ဒီပေကို အလျင်အမြန် ခေါ်ယူလိုက်သည့် မန်ယူ

ဓာတ်ပုံ (ရိုက်တာ)
အင်္ဂလန်ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒတ်ခ်ျကလပ် ပီအက်စ်ဗွီ ရှေ့တန်းတိုက်စစ်မှူး မန်ဖစ် ဒီပေကို အမြန်ဆုံးခေါ်ယူလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ်တောင်ပံ ကစားသမားကို နွေရာသီမှာ ခေါ်ယူဖို့ အသင်းက စီစဉ်ထားပေမယ့် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်းအသင်းက စိတ်ဝင်စားလာတဲ့ အတွက် အတင်းအကြပ် ခေါ်ယူလိုက်တာ ဖြစ်တယ်လို့ နည်းပြ လူးဝစ် ဗန်ဂေါက ပြောပါတယ်။ “ကျနော် ဒါကို ဖြေရှင်းလိုက်ရပါတယ်၊ မဟုတ်ရင်တော့ ပီအက်စ်ဂျီက ခေါ်သွားမှာပါ”လို့ သူက ပြောပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းကနေ ၃၀ အကြား ၂၀၁၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တဲ့ အတွက် ဆေးစစ်မှုတွေ လုပ်ဆောင်ပြီးရင် ဇွန်လမှာ ဒီပေဟာ မန်ယူကို ရောက်လာမှာ ဖြစ်ပါတယ်။ ဒီပေကလည်း မန်ယူကို ရွေးချယ်ခဲ့သလို အိမ်မက်တွေဟာ အမှန်တကယ်ဖြစ်လာပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ ဒတ်ခ်ျကလပ် ပီအက်စ်ဗွီ ချန်ပီယံ ဖြစ်အောင် ဒီပေက သွင်းဂိုး ၂၁ ဂိုးနဲ့ ကူညီထားပါတယ်။ တော့တင်ဟမ်ကလည်း ဒီပေကို အရင်နှစ်က ခေါ်ယူဖို့ ကြိုးစားရာမှာ မအောင်မြင်ဖြစ်ခဲ့ရပါတယ်။ လီဗာပူးကလည်း ဒီပေကို စိတ်ဝင်စားခဲ့သလို ဥရောပ ကလပ်အသင်းကြီးတွေကလည်း သူကို စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up