Live
Home
ဆောင်းပါး
အလှတွေထုံစီမြူး ဘ၀ထွေစုံညီထူးပါတဲ့ လမြတ်ကဆုန်
မောင်တူး
·
May 8, 2015
နေနန်းရယ်တဲ့ ဖန်သူရိန်၊ တန်ခိုး ဥဏှဂူနှင့်၊ ကဆုန်ဟူ သည်မာသမှာ၊ ပြင်းပြပူရှိန်။ (မဟာဂီတ ဦးပြုံးချို) ပူလိုက်တာ ဆွေ့ဆွေ့ခုန်။ လကဆုန်မှာ နေရထိုင်ရပုံများ အတော့်ကို မသက်မသာ ရှိလှပါရဲ့။ ပူလွန်းလို့ သစ်ပင်တွေ ညှိုးခြောက် ရေတွေက ခမ်း မောပမ်းလွန်းတဲ့လပါပဲ။ ဒီ ၂၀၁၅ ဟာ အပူဆုံး ဖြစ်ပါတယ်။ ကဆုန်လရဲ့ အဓိပ္ပာယ်ကိုက ရေသွန်းလ၊ ရေလောင်းတဲ့လ ဖြစ်ပါတယ်။ ဒီလဟာ အပူပြင်းဆုံး နွေလယ်ခေါင်လ၊ အခြောက်သွေ့ဆုံးလ ဖြစ်ပေမယ့် ကဆုန်မှာ ထူးခြားချက်တွေ၊ ဥတုတည်မှီ အလှူပွဲတွေ၊ ဘာသာ သာသနာနဲ့ ဆိုင်တဲ့ ပွဲတော်တွေ ပြုလုပ်မြဲပါ။ ကဆုန်ဟာ ဧပြီ၊ မေတို့နဲ့ တိုက်ဆိုင်တယ်။ အထူးခြားဆုံးကတော့ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘုရားရှင် ဖွားမြင်ခဲ့သလို၊ ဘုရားရှင် ပရိနိဗ္ဗာန် စံခဲ့တဲ့နေ့ ကလည်း ကဆုန်လပြည်နေ့။ ဘုရားအဖြစ်ကို ရောက်ရှိခဲ့တဲ့နေ့ကလည်း ကဆုန်လပြည့်နေ့။ အလားတူ ဒီလထဲမှာ ဖွားမြင်သူတွေ ကွယ်လွန်ခဲ့သူတွေကလည်း အများအပြားပါ။ ကဆုန်ထဲ ထူးခြားတဲ့ အဖြစ်သနစ်တွေကလဲ ရှိခဲ့ပါတယ်။ စတီရီယို တေးသံရှင် မေခလာ၊ ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာ၊ အာဇာနည် ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၊၊ စလေဦးပုည စသူတို့ မွေးခဲ့တဲ့ ကဆုန်လ၊ အလောင်းမင်းတရား(ခေါ်) အလောင်းဘုရား ဦးအောင်ဇေယျ၊ နတ်ရွာစံခဲ့တဲ့လ၊ လူအိုရုံ ၅ ခု တည်ထောင်ခဲ့သူ ဒေါ်ဦးဇွန်း ကွယ်လွန်ခဲ့တာလဲ ကဆုန်လ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးယာဉ်တန်း အတိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်းသတ်ဖြတ်ပွဲကြီးကလည်း ကဆုန်လကွယ်မှာ ဖြစ်ပွားခဲ့တာပါ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(All Burma Students Union)ကိုလည်း ကဆုန်လမှာပဲ စတင် ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေရာမှာ သူတို့ ဖွားခဲ့တဲ့ ကဆုန်လ၊ သူတို့ လွန်ခဲ့ကြတဲ့ ကဆုန်လ၊ အမှတ်တရ ဖြစ်ရပ်တွေ ရှိခဲ့တဲ့ ကဆုန်လ ဖြစ်ရပ်များ အကြောင်းတွေ မပြောခင် ကဆုန်ဆိုတာ ဘာလဲ၊ ဒါကို အရင် ပြောကြစို့။ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း စာပေဗိမာန်၏ ရုပ်ပြဗဟုသုတဘဏ် မြန်မာ့စွယ်စုံကျမ်းမှာ အခုလို တွေ့ရမယ်။ ကဆုန်လ ကဆုန်ဟု ယခု အရေးအခေါ် ပြုနေကြသော လ၏အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန် ဟု အရေးများသည်။ ပုဂံခေတ်၏ အသုံးတွင်ကျယ်သော ကုဆုန်၊ ကဆုန် ဟူသော အရေး ၂ မျိုးတွင် ကုဆုန်သည် မူလဖြစ်၍၊ ယင်းမှ ကဆုန်သို့ ရွေ့လျားသည်ဟု ယူဆရပေသည်။ ကု ၏အနက်သည် ရေဖြစ်၍ ဆုန်၏အနက်သည် သွန်းလောင်းသည်ဟု ဖြစ်သောကြောင့်၊ ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟု ကောက်ယူရာသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန် ရှေးကျသည်ကို ထောက်သော် မြန်မာနိုင်ငံသို့ သာသနာ ရောက်သည့်အခါမှစ၍ ညောင်ရေသွန်းပွဲတော်များ ကျင်းပခြင်း အလေ့လည်း တပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။ တန်ခူးနဲ့ ကဆုန် စသော ဆယ့်နှစ်လတို့တွင် ကဆုန်၊ ၀ါဆို၊ ၀ါခေါင်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်ဟူ၍ ၆ မျိုးသော အခေါ်တို့မှာ သာသနာရေး ကိုးကွယ် ယုံကြည်ရေးနဲ့ သက်ဆိုင်လေသည်။ ဤကဆုန်လရာသီတွင် နေအရှိန် အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရေများပင် ခန်းခြောက်လေ့ ရှိရကား၊ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင် အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းခြင်းများ ပြုလုပ်ခဲ့ကြသဖြင့်၊ လပြည့်နေ့၌ ကျင်းပသော ပွဲတော်အခါကြီးကို ကဆုန်ညောင်ရေသွန်းပွဲတော်ဟုလည်း ခေါ်စမှတ်ပြုခဲ့ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်း အိုင် ရေကန်တို့မှ ငါးများကိုပင် ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက် ရှိကြသည်။ ကဆုန်လသည် မြန်မာ ၁၂ လတွင် ဒုတိယလဖြစ်၍ ပြိဿ ရာသီနဲ့ တူညီသည်။ မိုးဦးကျခါနီး ဖြစ်သည့်အလျောက် မိုးသံလေသံများ စတင်ကြားရလေသည်။ ခါလည်လုလု၊ ရတုသစ်သစ် သရစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှန်း ကိန်းခန်းသင့်မော၊ ရွက်ရင့်လျှော၍ ရွက်ကြောနုလှန်၊ ရွက်သစ်ပြန်တည့် ပန်းမန်ငုံကင်း၊ သုတ်လေညင်းနှင့် မြေသင်းနံ့နံ့၊ တပျံ့ပျူးပျူး မင်းလွင်မြူးလျက်၊ တန်ခူးလည်းကုန် လကဆုန်သည် ပဇ္ဇုန်ရိုက်မြည် ချုန်းချုန်းတည်း။ (ရှင်အဂ္ဂသမာဓိ) ကဆုန်လပြည့်နေ့ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်ကား ၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ ၄ ဆူမြောက်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။ ၂။ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။ ၃။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့ အရုဏ်တက်တွင် မြတ်စွာဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခြင်း။ ၄။ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း တို့ဖြစ်လေသည်။ ထိုကဲ့သို့ ဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြား မှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွတ်အမြတ် ထားကြလျက် ဂေါတမ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင်အား ရေသွန်းလောင်းခြင်း စသော ကုသိုလ် ကောင်းမှုတို့ကို ပြုကြကုန်သည်။ ရေသွန်းလောင်း ကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကို လန်းဆန်း စိုပြည်စေရန်အတွက် ဖြစ်ပေသည်။ ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိပဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက် ရှိကြလေသည်။ ကဆုန်လ မွေးဖွားသူတွေ အကြောင်း ဆက်ပြောပါမယ်။ တေးသံရှင် မေခလာ (၁၃၂၅ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်ဖွား) အသံချိုသာ ကောင်းမွန်ပြီး သီချင်းသီဆိုနေချိန် ကပြ သရုပ်ဆောင်တာ မြူးကြွလွန်းလို့ ပရိသတ်တွေ အကြိုက်တွေ့ အသည်းစွဲရသူ ချစ်ငယ် (ခေါ်) တေးသံရှင် မေခလာကို ဒီ ကဆုန်လမှာပဲ မွေးဖွားခဲ့ပါတယ်။ မေခလာဟာ ကော်လာပေါ်က နှုတ်ခမ်းနီ၊ အဲဒီလောက်တောင် ချစ်ရသည်၊ ၁၆ နှစ်မ၊ ဂိုးသွင်းကောင်းတဲ့ ကိုကို၊ ဝါကာဝါကာ စတဲ့ သီချင်းတွေအပြင် ကိုယ်ပိုင်သီချင်း အပုဒ် ၇၀ လောက်နဲ့ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ခင်ပွန်းသည် သရုပ်ဆောင် ရန်ကျော်နဲ့ သမီးလေးတဦး ရှိပြီး အနုပညာ အလုပ်တွေကို ဆက် လုပ်ကိုင်နေသူပါ။ ဒဂုန်တာရာ (စာရေးဆရာ) (ကဆုန်လဆန်း ၁၂ ရက်၊ ၁၂၈၁ ခုနှစ်ဖွား) အမည်ရင်း ဦးဌေးမြိုင် ခေါ် ဒဂုန်တာရာကို ၁၂၈၁ ခုနှစ် ကဆုန်လဆန်း ၁၂ ရက် (၁၉၁၉ ခုနှစ် မေလ ၁၀ ရက်) မှာ ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်၊ ထိုင်ကူမြစ်တမ်းရွာ (မွန်ရွာ)မှာ မွေးခဲ့ပါတယ်။ ဆရာ ဒဂုန်တာရာဟာ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်၊၊ တကသ အမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ စာရေးဆရာအသင်းရဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ) အမြဲတမ်းကော်မတီ ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ ဖြစ်ခဲ့သူပါ။ ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလထုတ် တက္ကသိုလ် သိပ္ပံမဂ္ဂဇင်းမှာ မြိုင်သဇင် ကလောင်အမည်နဲ့ မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့သူ၊ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ တာရာမဂ္ဂဇင်း စတင် တည်ထောင် ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ် မေဝတ္ထုကို ထုတ်ဝေပြီး ကလောင် အမည် အမျိုးမျိုးနဲ့ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးနဲ့ ကဗျာတွေ ရေးခဲ့ပါတယ်။ စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ်ဆုကို ၁၉၆၁ ခုနှစ် ရခဲ့သူပါ။ ဆရာကြီးဒဂုန်တာရာဟာ အသက် ၉၄ နှစ်အရွယ်၂၀၁၃ ခုနှစ် သြဂုတ် ၁၉ ရက်မှာ ကွယ်လွန်ခဲပါတယ်။ ငြိမ်းချမ်းရေးကို အမြဲတစေ ဘ၀တသက်လုံး လှုပ်ရှား တောင်းဆိုသွားခဲ့သူပါ။ ဒါပေမယ့် သူကွယ်လွန်ပြီး ၂ နှစ်ကြာအထိ ကချင်၊ ကရင်၊ ပလောင်နဲ့ ကိုးကန့်နယ်မြေတွေမှာ သေနတ်သံ ဗုံးသံတွေ ကြားနေရတုန်း။ ဒီးဒုတ်ဦးဘချို (၁၂၅၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်ဖွား) ဦးဘချို (ခေါ်) အာဇာနည် ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုကို အဖ ဦးဘိုးစာ၊ အမိ ဒေါ်မြစ်တို့က ၁၂၅၅ ခုနှစ် ကဆုန်လပြည့်ကျော် ၁၀ ရက် (၁၈၉၃ ခုနှစ် ဧပြီ ၂၄ ရက် တနင်္လာနေ့) ဧရာဝတီတိုင်း မြောင်းမြမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒီးဒုတ်ဂျာနယ်ကို ၁၉၂၅ ခုနှစ်မှာ ဦးစီး ထုတ်ဝေခဲ့လို့ ဒီးဒုတ် ဦးဘချို ဖြစ်လာပါတယ်။ ဆရာကြီးဟာ အင်္ဂလိပ်နဲ့ ပါဠိစာပေတွေမှာ နှံ့စပ်ပြီး ၁၉၃၈ ခုနှစ်မှာ ဒီးဒုတ်နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့ပါတယ်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပြီိး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလ ကြားဖြတ်အစိုးရ အဖွဲ့မှာ ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၄၇ ခု ဇူလိုင် ၁၉ ရက် မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ ခေါင်းဆောင်ကြီးတွေအတူ လုပ်ကြံ ခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန် ကွယ်လွန်ခဲ့ပါတယ်။ စလေဦးပုည (၁၁၇၄ ခုနှစ်၊ ကဆုန်လဆန်း ၁၃-ရက်ဖွား) ကဗျာ၊ လင်္ကာ၊ ပြဇာတ် စသဖြင့် စာမျိုးစုံ ရေးသားခဲ့တဲ့ ကုန်းဘောင်ခေတ် စာဆိုကြီး စလေဦးပုညကို ဦးမြတ်ထွား၊ ဒေါ်ဆုံတို့က ၁၁၇၄ ခု ကဆုန်လဆန်း ၁၃ ရက် စလေမြို့ တိုက်စုရပ်မှာ ဖွားမြင်ခဲ့ပါတယ်။ စလေဦးပုညတို့ စာစပ်ကောင်းပုံများ သူပြိုင်ဖက် အချုပ်တန်းဆရာဖေကတောင် မကျေမနပ်နဲ့ အခုလို ကဗျာစပ် ခဲ့ရသေးရဲ့။ စာကောင်းရင် မအပေးတွေက စလေရေး ဆိုကြပြန်တယ် တို့များကျ ဉာဏ်မမီတယ် ကံမပီညစ်နွမ်း။ ဆိုပြီး ခပ်ငေါ့ငေါ့ စပ်ဆို ရေးသားရတဲ့အထိပါ။ ကဆုန်မှာ ဖွားခဲ့သူတွေ ရှိသလို လွန်ခဲ့သူတွေလည်း ရှိခဲ့ပါရဲ့။ ဒါ့အပြင် ကဆုန်လမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကလည်း များပြားခဲ့ပါတယ်။ ဒေါ်ဦးဇွန်း (၁၃၀၆ ခုနှစ်၊ ကဆုန်လဆုတ် ၅ ရက်၊ ကွယ်လွန်) မင်းကွန်း၊ ပေါင်းတည်၊ ရန်ကုန် (နှင်းဆီကုန်း)၊ သထုံနဲ့ ပခုက္ကူ လူအိုရုံ ၅ ရုံကို မိမိ တဦးတည်းပိုင်ငွေနဲ့ ထူထောင်ခဲ့သူ ဒေါ်ဦးဇွန်းကို အဘ ပိုးကုန်သည်ကြီး ဦးဘိုးအိနဲ့ အမိ ဒေါ်ဖွားမြှင်တို့က ၁၂၃၀ ပြည့် ၀ါခေါင်လဆုတ် ၅ ရက် သောကြာနေ့ မန္တလေးမြို့မှာ မွေးခဲ့ပါတယ်။ သီလရှင်ကြီး ဒေါ်ဦးဇွန်းဟာ ၁၃၀၆ ခုနှစ် ကဆုန်လဆုတ် ၅ ရက်နေ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမယ့် တည်ထောင်ထားခဲ့တဲ့ လူအိုရုံတွေမှာတော့ နှစ်ပေါင်း ရာနဲ့ချီတဲ့ အထိ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက် ပေးနေဆဲပါ။ အလောင်းဘုရား ဦးအောင်ဇေယျ (၁၁၂၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက် နတ်ရွာစံ) မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ထင်ရှားတဲ့ အလောင်းမင်းတရားကြီး (ခေါ်) အလောင်းဘုရား ဦးအောင်ဇေယျဟာ စစ်ချီယင်းက မော်လမြိုင်မြို့ တဖက်ကမ်း မုတ္တမကျေး ကင်းရွာမှာ ၁၁၂၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက် မိုးလင်းစအချိန် နတ်ရွာစံခဲ့ပါတယ်။ ဦးအောင်ဇေယျဟာ မုဆိုးဘိုရွာကလေးကနေ ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သူပါ။ မြန်မာ့သမိုင်းမှာ မုဆိုးဘို၊ ရတနာသိင်္ခ၊ ရန်ကြီးအောင်၊ ကုန်းဘောင်ခ ငါးမည်ရ ပြည်ရွှေဘိုရယ်လို့ ထင်ရှားခဲ့တာ အလောင်းမင်းတရားရဲ့ စွမ်းဆောင်ရည်ကြောင့်ပါ။ အလောင်းဘုရားကိုယ်တိုင် ထန်းလုံးတပ်ကထွက် ရန်သူကို နှိမ်နင်းတဲ့နေ့ (၁၁၁၄ ခုနှစ် ကဆုန်လဆုတ် ၈ ရက် သောကြာနေ့) ၁၁၁၃ ခု၊ တန်ခူးလဆန်း ၆ ရက် ဟံသာဝတီဘုရင် သိမ်းခဲ့လို့ အင်းဝ ပျက်တယ်။ ဟံသာဝတီပါမင်း (မဟာဓမ္မရာဇာဓိပတိ)ကို ဟံသာဝတီအရောက် ဖမ်းခေါ်သွားခဲ့တယ်။ ဒီအချိန်မှာ အလောင်းဘုရားဟာ မုဆိုးဘို ထန်းလုံးတပ်ကာပြီး ပုန်ကန်လိုက်တယ်။ ၁၁၁၄ ခု ကဆုန်လဆန်း ၁၂ ရက် (၁၇၅၂ ခုနှစ် ဧပြီ ၂၄ ရက် တနင်္လာနေ့)ကစပြီး ဟံသာဝတီ ဘုရင်ဟာ အင်အားအလုံးအရင်းနဲ့ အလောင်းဘုရားရဲ့ မုဆိုးဘို ထန်းလုံးတပ်ကို ထိုးစစ်ဆင်ခဲ့ပါတယ်။ အလောင်းဘုရားဖက်က ၁၂ ရက်ကြာအောင် ခုခံထားပြီး ရန်သူတွေကို ထန်းလုံးတပ်ထဲက တန်ပြန်ထိုးစစ် ထွက်တိုက်ပြီး အနိုင်ရလိုက်ပါတယ်။ ဒီလို ထွက်တိုက်တဲ့နေ့ဟာ ၁၁၁၄ ခုနှစ် ကဆုန်လဆုတ် ၈ ရက် (၁၇၅၂ ခုနှစ် မေလ ၅ ရက် သောကြာနေ့)။ မေ ၃၀ ဒီပဲယင်း အရေးအခင်း (၁၃၆၅ ခု၊ ကဆုန်လကွယ်နေ့) ဒီပဲယင်း အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးမှု အရေးအခင်းကြီးဟာ ကမ္ဘာကျော် ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် မေ ၃၀ သောကြာနေ့ (၁၃၆၅ ခုနှစ်၊ ကဆုန်လကွယ်နေ့) မှောင်မိုက်လွန်းတဲ့ ညအချိန်ကြီး ဖြစ်ပွားခဲ့တာပါ။ ဒီပဲယင်းအကြမ်းဖက်မှုကြီး ဖြစ်ခဲ့တဲ့ နေရာကတော့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကြည်ရွာအနီးမှာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ အ၀င်အပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ အရိုက်ခံရခဲ့ပါတယ်။ နအဖ စစ်အစိုးရကတောင် ၄ ဦးသေတယ်လို့ ထုတ်ပြန်ခဲ့ရတယ်။ သေဆုံးသူဟာ ဒီထက်များမှာပါ။ ၁၂ နှစ်ကြာတဲ့ အခုအထိ ကဆုန်လကွယ်မှာ ဖြစ်ခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက်မှုကြီးဟာ လက်သည် မပေါ်သေးပါ။ တော်ကဆုန် ဦးကြော့ ဟေမန် နွေလှန်လို့ တုံ့ပြန်တော့ ပွေသဟန် ဝေယန်အုံ့ဆီက လေပြန်လှုံ့ဆော်ခဲ့ပြီ။ ပင်ပေါ်ထက်၊ ရော်ရွက် ၀ါထိန်ဝေနှင့် ခါဂိမ္မေ သည်တခေတ်တွင်မှ ညှာလိမ်ကြွေ တမည်သစ်မည်ကြောင့် အသစ်တွေ ထွေကာစုပါလို့ ပုရစ်ခွေ တမာနုမှာကွယ် ကျေးဥစီစီ။ ခင်တန်းလျှို သပြေပင်က ရွှေသဇင် သုတ်လေနှောပြန်တော့ နေ၀င်လျှင် ဘုတ်တွေရောပါလို့ အုတ်ရွှေသြရယ်က တွန်သံချီ ဋ္ဌာနီနှင့်ကွာဝေး။ ဖန်ခါခါ လမ္ဗရာ စည်ဍိဏ္ဍိပေမို့ ၀သန်မှာ ဆည်မချိပြီဘု ပူမိသည် နော်ရဂုံက တော်ကဆုန် ညောင်ရေသွန်းချိန်မို့ ဖော်မစုံ အောင်မြေကွန်းဆီသို့ လွမ်းလိုက်လှသေး။ ။ ရှေးအတီတေကစလို့ ဒီနေ့အထိ ကဆုန်လအတွင်း အဖြစ်သနစ် ပေါင်းစုံအောင် ရှိခဲ့ပါတယ်။ နောင်လည်း ရှိနေဦးမှာပါ။ အားလုံးကို စုစည်း တင်ပြရရင်တော့ ဆုံးအံ့မထင်ပါ။ ကျနော့်ကို စာတွေ ဖတ်ဖြစ်အောင် စာအုပ်ပေါင်း ရာနဲ့ချီ ရှာဖွေ စုဆောင်းပေးခဲ့ရှာတဲ့ မိတ်ဆွေတဦးဟာလည်း ကဆုန်လဖွားပါ။ သင်္ကြန်ဟာ ဧပြီလနဲ့ ဆုံလေ့များပေမယ့် တချို့နှစ်တွေမှာဆို ကဆုန်လထဲကိုလဲ ရောက်သွားတတ်ပါတယ်။ နှစ်သစ်ကူး နှစ်ဆန်းတရက်နေ့ဟာ တချို့နှစ်တွေမှာ ကဆုန်လတည်းမှာ ကျရောက်တတ်ပါတယ်။ ဥပမာ။ ။ ၁၉၄၂ ခုနှစ်မှာ သင်္ကြန်အကျနေ့ဟာ ကဆုန်လဆန်း ၁ ရက်ဖြစ်ပြီး၊ နှစ်သစ်ကူးနေ့ဟာ ၁၃၀၄ ခုနှစ် ကဆုန်လဆန်း ၄ ရက် ဖြစ်ပါတယ်။ ကဆုန်ရဲ့ ထူးခြား ဖြစ်ရပ်တခုကို နောက်ဆုံးပြောချင်ပါတယ်။ ဒါကတော့ သက်တမ်း ၇၉ နှစ်ရှိ (ဗကသ) ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ All Burma Students Union ကို ကဆုန်မှာ ဖွဲ့စည်းခဲ့တာပါ။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ All Burma Students Union (ဗကသ) (၁၂၉၈ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက် တနင်္ဂနွေနေ့ စတင်ဖွဲ့စည်း) ၁၉၃၆ ခုနှစ် မေ ၅ ရက်(၁၂၉၈ ခုနှစ် ကဆုန် လပြည့်ကျော် ၆ ရက် တနင်္ဂနွေနေ့)မှာ (ဗကသ) ကို စတင်တည်ထောင်ခဲ့ပါတယ်။ ပထမဆုံးဥက္ကဋ္ဌ ဦးရာရှစ်ဖြစ်တယ်။ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်၊ ကိုလှရွှေစတဲ့ တကသ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ဒုတိယ ကျောင်းသားသပိတ်၊ တတိယ ကျောင်းသား သပိတ်တို့ကို ဗကသတွေ ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့တာပါ။ ဂျပန်ခေတ်မှာ ဗကသ မရှိခဲ့။ ၁၉၄၆၊ ၁၉၄၇ မှာ ပြန်လည်ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်ကျတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (All Burma Federation of Student Unions) ဗကသများအဖွဲ့ချုပ်ကို ပြောင်းဖွဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ကျတော့ စစ်အာဏာရှင်တွေက ကျောင်းသားတွေကို အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ပြီး ဇူလိုင် ၈ ရက်နေ့မှာ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွေ ရှိနေခဲ့ပေမယ့် ဗကသများအဖွဲ့ချုပ် ဆိုပြီး မရပ်တည်နိုင်ခဲ့ပါ။ ၁၉၈၈ ခုနှစ် သြဂုတ် ၂၈ ရက်နေ့မှာ မင်းကိုနိုင် ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ် ပြန်ပေါ်လာပါတယ်။ ၈၈ ခုနှစ် စက်တင်ဘာလမှာ စစ်တပ်က ဦးဆောင်တဲ့ န၀တအစိုးရက အာဏာသိမ်းပြီးနောက်ပိုင်း ဗကသများအဖွဲ့ချုပ် မြေအောက် ရောက်သွားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကျော်ကိုကို ဦးဆောင် ဗကသများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အခု ၂၀၁၅ ခုနှစ်မှာလည်း ဒီမိုကရေစီ ပညာရေး တိုက်ပွဲကြောင့် မင်းသွေးသစ်၊ မဖြိုးဖြိုးအောင်တို့ အပါအ၀င် ဗကသ ခေါင်းဆောင်တွေ အဖမ်းခံနေရဆဲ ဖြစ်ပါတယ်။ ။ ကိုးကားစာအုပ်များ ၁။ တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သူ အလောင်းမင်းတရားဦးအောင်ဇေယျ (ရေးသူ တင်ထွေး)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024