သေသွားပစေ” လို့ ဦးချိုက သူဆုံးဖြတ်ထားတာကိုပြောပြတယ်။ ခရီးစဉ်တစ်လျှောက် နေမကောင်းဖြစ်ကြတဲ့ အခါမှာလည်း စိတ်ပျက်အားလျော့သွားတာမျိုး မရှိဘဲ တစ်ယောက်နဲ့ တစ်ယောက် အားပေးပြီး ခရီးစဉ်ကို ရှေ့ဆက်တယ်လို့ ဦးချို ဇနီးဖြစ်သူ ဒေါ်ခင်မြင့်ဝင်းက ပြောတယ်။ “ပုတီးစိတ် ရေချမ်းပန်းကပ်၊ နှစ်ယောက်စလုံးက ထပ်တူထပ်မျှပဲ ညီတယ်။ နေမကောင်းရင်အားပေးတယ်။ အဖေကြီး ဘုရားတွေ အများကြီးသွားရအုန်းမှာ ၊နေမကောင်းဖြစ်နေရင်မကောင်းဘူ။ဘုရားစာလေးဆိုလိုက် ပုတီးလေးစိပ်လိုက်၊အဲမှာ နေကကောင်းသွားရော၊ အပြန်အလှန်ပေါ့” လို့ ဒေါ်ခင်မြင့်ဝင်းကပြောတယ်။ ဦးချိုတို့ဇနီးမောင်နှံ ဘယ်လိုအခက်အခဲတွေပဲရှိရှိ နောက်ပြန်မလှည့်ပဲ ရှေ့ဆက်သွားဖို့ မြန်မာတစ်ပြည်လုံးကို ဘုရားဖူးချင်တဲ့ ဆန္ဒက သူတို့ ရဲ့အပြင်းပြဆုံးဆန္ဒတစ်ခုသာဖြစ်နေပါတော့တယ်။ သက်စုအောင် (မှတ်ချက် - မေလ ၉ ရက်ထုတ် မန္တလေးအလင်းသတင်းစာပါ သက်စုအောင်ဆောင်းပါးကို စာရေးသူခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024