DVB Logo
Home
Lead Story
ကြီးမားလာတဲ့ လူမှောင်ခို ကုန်ကူးမှုများ၊ ရင်းမြစ်နဲ့ အန္တရာယ်
DVB
·
May 9, 2015
ကြီးမားလာတဲ့ လူမှောင်ခို ကုန်ကူးမှုများ၊ ရင်းမြစ်နဲ့ အန္တရာယ်
1 / 4
Donate to DVB

မေ ၁ ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် ဒေသတွင်းနဲ့ နိုင်ငံတကာက ပြည်သူလူထုတွေ ထိတ်လန့်တုန်လှုပ်သွားခဲ့ရတဲ့ အရုပ်ဆိုးတဲ့ဖြစ်ရပ်တခု ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံ ဆွန်ခလခရိုင်ထဲက မလေးရှားနယ်စပ်မှာရှိတဲ့ ဖဒန်းဘာဆာမှာ ထိုင်းရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပုပ်သိုးယိုယွင်းနေပြီဖြစ်တဲ့ လူသေအလောင်း ၃၃ လောင်းကို တူးဖော်တွေ့ရှိခဲ့တဲ့ ဖြစ်ရပ်ပါ။

05THAILAND-superJumboထိုင်းရဲတပ်ဖွဲ့ကတော့ အဲဒီလူသေအလောင်းတွေဟာ မြန်မာနိုင်ငံက ရွှေ့ပြောင်း လာကြတဲ့ ရိုဟင်ဂျာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို တွေ့ရှိခဲ့တာဟာ မလေးရှားနိုင်ငံသားတဦးက မလေးရှားမြို့တမြို့ဖြစ်တဲ့ ဖဒန်ဘာဆာနားက ထိုင်းနယ်မြေထဲမှာ ကြီးမားတဲ့ သင်္ချိုင်းတခုကို တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းပေးမှုကြောင့် ထိုင်းနယ်စပ် အာဏာပိုင် တွေက သွားရောက်စစ်ဆေးကြည့်ရှုခဲ့လို့ မြေမြှုပ်ထားတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနေရာ အနားမှာ မြေမမြှုပ်ရသေးတဲ့အလောင်းတလောင်းကိုလည်း တွေ့ရှိခဲ့ရပါတယ်။ နောက် အဲဒီလို တောတွင်းစခန်းနောက်တခုမှာလည်း နောက်ထပ် သင်္ချိုင်း ၅ ခုကို ထပ်ပြီး တွေ့ရှိခဲ့ရတဲ့အတွက် လက်ရှိ အာဏာသိမ်း ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက လူကုန်ကူးမှုနဲ့ ဆက်စပ်နေတဲ့ ထိုင်းအစိုးရအရာရှိတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးခဲ့ရပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ဆက်လက်စုံစမ်းမှုတွေအရ နောက်ပိုင်းမှာ အဲဒီဒေသဟာ ထိုင်းနိုင်ငံထဲကို ခိုးဝင်လာခဲ့ကြတဲ့ အရေအတွက် ၂၀၀၊ ၃၀၀ လောက်ရှိတဲ့ ရိုဟင်ဂျာတွေ အသုံးပြုခဲ့ကြတဲ့နေရာ ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ ရွာသူရွာသားတွေရဲ့ အဆိုအရ အဲဒီ ရွှေ့ပြောင်း ရိုဟင်ဂျာတွေဟာ နာမကျန်းဖြစ်တာကြောင့် သေဆုံးခဲ့ရတဲ့သူတွေ ဖြစ်နိုင်သလို အချင်းချင်း ရန်ဖြစ် တိုက်ခိုက်ကြလို့ သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေ အဲဒီနေရာကို ရောက်သွားတဲ့အချိန်မှတော့ သူတို့ မရှိကြတော့ဘဲ နယ်စပ်ကိုဖြတ်ပြီး မလေးရှားနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ယူဆရပါတယ်။

ထိုင်းဘုရင့် ရဲတပ်ဖွဲ့ရဲ့ ကော်မရှင်နာ ဗိုလ်ချုပ်ကြီး  ဆွမ်းရော့ ဖမ်ဖန်မောင်ကတော့ အဲဒီသင်္ချိုင်း တွေ့ရှိမှုနဲ့ အဲဒီနေရာဟာ လူမှောင်ခိုကုန်ကူးသူတွေက ထိန်းသိမ်းရေးစခန်းအဖြစ် အသုံးပြုခဲ့တဲ့နေရာ ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆက်လက်ရှာဖွေတွေ့ရှိမှုအရ အဲဒီလို လူမှောင်ခိုကုန်ကူးသမားတွေ အသုံးပြုတဲ့တဲ့ သင်္ချိုင်းနေရာ ၃၀ ကျော်ကို မလေးရှားနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းမှာ ထပ်မံတွေ့ရှိ ခဲ့ရပြီး မေ ၇ ရက်နေ့မှာလည်း ဆွန်ခလ ဟတ်ယိုင်ခရိုင်မှာ မေလ ၁ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းတခုကို ထပ်ပြီး တွေ့ရှိခဲ့ရပါတယ်။

အဲဒီနေရာတွေ အားလုံးဟာ လူမှောင်ခိုကုန်သမားတွေ အသုံးပြုခဲ့တဲ့ တောတွင်းစခန်းတွေ

တည်ရှိခဲ့တဲ့ နေရာတွေ ဖြစ်ပြီး သူတို့မြှုပ်နှံခဲ့တဲ့ သင်္ချိုင်းတွေလည်း ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ တောတွင်းစခန်းတခုကို ရဲက ၀င်ရောက်စီးနင်းရာမှာ ထွက်ပြေးလာကြတဲ့ ယောက်ျားလေး ၂ ယောက်ကို ရဲက တွေ့ရှိ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးလိုက်တဲ့အခါ အကြီးကလေးက “ရဲတွေ စခန်းကို ၀င်စီးတဲ့အချိန်မှာ ကျနော်တို့အနားက စခန်းတခုကို ထွက်ပြေးရတာပါ” လို့ ပြောပါတယ်။

သူဟာ မြန်မာနိုင်ငံ စစ်တွေက ဖြစ်ပါတယ်။ သူသူငယ်ချင်းဖြစ်သူကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းက ဖြစ်ပါတယ်။ သူတို့လို ကလေးငယ်ပေါင်း ဘယ်လောက် ဒီလို တောတွင်း လူကုန်ကူးစခန်းတွေမှာ ရှိနေခဲ့ပါပြီလဲ။ ယောက်ျား၊ မိန်းမပေါင်း ဘယ်လောက်ရှိခဲ့ ရှိနေပါပြီလဲ။ မသိနိုင်ပါဘူး။ ထိုင်းအစိုးရကတော့ သူတို့နိုင်ငံဟာ လူကုန်ကူးသမားတွေရဲ့ ခိုနားရာ နေရာတခု ဖြစ်လာနေတဲ့ မကောင်းသတင်းကြောင့် လူမှောင်ခိုကုန်ကူးသမားတွေကို စတင်တိုက်ခိုက် ချေမှုန်းနေပြီး လူမှောင်ခို ကုန်ကူးသူအများအပြားကို ဖမ်းဆီးနိုင်ခဲ့သလို ဒါဇင်နဲ့ ချီတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရဲတွေနဲ့ လူမှောင်ခိုသမားတွေ တောတွေထဲမှာ လိုက်တမ်းပြေးတမ်း ကစားနေတဲ့အချိန်မှာ ဘာမှ မတတ်နိုင်တဲ့ လူကုန်ကူးခံ သားကောင်တွေဟာ ဒီထက် ပိုအန္တရာယ်ကြီးတဲ့ အခြေအနေတရပ်ကို တွန်းပို့ခံရသလိုမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

လှေနဲ့ ပင်လယ်ပြင်ကို ဖြတ်ကူးထွက်ပြေးကြသူ ဒုက္ခသည်တွေကို ကူညီနေတဲ့ အာရကန် စီမံချက် (Arakan Project) က ခရစ်လေ၀ါက “ဒီလို ၀င်ရောက်စီးနင်းမှုတွေကို လွန်ခဲ့တဲ့လပိုင်းက စပြီး လုပ်လာတော့ လူမှောင်ခိုသမားတွေ ဆက်တိုက်ပြေးနေရပြီး မကျန်းမမာ ဖြစ်နေတဲ့ သူတို့ရဲ့ သားကောင်တွေကို ပစ်ထားခဲ့ကြတာပေါ့” လို့ ပြောခဲ့ပါတယ်။

မကြာသေးခင် လတွေအတွင်းမှာတော့ လူမှောင်ခိုသမားတွေဟာ သူတို့ကို ထိုင်းနိုင်ငံထဲ ခိုးသွင်းရမယ့် အန္တရာယ်ကို ရင်ဆိုင်မယ့်အစား အပြည်ပြည်ဆိုင်ရာရေပိုင်နက်ဘက်ကို လှေတွေနဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ကူးပြောင်း သယ်ဆောင်လာခဲ့ကြပါတယ်။

c1_548439_150501171954_620x413ထိုင်းနိုင်ငံ မွတ်စလင် လူငယ်အသင်း က အဗ္ဗဒူအဇစ် ကာဒေအင်ကတော့ “ရွှေ့ပြောင်း သူတွေက သူတို့ လာကြတာကို ခဏလောက် ရပ်ချင်လည်း ရပ်ထားနိုင်သလို မလေးရှားနဲ့ အင်ဒိုနီးရှားကို ပင်လယ်ပြင်ကနေ တိုက်ရိုက်သွားဖို့ တခြားလမ်းကြောင်းကိုလည်း သုံးချင်သုံးနိုင်တာပေါ့ဗျာ” လို့ ပြောပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာ လူမှောင်ခိုကုန်ကူးသူတွေရဲ့ လူရှာဖွေရာ၊ ကူးပြောင်း ပေးရာနဲ့ ဦးတည်ရာနေရာတခု ဖြစ်နေခဲ့တာ ကြာပါပြီ။ လူမှောင်ခိုကုန်ကူးသူတွေက လိင်အရ၊ လုပ်အားအရ ခေါင်းပုံဖြတ်ဖို့အတွက်အသုံးပြုနေတဲ့ အရေးပါတဲ့ မဟာမဲခေါင်ဒေသရဲ့ ဗဟိုချက်မ နေရာတခုလို့ ပြောရမှာပါပဲ။

ထိုင်းနိုင်ငံတွင်းမှာ ရှိကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ နိုင်ငံ မဲ့တွေဟာ ထိုင်းနိုင်ငံသားတွေထက်ပိုပြီး လူကုန်ကူးခံရဖို့ အန္တရာယ်ရှိနေကြပါတယ်။ ပြီးတော့ သူတို့တွေရဲ့ မှတ်ပုံတင်လက်မှတ်တွေ၊ ခရီးသွားလက်မှတ်နဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တွေ ကို အလုပ်ရှင်တွေရဲ့ သိမ်းဆည်းထားတာမျိုးကိုလည်း ပိုပြီး ခံကြရပါတယ်။ ကျွမ်းကျင်မှု နိမ့် လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ရွှေ့ပြောင်း နေထိုင်ကြတဲ့ ထိုင်းလူမျိုးတွေ ဟာလည်း အဓမ္မလုပ်အားစေခိုင်းခံရနိုင်တဲ့ အခြေအနေ၊ ကြွေးတင်ကျွန်ဖြစ်ရတဲ့ အခြေအနေမျိုးအောက်ကို ရောက်သွားနိုင်ပါတယ်။

ထိုင်းလူမျိုးတွေကို နိုင်ငံရပ်ခြားကို လူကုန်ကူးပို့ ကျွန်ပြုကြတဲ့ လူမှောင်ခို ကုန်ကူးသူတွေရဲ့ ကွန်ယက်ရဲ့ စည်းရုံးစုစည်းနိုင်မှုနဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေဟာ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံထဲ လူမှောင်ခိုကုန်ကူးသူတွေထက်ပိုပြီး စနစ်ကျ ကောင်းမွန်ပေမယ့် တရားဥပဒေ ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိတွေနဲ့ အလုပ်ရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုတွေလည်း ရရှိကြပါတယ်။ ထိုင်းနိုင်ငံသားအတော်များများဟာ အလုပ်သမားသစ် ရှာဖွေစုဆောင်ရေး ကိုယ်စားလှယ်လုပ်ငန်းတွေရဲ့ သွေးဆောင်းသိမ်းသွင်းတာကို ခံကြရပြီး အဲဒီ ကိုယ်စားလှယ် လုပ်ငန်းတွေကို ပေးရမယ့်အကြွေးတွေကလည်း ပိနေတဲ့ အတွက် မလုပ်ချင်တဲ့ အလုပ်ကြမ်းတွေ နဲ့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေကို ခံကြရပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတွေက သားကောင်တွေကို မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ရုရှား၊ အနောက်ဥရောပ၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေကို တင်ပို့ဖို့ အကူးအပြောင်းလုပ်ရာ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူကုန်ကူးခံ သားကောင်တွေကတော့ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာလုပ်ငန်း၊ လုပ်ခနည်း အထည်ချုပ်လုပ်ငန်းနဲ့ အိမ်အကူ လုပ်သားဘ၀တွေအဖြစ် အလုပ်လုပ်ကြရတာ များပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ကလေးတွေဆိုရင်လည်း ပန်းရောင်း၊ အိတ်ရောင်း ဒါမှမဟုတ် မြို့ပြအိမ်အကူ လုပ်သားလေးတွေအဖြစ် အဓမ္မ သွတ်သွင်းခံကြရပါတယ်။ သက်သေအထောက်အထားတွေအရ အဲဒီကဏ္ဍတွေထဲကို အဓမ္မ သွတ်သွင်းပေးနေတဲ့ ယောင်္ကျား၊ မိန်းမနဲ့ ကလေးတွေကို လူမှောင်ခိုကုန်ကူးမှုဟာ ထိုင်းနိုင်ငံရဲ့ အလုပ်သမားလူမှောင်ခိုကုန်ကူးမှုအားလုံးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်နေပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို လိင်ရောင်းဝယ်ဖောက်ကားမှုအရ ခေါင်းပုံဖြတ် လူကုန်ကူးနေတဲ့ ပြည်တွင်းလူကုန်ကူးမှုလည်း ထိုင်းနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ တိုင်းရင်းသားလူနည်းစုတွေနဲ့ မြောက်ပိုင်းတောင်ပေါ်ဒေသက အမျိုးသမီးတွေ၊ မိန်းကလေး ငယ်တွေဟာ အထူးသဖြင့် သူတို့ရဲ့ နိုင်ငံမဲ့ အခြေအနေကြောင့် အဲဒီလို လူကုန်ကူးခံကြရတာပါ။

ယူနက်စကိုတာဝန်ရှိပုဂ္ဂိုလ်တွေကတော့ တရားမ၀င်အဆင့်ဟာ လူကုန်ကူးခံရမှုအတွက် တခုတည်းသော အကြီးမားဆုံး အန္တရာယ်ဖြစ်တယ်လို့ အခိုင်အမာ ပြောကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်းနဲ့ ဒေသပြင်ပအထိ လူမှောင်ခို ကုန်ကူးသူတို့ရဲ့ ခရီးဦးတည်ရာ၊ အကူးအပြောင်းလုပ်ရာ နေရာတခု ဖြစ်နေသလို လူမှောင်ခို ကုန်ကူးဂိုဏ်းတွေ ကူးလူးကျက်စားရာနေရာတခုလည်း ဖြစ်နေတယ်လို့ ပြောရင် မမှားနိုင်ပါဘူး။

Mass graves and bodies have been found since last week in the southern Thai province of Songkhlaထိုင်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပေမယ့် အဲဒီ အားထုတ်မှုကို အဟန့်အတားဖြစ်နေတဲ့ ပြဿ    နာတချို့ကတော့ လူကုန်ကူးမှုမှာ ရဲတပ်ဖွဲ့ရဲ့ ပါဝင်ပတ်သက်မှု အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်မှု၊ အကျင့်ပျက် လာဘ်စားမှုတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မလိုလားမှု၊ အစိုးရရဲ့ အားထုတ်ဆောင်ရွက်မှုတွေ အပေါ် စနစ်တကျ စောင့်ကြည့်မှုရှိမှု၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဒေသဆိုင်ရာအရာရှိ တွေကြား နားလည်မှု မရှိမှု အလုပ်သမားတွေရဲ့ အလုပ်ခွင်နစ်နာမှုဆိုင်ရာ အမှုတွေအပေါ် တရားရုံးတွေရဲ့ လူ့အခွင့်အရေးအခြေပြု ချည်းကပ်မှု မရှိမှုနဲ့ လူကုန်ကူးခံရသူတွေကို သတ်မှတ် ဖော်ဆောင်ရာမှာ စနစ်တကျ လစ်ဟာ အဟန့်အတားဖြစ်စေမှုတို့ ဖြစ်တယ်လို့ လူကုန်ကူးမှု ဆန့်ကျင်ရေး အန်ဂျီအိုတွေရဲ့ အစီရင်ခံစာတွေက ဖော်ပြကြပါတယ်။

တကယ်တော့ လူမှောင်ခိုကုန်ကူးသူတို့ရဲ့ သားကောင်ဖြစ်ရရှာသူ ရွှေ့ပြောင်း နေထိုင်ကြသူတွေ ဒီလို အင်နဲ့ အားနဲ့ ရှိလာကြရတာဟာ သူတို့ မိခင်နိုင်ငံတွေ၊ အစိုးရတွေ ရဲ့ ဖိစီးနိှပ်စက်မှု၊ ညံ့ဖျင်းချွတ်ခြုံကျနေတဲ့ စီးပွားရေးကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲမွဲတေမှု တွေကြောင့် ဖြစ်ရတာပဲဆိုတဲ့အချက်ကိုတော့ လက်ခံကြရမှာပါပဲ။    ။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013