လေယာဉ်ကို တမင်ထိုးဆင်းရန် တွဲဖက်လေယာဉ်မှူး စပိန်ခရီးစဉ်တွင် လေ့ကျင့်ခဲ့

တွဲဖက်လေယာဉ်မှူး Andreas Lubitz (ဓာတ်ပုံ ရိုက်တာ)
ပြီးခဲ့တဲ့မတ်လက ပြင်သစ်နိုင်ငံမှာ ပျက်ကျသွားခဲ့တဲ့လေယာဉ်ရဲ့ တွဲဖက်လေယာဉ်မှူး Andreas Lubitz ဟာ ဂျာမနီနိုင်ငံက စပိန်နိုင်ငံကို အသွားခရီးစဉ်မှာ လေယာဉ်ကို တမင်ထိုးဆင်းချဖို့ လေ့ကျင့်ခဲ့သေးတယ်လို့ ပြင်သစ်စုံစမ်းရေးအရာရှိတွေက မေ ၆ ရက်နေ့က ပြောဆိုပါတယ်။ တွဲဖက်လေယာဉ်မှူးဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို အသွား လေယာဉ်ပျံပြန်အဆင်းမှာ လေယာဉ်ကို ပေ ၁၀၀ အထိ ဆင်းဖို့ အော်တိုပိုင်းလော့(autopilot)ခလုတ်ကို ၅ ကြိမ် ပြောင်းခဲ့တယ်။ လေယာဉ်ပြန်အဆင်းမှာ လေ့ကျင့်ခဲ့တာ ဖြစ်လို့ ထူးထူးခြားခြား မသိသာခဲ့ဘူးလို့ ပြင်သစ်စုံစမ်းရေးအရာရှိက ပြောဆိုပါတယ်။ လေယာဉ်မှူးကြီးအခန်းပြင်ထွက်ချိန် တဦးတည်းရှိတဲ့အချိန်မှာ စမ်းသပ်လေ့ကျင့်ခဲ့ပြီး ဂျာမနီကို အပြန် လေယာဉ်ကို တကယ် ပျက်ကျခဲ့အောင် အဲဒီအတိုင်းပဲ လုပ်သွားတာ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ စုံစမ်းရေးညွန်ကြားရေးမှူးက ပြောဆိုပါတယ်။ ဒီအချက်အလက်တွေအားလုံးကို လေယာဉ်မှတ်တမ်းသေတ္တာနဲ့ လေယာဉ်မှူး အသံဖမ်းစက်တွေက ရရှိတဲ့အထောက်အထားတွေအရ သိရှိတယ်လို့ ပြောပါတယ်။ ဒီအချက်အလက်တွေကို ထုတ်ပြန်ခဲ့တဲ့ ပြင်သစ်အရပ်ဖက်လေကြောင်းလုံခြုံရေးနဲ့ စုံစမ်းရေးအဖွဲ့ဟာ ၁ နှစ်အတွင်း တွေ့ရှိသမျှ အစီခံစာထုတ်ပြန်မှာ ဖြစ်ပြီး လေယာဉ်မောင်းခန်းတံခါးနဲ့ လေယာဉ်မှူးတွေရဲ့ ကျန်းမာရေးနောက်ကြောင်းဆိုင်ရာ အကြံပြုချက်တွေပါ ထည့်သွင်းဖော်ပြဖို့ ရှိတယ်လို့ ပြောဆိုပါတယ်။

More News
Up