Home
မြန်မာသတင်း
တောင်သမန်အင်းထဲ ရေဆိုးစွန့်ပစ်သည့် စက်ရုံ ၁၂ ရုံကို အမှုဖွင့်အရေးယူ
DVB
·
May 8, 2015
မန္တလေး တောင်သမန်အင်းထဲမှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး  ရေဆိုးစွန့်ပစ်ခဲ့တဲ့ စက်ရုံ ၁၂ ရုံ ကို ငါးလုပ်ငန်းဦးစီးဌာနက တရားလိုလုပ် အမှုဖွင့်ထားတယ်လို့ အမရပူရမြို့နယ် ရဲစခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။ ငါးတွေသေဆုံးမှုနဲ့ပတ်သက်ပြီး အင်းသူကြီးက တိုင်ကြားတာကြောင့်  စက်ရုံ ၁၂ ရုံကို ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ ၄၅ နဲ့  အမရပူရမြို့နယ် ရဲစခန်းမှာ မေလ ၄ ရက်နေ့က အမှုဖွင့် အရေးယူထားတာပါ။ အမှုဖွင့်ရခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီး  တရားလိုဖြစ်တဲ့ မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က “ဒီလို ဖွင့်လှစ်ပြီးတော့ အရေးယူရတာကတော့ ကျနော်တို့က ငါးလုပ်ငန်းဦးစီးဌာနရဲ့ ကွင်းဆင်း စစ်ဆေးထားတဲ့  ရေစစ်ဆေးချက်ရလဒ်တွေလည်းရှိပါတယ်။ နောက်မြိုတော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနက တာဝန်ရှိတဲ့ ပညာရှင်တွေ ကွင်းဆင်းစစ်ဆေးထားတဲ့ အထောက်အထားတွေလည်းရှိပါတယ်။ ကျနော်တို့ကတော့ ရဲစခန်းမှာ အမှုဖွင့်လိုက်တာပါ၊  သူတို့အနေနဲ့လည်း ကျနော်တို့ရဲ့ စွဲဆိုထားတဲ့ အချက်တွေအပေါ်မှာ သူတို့ရေဟာ သန့်စင်ပါတယ်၊ ဒါတွေကိုလည်း ပညာရှင်တွေနဲ့ ပြန်ပြီးတော့မှ ဖြေရှင်းနိုင်တဲ့ အခွင့်အရေး သူတို့မှာ ရှိပါတယ်” လို့  မီဒီယာတွေကို ရှင်းပြပါတယ်။ အရေးယူခံရတဲ့ စက်ရုံ ၁၂ ရုံကတော့ အမရပူရမြို့နယ်နဲ့ ပြည်ကြီးတံခွန်မြိုနယ်တွေမှာ ရှိတဲ့ အရက်ချက်စက်ရုံ၊ သကြားစက်ရုံ၊ သားရေစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ စက္ကူစက်ရုံနဲ့ ဆပ်ပြာမှုန့် စက်ရုံတွေဖြစ်ပါတယ်။ စက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးတွေအပြင် တောင်သမန်ပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေနဲ့ လူနေရပ်ကွက်တွေက စွန့်ပစ်တဲ့အမှိုက်တွေကြောင့် တောင်သမန်အင်းဟာ ရေဆိုးအင်းကြီးတခု ဖြစ်နေပြီလို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေသလို လတ်တလော အင်းထဲမှာ ငါးတွေ ထောင်နဲ့ချီသေဆုံးနေပြီး ရေပေါ်ပေါ်နေကာ အနံ့ဆိုးတွေ ထွက်ပေါ်နေပါတယ်။ တောင်သမန်အင်းမှာ ၂၀၁၄ ဒီဇင်ဘာ ကတကြိမ်၊  ၂၀၁၅ ဧပြီလ ၁၂ရက်က တကြိမ် ၂၉ ရက်က တကြိမ်  ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးတာ ၃ ကြိမ်ရှိ သွားပြီဖြစ်ပြီး ဒီတကြိမ်ကတော့ အဆိုးဆုံးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ တောင်သမန်အင်း ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက “ငါးကတော့ တော်တော်သေတယ်၊ အင်းမြောက်ပိုင်းတပိုင်းလုံးက အသေအများဆုံးပဲ။ အလေးချိန်ပေါင်း ကျနော်ခန့်မှန်းချက်က အနည်းဆုံး ပိဿာချိန် ၃ သောင်းခွဲ ၄ သောင်းလောက်တော့ရှိမယ်။ ကျနော်တို့ ခေါ်တာတော့ ငါးဝက်လို့ ခေါ်တာပေါ့ စလားဗီးယားလိုပုံစံမျိုး၊ နှစ်တိုင်းတော့ မဖြစ်ဘူး။ ဒီနှစ်က အသေအများဆုံးပဲ။ ရေကတော့ ချွတ်ဆေးရေတွေ ပါတယ်ထင်တာပဲ။ အဲဒီဘက်က ရေတွေက မသန့်လည်း မသန့်တဲ့အခါကျတော့ ညှီစုပ်စုပ်အနံ့တွေနဲ့ အခါကျတော့ မြောက်လေတိုက်လိုက်တော့ နှုံးတွေနဲ့ ကလော်ပြီတော့ သေတဲ့အပိုင်းတွေ အများကြီး အဲလိုသေတယ်လို့ ထင်တာပဲ။ နောင်လည်း ဒီလို ရေဆိုးပစ္စည်းတွေ သွင်းနေမယ်ဆိုရင် ငါးမျိုး တုံးသွားမှာပဲ”  လို့ ပြောပါတယ်။ သက်ဆိုင်ရာကတော့ အင်းပတ်ဝန်းကျင်က လူနေအိမ်တွေ စားသောက်ဆိုင်တွေက စွန့်ပစ်တဲ့ အမှိုက်တွေကြောင့် နောက်ထပ် ငါးတွေ သေဆုံးတာမဖြစ်ဖို့ အမှိုက်တွေကို အမျိုးအစားခွဲ စွန့်ပစ်တာတွေနဲ့ ပြန်လည်အသုံးချတာတွေ စနစ်တကျပညာပေးတာတွေလုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။ ဒ့ါအပြင် စည်ပင်သာယာက ရေဆိုးထုတ်တဲ့ စက်ရုံတွေကို စစ်ဆေးပြီး တရားစွဲထားတဲ့  စက်ရုံ ၁၂ ရုံအပါအ၀င် ၂၀၁၅ မှာ လုပ်ငန်းလိုင်စင် သက်တမ်း ကုန်နေတဲ့ စက်ရုံ ၁၇ ခုကို လည်း လုပ်ငန်းလိုင်စင် သက်တမ်းတိုးပေတာ ယာယီရပ်ဆိုင်းထားပါတယ်။ စက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးတွေကိုတော့ ဒုတ္တ၀တီမြစ်ထဲကို စွန့်ပစ်ဖို့နဲ့ ထိုင်း ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ရေဆိုးသန့်စင်စက်ရုံကို  ၂ နှစ်အတွင်း အကောင် အတည်ဖော်သွားဖို့လည်း ရှိနေပါတယ်။ -
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024