Home
ဆောင်းပါး
နိုင်ငံသားအပေါ် တာဝန်ယူသောအစိုးရ (ဆောင်းပါး)
DVB
·
May 8, 2015
ဇော် (ပျဉ်းမနား) ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ဆွမ်းကျွေးကို ပျဉ်းမနားတွင် ပြုလုပ်သည်။ သူ့ဇနီးနဲ့ သားသမီးများ၏ ဖိတ်ကြားမှုကြောင့် ကျနော်နဲ့ ဒေါက်တာတင်စံဦးတို့ ပျဉ်းမနားသို့ ရထားဖြင့် သွားရန် ပြင်ဆင်ခဲ့သည်။ ၁ ရက်သာ ကြိုပြီး လက်မှတ်သွားဝယ်ကြသဖြင့် လက်မှတ်ကုန် သွားပါသည်။ ခုံနံပါတ်မဲ့ စီး၍ကား ရပါသည်။ သို့သော် ရထားပေါ် မတ်တပ်စီး ရပေလိမ့်မည်။ ထိုကဲ့သို့ ကျနော်တို့ မစီးနိုင်ပါ။ လက်မှတ်ရောင်းကို မေတ္တာရပ်ခံသော်လည်း အမှန်တကယ် ခုံနံပါတ်နဲ့ လက်မှတ်ကုန်သွားကြောင်း ရှင်းပြလေသည်။ နောက်ဆုံး “ကျနော်တို့က စာရေးဆရာတွေပါ။ ဇော် (ပျဉ်းမနား) ဆွမ်းကျွေးကို သွားမလို့ပါ။ အရေးပေါ်ဖြစ်လို့ ၃ ရက် ကြိုပြီး လက်မှတ်မဝယ်နိုင်တာပါ။” ဟုပြောရင်း မှတ်ပုံတင်ကို ထုတ်ပြလိုက်ပါတယ်။ ကျနော်မှတ်ပုံတင်တွင် အလုပ်အကိုင် - စာရေးဆရာဟု ပါရှိပါသည်။ မှတ်ပုံတင်ကို ကြည့်နေသော လက်မှတ်ရောင်းဝန်ထမ်းက စာရေးဆရာဟု တွေ့လိုက်သောကြောင့် သူ့ဘေးမှ တခြားလက်မှတ်ရောင်းနဲ့ ခေါင်းချင်းဆိုင် တိုင်ပင်လိုက်ကြပြီး “စာရေးဆရာတွေဆိုရင်တော့ အထက်တန်းလက်မှတ် ၂ စောင် ရောင်းလိုက်ပါမယ်။ ဗွီအိုင်ပီ အတွက် သီးသန့်ချန်ထားတဲ့အထဲက ရောင်းတာပါ။”ဟု ကျနော်တို့ကို ရှင်းပြပြီး အထက်တန်းလက်မှတ် ၂ စောင် ရောင်းချလိုက်လေသည်။ စာရေးဆရာဟူသော အရှိန်အဝါကြောင့် ရထားလက်မှတ်ရခဲ့ခြင်း ဖြစ်ပါသည်။ စာရေးဆရာနဲ့ စာနယ်ဇင်းသမားများကို လေးစားသော ဌာနများက ဦးစားပေးခြင်း ဖြစ်ပါလိမ့်မည်။ သြဇာအာဏာကြောင့် မဟုတ်ဘဲ ကိုယ်ပိုင်လက္ခဏာဖြစ်သော အဆင့်နေရာကြောင့်ဖြစ်သည်။ ထိုအဆင့်နေရာကို ကိုယ်ပိုင်လက္ခဏာဟု ခေါ်မလား၊ အရှိန်အဝါဟုပင် ခေါ်မလား၊ ယနေ့ခေတ် ယေဘုယျပြောနေသော  ပါဝါဟုပင် ခေါ်မလား မသိ။ ကျနော်ကတော့ Indentity ဟု သတ်မှတ်ချင်ပါသည်။ အင်းစိန်ထောင်ထဲတွင် ဥပဒေဖောက်ဖျက်ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် နိုင်ငံခြားသား အမြောက်အမြား ရှိသည်။ မြန်မာနိုင်ငံသားမဟုတ်သော တရုတ်၊ ကုလား၊ ထိုင်း၊ မူဂျာဟစ်၊ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ကို ကျနော်တို့ တွေ့ခဲ့ရပါသည်။ တရုတ်များနဲ့ မူဂျာဟစ်များကို သူတို့ မွေးဖွားရာနိုင်ငံများက သူတို့နိုင်ငံသားများအဖြစ် အသိအမှတ် မပြုသောကြောင့် ထောင်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီး ထောင်က ကျွေးသည်ကိုသာ စားပြီး ရပ်တည်ခဲ့ကြရ၏။ ဒန်ကို လက်စွပ်၊ ဆွဲပြားများ လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြရသည်။ ရောက်ခါစက ဗမာစကားပင် မပြောတတ်ကြပေ။ သူတို့မှာ  ထောင်ဝင်စာ မရှိ။ သံရုံးကလည်း လာမတွေ့ကြပေ။ ထိုင်းအကျဉ်းသားများမှာ  မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် တံငါသည်များ ဖြစ်သည်။ သို့သော် သူတို့မှာ ထိုင်းနိုင်ငံသားများ ဖြစ်၍ ထိုင်းအစိုးရက အလေးထားသလို ထိုင်းသံရုံးကလည်း အပတ်စဉ် ထောင်ဝင်စာ လာတွေ့သည်။ ထိုင်းငါးခိုးများကို လူနည်းစဉ်က တခြားအကျဉ်းသားများနဲ့ အတူထားသော်လည်း များလာသည့်အခါ အဆောင်တွင် တခန်း သီးသန့်ထားသည်။ သံရုံးကလည်း ထိုင်းအကျဉ်းသားအားလုံးအတွက် အပတ်စဉ် ထောင်ဝင်စာ ပေးလေ့ ရှိပါသည်။ ဆိုလိုသည်မှာ ထိုင်းနိုင်ငံက သူ့နိုင်ငံသားများအတွက် တာဝန်ယူခြင်း ဖြစ်သည်။ မည်သည့်ပြစ်မှုကို ကျူးလွန်သည်ဖြစ်စေ နိုင်ငံသားအဖြစ်ကား ရှိနေသောကြောင့် ထိုနိုင်ငံအစိုးရက မိမိတို့ နိုင်ငံသားများအတွက် တာဝန်ယူခြင်းဖြစ်၏။ မည်သည့်နိုင်ငံ ရောက်နေသည်ဖြစ်စေ နိုင်ငံကို အုပ်ချုပ်သော အစိုးရက မိမိတို့ နိုင်ငံသားများကို စောင့်ရှောက်ရမည် ဖြစ်သလို အတတ်နိုင်ဆုံး တာဝန်ယူရမည်ဖြစ်သည်။ ထို့ထက် ပိုပြီး တာဝန်ယူသောနိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံ ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသားများမှာ အင်းစိန်ထောင်တွင် အကျဉ်းကျနေသည်မှာ နည်းပါသည်။ ကျနော် ကြုံဖူးသမျှ ၁ ယောက်၊ ၂ ယောက်သာ ရှိပါသည်။ တောင်ကိုရီယားသံရုံးမှ  သူတို့ နိုင်ငံသားများအတွက် လိုလေသေးမရှိ အဝတ်အစား၊ အစားအသောက်၊ ဆေးဝါးစသည်တို့ကို မပြတ်ပံ့ပိုး ကူညီလေသည်။ နိုင်ငံနှင့် လူမျိုး၏ အရှိန်အဝါမှာ  ထိုနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုနဲ့  ထိုနိုင်ငံ၏ အစိုးရက နိုင်ငံသားအပေါ် တာဝန်ယူမှုတို့ ဖြစ်ပါသည်။ ကမ္ဘာ့ ထိပ်တန်းရောက်နေသော နိုင်ငံတိုင်းတွင် ဂုဏ်သိက္ခာရှိကြ၏။  အရှိန်အဝါလည်း ကြီးကြ၏။ ထိုသို့ သိက္ခာနှင့် အရှိန်အဝါကြီးမားရန်မှာ ထိုနိုင်ငံအင်အား လိုအပ်လေသည်။ အင်အားဆိုသည်မှာ (၁) စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် (၂) နိုင်ငံကာကွယ်ရန်အတွက် စစ်ရေးတောင့်တင်းရန် (၃) နိုင်ငံအုပ်ချုပ်သူသည် Good Governance ကောင်းမွန်သော အုပ်ချုပ်ရေးကို ဖန်တီးရန် (၄) အုပ်ချုပ်သော အစိုးရအဖွဲ့သည် ပြည်သူလူထု၏ ယုံကြည်မှု Credibility ကို ရရှိနိုင်ရန်၊ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်အစိုးရက အပြည့်အဝ တာဝန်ယူမှု Accountability ရှိရန် လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် အင်အားကြီးမားသည့် နိုင်ငံသားဖြစ်သော အမေရိကန်နဲ့ ဥရောပနိုင်ငံများ၏ အစိုးရအဖွဲ့များနဲ့  ပြည်သူလူထုမှာ မိမိတို့၏ ကိုယ်ပိုင်လက္ခဏာ Identity များ ရှိကြလေသည်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံသားများကို ကမ္ဘာ့နေရာအသီးသီးတွင် နိုင်ငံတိုင်း၊ ပြည်သူတိုင်းက အသိအမှတ်ပြု လေးစားကြပါသည်။ ထို့အတူ တရုတ်နိုင်ငံနဲ့ တရုတ်ပြည်သူများကိုလည်း သူ့နေရာနဲ့ သူ ကမ္ဘာ့ပြည်သူများက လေးစားအသိ အမှတ်ပြုကြလေသည်။ ထိုသို့ ဖြစ်လာရသည်မှာ ယခင် တရုတ်ပြည်နဲ့ တရုတ်လူမျိုးတို့ အနေအထားနဲ့ ယခု တရုတ်ပြည်၊ တရုတ်လူမျိုးတို့ အနေအထားမှာ ကွာခြားသွားလေသည်။ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလိပ်၊ နော်ဝေ၊ စပိန်၊ အီတလီ စသည့်နိုင်ငံများ၊ လူမျိုးများမှာလည်း ကမ္ဘာက အလေးထားပြီး နေရာပေးရသည့် လူများဖြစ်ကြလေသည်။ ထိုသို့ဖြစ်ရသည်မှာ ထိုနိုင်ငံမှ လူများ၏ အင်အားနဲ့ တောင့်တင်းမှုကြောင့် ဖြစ်ပါသည်။ သို့သော် တိုးတက်မှုအားနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများကမူ ထိုကဲ့သို့ အရှိန်သြဇာ နည်းပါး လှလေ သည်။ အထူးသဖြင့် အာဖရိကနိုင်ငံများနှင့် လက်တင်အမေရိကန်နိုင်ငံများမှာ ခိုင်မာသော Identity ကိုယ်ပိုင် လက္ခဏာ မရှိသဖြင့် သူတို့ရောက်လေရာ နေရာများတွင် နေရာပေးခံရမှုအား နည်းလှလေသည်။  မိမိနိုင်ငံမှ တခြားပြည်ပနိုင်ငံတခုသို့ သွားရောက်ရာတွင် နိုင်ငံကူးလက်မှတ်ကို  လူဝင်မှုကြီးကြပ်ရေးက ကြည့်လိုက်သည်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ သို့မဟုတ် ဆင်းရဲသောနိုင်ငံများမှ နိုင်ငံကူးလက်မှတ် ဖြစ်နေလျှင် ထိုလူအပေါ် အလေးအနက် မရှိကြတော့ပေ။ အထင်သေးခြင်း၊ စက်ဆုပ်ခြင်းများပင် မျက်နှာ၌ တွေ့ရတတ်၏။ ၉/၁၁ ဖြစ်ပွားပြီး အမေရိကနဲ့ ဥရောပသို့ သွားရောက်သော အာရပ်နိုင်ငံများနဲ့ မွတ်စလင်နိုင်ငံများမှာ လူများကို  ရန်သူသဖွယ် စစ်ဆေးပြီးမှ ပြည်ဝင်ခွင့် ပေးကြသည်။ နိုင်ငံတွင်း ရောက်လျှင်လည်း ထိုလူများကို သတိထား စောင့်ကြည့်ကြလေသည်။ အာရှတိုက်တွင် ယခင်က ဖွံ့ဖြိုးမှုအားနည်းနေခဲ့သေးသောနိုင်ငံများမှာ ယခုအခါတွင် အင်အား ကောင်းလာသော တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများသည် ကမ္ဘာ့စီးပွားရေးကိုပင် ချယ်လှယ်နိုင်စွမ်းရှိသော ထိပ်ဆုံးနိုင်ငံများ စာရင်းတွင်ပင် ပါဝင်လာသောကြောင့် သူတို့၏ Identity မှာ ခိုင်မာနေခဲ့သလို သူတို့၏ Power ဟုခေါ်သော အရှိန်အဝါမှာလည်း ကြီးမားလာခဲ့သည်။ အမေရိက၊ ဥရောပသို့ သွားလျှင်လည်း သူတို့ကို လေးလေးစားစားဆက်ဆံလာကြသည်။ သို့သော် အာရှတိုက်မှပင် စီးပွားရေး တောင့်တင်းမှု မရှိသေးသောနိုင်ငံများကိုမူ တခြားနိုင်ငံကြီးများက အလေးသိပ်မထားကြပေ။ နိုင်ငံခြားတွင် အလုပ်သမား အများဆုံး ပို့ပြီး နိုင်ငံ၏စီးပွားရေးကို  အထောက်အကူ ဖြစ်စေသော နိုင်ငံများမှာ တခြားနိုင်ငံများ၏ အထင်အမြင်သေးခြင်းကို ခံရလေသည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့သည် တခြားနိုင်ငံများသို့ အလုပ်သမား များသွားရောက် လုပ်ကိုင်ခွင့် ပေးထားကြသည့်အတွက် ထိုအလုပ်သမားများထံမှ ပေးပို့သည့် နိုင်ငံခြားငွေကလည်း တိုင်းပြည်၏ စီးပွားရေးကို အကျိုးပြုပါသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်၍ နိုင်ငံ၏ အရှိန်အဝါမှာ အားနည်းနေဆဲ ဖြစ်လေသည်။ ထို့ကြောင့် နိုင်ငံနဲ့ လူမျိုး၏ သြဇာအရှိန်အဝါရှိရေးမှာ နိုင်ငံနဲ့ လူမျိုးအပေါ်တွင်သာ  မူတည် သည်။ ထိုနိုင်ငံကို အုပ်ချုပ်သောအစိုးရနဲ့ ပြည်သူများတွင်သာ အခြေခံသည်။ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်လုံးပမ်းရမည် ဖြစ်သလို နိုင်ငံနဲ့ လူမျိုးအကျိုးစီးပွားအတွက် နိုင်ငံသားများက အလေးအနက် ကြိုးပမ်းရန် လိုအပ်သည်။ ထိုသို့ လုံးပမ်းအားထုတ်ကြမှသာလျှင် နိုင်ငံ၏ Identity နဲ့ လူမျိုး၏ Identity များ ရရှိမည် ဖြစ်သည်။ အင်အားတောင့်တင်းသော နိုင်ငံတခု ဖြစ်ရန်မှာ စစ်ရေးတည်ဆောက်မှုသက်သက်ဖြင့် မရရှိနိုင်ပေ။ တည်ငြိမ်မှန်ကန်သော နိုင်ငံရေးနဲ့ အားကောင်ဖွံ့ဖြိုးသည့် စီးပွားရေးကို  တည်ဆောက်နိုင်ကြရပေလိမ့်မည်။ အာဖရိကနိုင်ငံများ၏ အခြေအနေမှာ အဆိုးဆုံးဖြစ်သည်။ ကမ္ဘာတွင် ဖွံ့ဖြိုးမှုအနှေးဆုံးနဲ့ ခေတ်အနောက်ကျဆုံး၊ အဆင်းရဲဆုံးဖြစ်သောနိုင်ငံများနဲ့ ပြည်သူများ၏ Identity မှာ အနိမ့်ကျဆုံးဟု ပြောရပေလိမ့်မည်။ မိုးခေါင်မှု၊ ပူပြင်းခြောက်သွေ့မှုစသော သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံစားနေရသော အာဖရိကနိုင်ငံများမှာ အာဏာရှင်စနစ်တို့၏ ဆိုးဝါးရက်စက်စွာ ဖိနှိပ်မှုကိုလည်း အပြင်းအထန် ခံကြရသည်။ ထိုနိုင်ငံများနဲ့ ပြည်သူများမှာ အနောက်နိုင်ငံများ၏ ကိုလိုနီကျွန်ပြုမှုကိုလည်း နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ကြရလေသည်။ အသားအရောင် ခွဲခြားမှုနဲ့ ကျေးကျွန်စနစ်ကလည်း အာဖရိကနိုင်ငံများအပေါ် ရာစုနှစ်နဲ့ ချီပြီး လွှမ်းမိုးခဲ့ပါသည်။ ထို့ကြောင့် ထိုနိုင်ငံများ၏ အရှိန်အဝါမှာ အာရှနိုင်ငံများလောက် မရှိသေးပေ။ ကျန်းမာရေးနဲ့ ပညာရေးတို့ အလွန်အားနည်းနေရသည်မှာလည်း နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်သူကို အလေးထားသော အစိုးရအဖွဲ့မျိုးကို မဖန်တီးနိုင်မှုတို့ကြောင့် အာဖရိကနိုင်ငံအများစု၏ Identity မှာ ယခုတိုင် အားနည်းနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံနဲ့ လူမျိုးတို့၏ သြဇာအာဏာ၊ အဆင့်နေရာနဲ့ ကိုယ်ပိုင်လက္ခဏာကို တည်ဆောက်နိုင်ဖို့မှာ နိုင်ငံကို အုပ်ချုပ်သူနဲ့ ပြည်သူလူထုအပေါ် လုံးဝတာဝန်ရှိပေသည်။ ကျနော်တို့ စင်ကာပူနိုင်ငံကို တုယူသင့်သည်။ စင်ကာပူသည် ကျွန်းနိုင်ငံဖြစ်ပြီး လူဦးရေ မှာလည်း ၄ သန်း ၈ သိန်းကျော် ၅ သန်းနီးပါး ရှိသော်လည်း စီးပွားရေးတိုးတက် ဖွံ့ဖြိုးလွန်းသည့်အတွက် အာရှမှာသာမက ကမ္ဘာမှာပါ လူရိုသေရှင်ရိုသေ နိုင်ငံတခု ဖြစ်လာသည်။ စင်ကာပူနိုင်ငံသားဆိုလျှင် အားကျကြသည်။ စင်ကာပူနိုင်ငံကိုလည်း အထင်ကြီးကြလေသည်။ စင်ကာပူနိုင်ငံသားများသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိသော သြဇာရှိသူများ ဖြစ်လာ သည်မှာ စင်ကာပူဖွံ့ဖြိုးတိုးတက်ခြင်းကြောင့်ဖြစ်သည်။ နိုင်ငံအစိုးရက နိုင်ငံသားများကို တာဝန်ယူနိုင်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ အရှိန်အဝါရှိသောနိုင်ငံ၊ လူထုက ယုံကြည်ကိုးစားပြီး တာဝန်ယူမှုရှိသော အစိုးရကိုယ်ပိုင်လက္ခဏာရှိပြီး နိုင်ငံသားကောင်း ပီသသည့် လူမျိုးဖြစ်အောင် အားလုံးသံသယမဲ့ လက်တွဲကြိုးပမ်းကြရပေလိမ့်မည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024