ကိုယ်ဝန်ဆောင် မြန်မာအလုပ်သမား ရေမြောင်းထဲဟင်းရွက်ခူးစဉ် ဓာတ်လိုက်သေဆုံး

ဓာတ်ပုံ - Chiang Mai RESCUE
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရေမြောင်းထဲဆင်းပြီး ပိန်းရွက်ခူးတဲ့ မြန်မာ အလုပ်သမား ကိုယ်ဝန်ဆောင်မိခင်တဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြပါတယ်။ မေ ၅ ရက် မနက်ခင်း ၁၁ နာရီခွဲအချိန်က ချင်းမိုင်မြို့ ကန်းကနုတ် -၁၉ စီမံကိန်းအိမ်ရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာမှာ မဲ့ခါချောင်းထဲက ပိန်းပင်တွေကြား အသက် ၂၀ ကျော်ရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးနေတာ တွေ့ရတယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆူဝစ် ဗန်ယိုက သတင်းထောက်တွေကို ပြောပါတယ်။ အလောင်းမှာ ခုခံတိုက်ခိုက်ရာတွေ မရှိဘဲ အနီးနားဓာတ်တိုင်ကနေ တန်းလန်းကျနေတဲ့ မီးကြိုး ၂ ချောင်းရှိပြီး တချောင်းမှာ ပေါက်ပြဲနေတဲ့အတွက် ဓာတ်လိုက်သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒုရဲမှူးက ပြောပါတယ်။ ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူအမျိုးသမီးဟာ အသက် ၂၁ နှစ်ရှိ မြန်မာအလုပ်သမား မအေး ဆိုသူဖြစ်ပြီး ကိုယ်ဝန် ၈ လရှိကြောင်း၊ မျက်မြင်သက်သေတွေ ပြောပြချက်အရ ဒီမတိုင်ခင် မေလ ၄ ရက် နေ့ခင်းပိုင်းက ဟင်းရှာထွက်မယ်ဆိုပြီး ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ ကိုဒေးဗစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှအပြန် ဇနီးဖြစ်သူကို မတွေ့ရတဲ့အတွက် တညလုံးရှာဖွေပေမယ့် မတွေ့ခဲ့ကြောင်း၊ မေ ၅ ရက် မနက်ပိုင်းမှာ ဆောက်လက်စတိုက် ဒုတိယထပ်မှာ မှန်သုတ်နေတဲ့ အလုပ်သမားတဦးက ရေမြောင်းနားမှာ လဲကျနေတဲ့ မအေးကို အပေါ်ကနေ လှမ်းမြင်ခဲ့တာလို့ ဆိုပါတယ်။ မအေးရဲ့ အလောင်းကို လိုအပ်သလို ဆက်လက်စစ်ဆေးဖို့အတွက် တာဝန်ရှိသူတွေက ချင်းမိုင်မဟာရတ်ခ်ျဆေးရုံကို သယ်ဆောင်သွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ ကိုးကား ထိုင်းသတင်းများ - ထိုင်းသတင်းဌာန၊ ခေါဝ်ဆွတ်သတင်းဌာန ၊ ချင်းမိုင်နယူးစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up