ဗြိတိန်ရွေးကောက်ပွဲ နိုင်ငံတ၀န်းတွင် စတင်

အခုနှစ် ဗြိတိန်အထွေထွေရွေးကောက်ပွဲကို ဒီနေ့ မနက် ၇ နာရီက နိုင်ငံတ၀န်း မဲရုံပေါင်း ၅ သောင်းလောက်မှာ စတင်မဲပေးကြပါတယ်။ ဗြိတိန်ပါလီမန်အမတ် ၆၅၀ ကို ရွေးချယ်မှာဖြစ်ပြီး ဗြိတိန်ပြည်သူ သန်း ၅၀ ကလည်း ရွေးကောက်ပွဲမဲပေးဖို့ စာရင်းသွင်းထားပါတယ်။ ဒီရွေးကောက်ပွဲမှာ ဒေသခံအာဏာပိုင် ၉ ထောင်ကျော် နိုင်ငံတ၀န်း ဆန္ဒမဲနယ်မြေ ၂၇၉ နယ်မြေမှာ ယှဉ်ပြိုင်ရွေးကောက်ခံကြမှာဖြစ်ပြီး မြို့တော်ဝန်တချို့ကိုလည်း ရွေးချယ်မယ်လို့ သိရပါတယ်။ ဒါကြောင့် မဲပေးသူအားလုံးနီးပါးဟာ တချိန်တည်း ပါလီမန်ရွေးကောက်ပွဲအတွက်ရော၊ ဒေသဆိုင်ရာရွေးကောက်ပွဲအတွက်ပါ မဲ ၂ မဲပေးရဖို့ ရှိပါတယ်။ မဲပေးသူတချို့ဟာ စာတိုက်က ကြိုတင်မဲပေးထားကြပြီဖြစ်ပြီး ၂၀၁၀ ပြည်နှစ် ရွေးကောက်ပွဲတုန်းက ၁၅ ရာခိုင်နှုန်း ရှိခဲ့တာပါ။ အဲ့ဒီ ရွေးကောက်ပွဲတုန်းကတော့ မဲပေးသူ ၆၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ အင်တာနက်ကနေ ပထမဆုံးမဲပေးလို့ရပြီလို့ ဆိုပါတယ်။ ကနဦးမဲရလဒ်တွေကို ညသန်းခေါင်မှာ စတင်ကြေညာနိုင်မယ်လို့ မျှော်လင့်ရပြီး ရွေးကောက်ပွဲနောက်ဆုံးမဲရလဒ်တွေကို မေ ၈ ရက်နေ့ ညနေပိုင်းမှာ ကြေညာနိုင်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ မဲရုံတွေကို ည ၁၀ နာရီမှာ ပိတ်သိမ်းမှာဖြစ်ပေမယ့် တန်းစီမဲပေးသူရှိနေမယ်ဆိုရင် သူတို့မဲပေးပြီးမှ ပိတ်သိမ်းမယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်ပါတီကမှအပြတ်အသတ်နိုင်မယ့် ရွေးကောက်ပွဲမဟုတ်ပဲ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ညွန့်ပေါင်းအစိုးရဖွဲ့ရမယ့် ရွေးကောက်ပွဲလို့ ရွေးကောက်ပွဲ အနီးကပ်လေ့လာသူတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up