အီဂျစ်သမ္မတဟောင်း မူဘာရက်ကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်

မူဘာရက် (ဓာတ်ပုံ - ရိုက်တာ)
အီဂျစ်သမ္မတဟောင်း ဟိုစနီ မူဘာရက်ကို အဂတိလိုက်စားမှုစွဲချက်နဲ့ မေ ၉ ရက်နေ့က ပြန်လည်ကြားနားခဲ့ပြီး ကိုင်ရိုတရားရုံးတရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ သား ၂ ဦးကိုလည်း စွဲချက်တူနဲ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရပါတယ်။ သမ္မတနန်းတော်တွေကို ပြုပြင်ထိန်းသိမ်းဖို့ဆိုပြီး အမေရိကန်ဒေါ်လာ ၁၄ သန်း အလွဲသုံးစားမှုနဲ့ အခုလို ပြစ်ဒဏ်တွေ ချမှတ်ခံရတာပါ။ သူ့အပေါ်စွဲခဲ့တဲ့ အရင်စွဲချက်တွေကိုတော့ အခုနှစ် ဇန်န၀ါရီလ ၁၃ ရက်က ပလပ်ခဲ့ပြီး အခုအမှုကတော့ မူဘာရက်ပေါ် နောက်ဆုံးစွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။ တရားရုံးကို မူဘာရက်နဲ့ သားတွေလည်း တက်ရောက်ခဲ့ပြီး မူဘာရက်ကို ထောက်ခံသူတွေက သူ့ရဲ့အရုပ်ပုံပါ တီရှပ်ကိုဝတ်ပြီး တရားရုံးကို တက်ရောက်ခဲ့ကြပါတယ်။ မူဘာရက်ရဲ့ပြစ်ဒဏ်ကို လက်ရှိ ထိန်းသိမ်းထားတဲ့နှစ်တွေထဲကပဲ တွက်ယူမလား၊ ဒါမှမဟုတ် ထောင်သီးသန့်ကျခံရ မလားဆိုတာတော့ မရှင်းသေးပါဘူး။ မူဘာရက်ကို ထောက်ခံသူတွေကတော့ တရားရုံးဆုံးဖြတ်ချက်ကို အမျက်ထွက်ကန့်ကွက်ခဲ့ကြပါတယ်။ သမ္မတဟောင်း မူဘာရက်ဟာ လောလောဆယ် ကိုင်ရိုမြို့ မာဒီစစ်ဆေးရုံမှာ ထိန်းသိမ်းခံထားရတာလည်း ဖြစ်ပါတယ်။ မူဘာရက်ဟာ အသက် ၈၇ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုတွေနဲ့ ရာထူးက ဖယ်ရှားခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up