နေတိုးက ရေငုပ်သင်္ဘောတိုက်ဖျက်ရေး အကြီးဆုံး စစ်ရေးလေ့ကျင့် (ရုပ်သံ)

ဓာတ်ပုံ - ရိုက်တာ
မြောက်အတ္တလန္တိတ် သဘောတူညီရေးအဖွဲ့(နေတိုး)ရဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတွေထဲက တရပ်ဖြစ်တဲ့ ဒိုင်းနမစ် မွန်ဂုစ်မှာ နိုင်ငံပေါင်း ၁၁ နိုင်ငံက သင်္ဘော တဒါဇင်ကျော် ပါဝင်လေ့ကျင့် နေတာပါ။ ရုရှားနဲ့ သူရဲ့မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှုတွေ ဆက်တိုက် ပေါ်ထွက် လာချိန်မှာ မတည်ငြိမ်မှု အများဆုံးပင်လယ်တွေထဲကတခုဖြစ်တဲ့ မြောက်ပင်လယ်အတွင်း ခုလို လေ့ကျင့်နေတာ ဖြစ်ပါတယ်။ သီတင်းပတ် ၂ ပတ်ကြာ လေ့ကျင့်မှုအတွင်း နေတိုးဟာ ရေငုပ်သင်္ဘောတွေကို ထောက်လှမ်း တိုက်ခိုက်တာ၊ ရေအောက်အမြောက်တွေ ပစ်ခတ်တာတွေ လေ့ကျင့်မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ နေတိုးအဖွဲ့ဝင် မဟုတ်တဲ့ ဆွီဒင်နိုင်ငံကိုလည်း ရေငုပ်သင်္ဘောတစီးနဲ့ အတူ ပါဝင်လေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ရုရှားက ယူကရိန်းအရှေ့ပိုင်း ခရိုင်းမီးယားနယ်ကို မနှစ်က သိမ်းပိုက်ပြီးတည်းက မြောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ရုရှားကြား တင်းမာမှုတွေ တိုးလာနေခဲ့တာပါ။ နေတိုး တိုက်လေယာဉ်တွေဟာ ရုရှားလေယာဉ်တွေကို ၂၀၁၄ ခုနှစ်အတွင်း အကြိမ်ရေ ၁၀၀ ကျော် ကြားဖြတ် ဟန့်တား ပျံသန်းခဲ့ရပြီး ဒါဟာ ၂၀၁၃ ခုနှစ်ကထက် ၃ ဆ ပိုများပါတယ်။ အရင်အပတ်ကတော့ ဖင်လန်စစ်တပ်ဟာ ဟယ်လ်ဆင်ကီမြို့တော်နားက ရေပြင်မှာ သံသယဖြစ်ဖွယ် ရေငုပ်သင်္ဘောကို ဟန့်တားဖို့ သတိပေးတဲ့အနေနဲ့ ရေအောက် ပစ်ခတ်မှု တချို့ကို ပစ်ခတ် သတိပေးခဲ့ရပါတယ်။ ရေငုပ်သင်္ဘောတွေ ဘယ်နိုင်ငံက လာတယ်ဆိုတာ ခွဲခြားဖော်ထုတ်မှု မလုပ်နိုင်သေးပေမယ့် အကဲခတ် အများစုကတော့ ရုရှားရေငုပ်သင်္ဘောတွေအဖြစ် သံသယ ရှိနေကြပါတယ်။ နောဒစ် ကာကွယ်ရေးဝန်ကြီးတွေက ဒါဟာ အကြီးဆုံး လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် အရင်လက ရုရှားကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ကန့်ကွက် ရှုတ်ချခဲ့ ပါတယ်။ ရုရှားကတော့ ဆွီဒင်နဲ့ ဖင်လန်တို့က နေတိုးနဲ့ နီးကပ်တဲ့ဆက်ဆံရေး လုပ်နေတာက အထူးစိုးရိမ်မှုပဲလို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up