Home
ဆောင်းပါး
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအတုကြီးကို ပြတ်ပြတ်သားသားဆန့်ကျင်ပါ” (ဆောင်းပါး)
DVB
·
May 5, 2015
“လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတ သန့်ရှင်းအောင် ၀ိုင်းဝန်း စောင့်ကြပ်ပါ။ မိမိ အသည်းကြားက မဲတပြားကို ခွေးစား မခံရအောင် ဂရုပြုပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်သူကို ရင်ဝယ်သားလို အုပ်ချုပ်မဲ့ မိဘနဲ့တူသော အစိုးရတရပ် ပေါ်ထွန်းအောင်….” ကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့သမျှ နိုင်ငံရေးစနစ်တွေထဲမှာ လူများစုရဲ့ ဆန္ဒကို အထင်ဟပ်နိုင်ဆုံးစနစ်ဟာ ဒီမိုကရေစီစနစ်ပါလို့ ပြောမယ်ဆိုရင် ငြင်းဆန်မဲ့ လူများများစားစား ရှိမယ် မထင်ဘူး။ လူ့ဂုဏ်သိက္ခာကို မြတ်နိုးတယ်။ လူဖြစ်တန်ဖိုးကို အလေးထားတယ်။ လူကို လူလို မြင်တဲ့စနစ်မို့ အခြေခံလူ့အခွင့်အရေးတင်မက နိုင်ငံသားအခွင့်အရေးကိုလည်း အသိအမှတ်ပြုတယ်။ လူများစုသဘောထားနဲ့ အုပ်ချုပ်တယ်ဆိုပေမဲ့ လူနည်းစုဆန္ဒကို လည်း မထေမဲ့မြင် မပြုဘူး၊ လူနည်းစုအခွင့်အရေးကို အရေးထား လေးစားတယ်။ အပြန်အလှန် အပေးအယူ ညှိနှိုင်းမှုတွေနဲ့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်တဲ့စနစ် ဖြစ်တယ်။ လူမျိုးစုံ၊ ဘာသာစုံ ချစ်ခင်ရင်းနှီးစွာ ပေါင်းစီးနိုင်သလို သာတူညီမျှ သဟဇာတ ဖြစ်နိုင်ကြတော့ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီစနစ်ဟာ အသိဥာဏ်မြင့်မားပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ လက္ခဏာကောင်း တွေနဲ့ တင့်တယ်တဲ့စနစ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။ ဒါပေမဲ့လည်း ဒီလောကကြီးမှာ အဲဒီလို ကောင်းမွန်တဲ့ အရာတွေရဲ့ အရှိန်အ၀ါကို ခြုံပြီး ကလိန်ကျ တုပတဲ့အရာတွေ ပေါ်လာလေ့ ရှိတယ်။ လူလိမ်လူကောက်တွေ၊ ဖြတ်လမ်း လိုက်သူတွေနဲ့ အတ္တကြီးမားတဲ့ တဘို့တည်းသမားတွေ၊ သူခိုးဂျပိုးတွေဟာ အတုတွေ ဖန်တီးပြီး စီးပွားရှာကြ၊ လုပ်စားကြ၊ သမိုင်းဆိုး သမိုင်းညစ်တွေ ရေးကြ ကျူးလွန်ကြလေ့ ရှိကြတယ် မဟုတ်လား။ အခုလည်း တို့နိုင်ငံမှာ စစ်အာဏာရှင်ဟောင်းတသိုက်က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ နာမည်ပေးထားတဲ့ ဒီမိုကရေစီအတုကြီးနဲ့ တို့တိုင်းပြည်နဲ့ တို့ပြည်သူတွေရဲ့ အနာဂတ်ကို နောက်တကြိမ် လုယူသိမ်းပိုက် ဖျက်ဆီးဖို့ တာစူနေကြပြန်ပြီ။ လက်ရှိ စစ်အာဏာရှင်ဟောင်းတွေရဲ့ ဘိုးအေကြီး ဖြစ်တဲ့ မူလပထမ အာဏာရှင်ဟောင်း ဗိုလ်နေ၀င်းတုန်းကလည်း မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လို့ အမည်ရတဲ့ ဆိုရှယ်လစ် အတုကြီးနဲ့ လုပ်စားသွားတာ တို့တိုင်းပြည်လည်း ပျက်သုဉ်းနိုင်ငံအဆင့်ရောက် မွဲပြာ ခြောက်ခဲ့ရတာ ခုထိ မဟုတ်လား။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာကြီးဟာ ဆိုရှယ်လစ်အတုကြီးဆိုတာကို သက်သေ ပြစရာ မလိုအောင် စစ်အာဏာရှင်အသိုင်းအ၀ိုင်းတွေ အေဒီလမ်း၊ ၀င်ဒါမီယာနဲ့ ချင်းချောင်းက ဗိုလ်ချုပ်ရွာတွေမှာ ဆိုရှယ်လစ်အတုရဲ့ အသီးအပွင့်တွေ အလျှံပယ်သုံးဆောင် စံစားနေကြရတဲ့ အချိန်မှာ ပြည်သူလူထုတရပ်လုံးဟာ လူစဉ်မမှီ အညွှန့်တုံး လူဖြစ်ရှုံးခဲ့ကြရ ငတ်မွတ်ကန်းမွဲ ပိပြားတုံးအောက်က ဖားလို ငရဲကျခံစားခဲ့ရတာ မဟုတ်လား။ ဒီနေ့ မျက်မှောက် ကမ္ဘာကြီးရဲ့ နယ်စုံပယ်စုံ ကဏ္ဍအသီးသီးမှာ အတုအပတွေဆိုတာ ရှောင်မလွတ်အောင် ဘုံးဘောလအော ပေါများလှတယ် မဟုတ်လား။ အဲ့ဒီအတုတွေထဲက တချို့အတုတွေက လူ့လောကကို အကျိုးပြုတာလည်း ရှိပါတယ်။ ဥပမာ ခြေတု၊ လက်တု၊ ဆံပင်တု စတာတွေဟာ သူတို့မှာရှိတဲ့ အရည်အသွေး လေးတွေနဲ့ လူ့လောကရဲ့ လိုအပ်ချက် ကွက်လပ်လေးတွေ ဖြည့်ပေးကြတာ မဟုတ်လား။ ဒါပေမဲ့ တချို့အတု တွေကတော့ လူ့အဖွဲ့အစည်းကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ်။ လူ့အသက်ကို ဆွဲနှုတ်ယူနိုင်အောင် အန္တရာယ်ကြီးတယ်။ လူသားမျိုးနွယ်ကို အလွန်ကြီးမားတဲ့ ဆင်းရဲ ဒုက္ခကြုံစေနိုင်သလို လူအများရဲ့ အနာဂတ် ကိုလည်း ဖျက်ဆီးနိုင်လောက်အောင် အဆိပ် ပြင်းတယ်။ ဥပမာဆောင်ရရင် ဆေးဝါးအတု၊ ဆရာဝန်အတုတွေဟာ လူမမာရဲ့ အသက်ကို နုတ်ယူပစ်နိုင်သလို၊ စားသုံးရန်မသင့်တော်တဲ့ စားကုန်သောက်ကုန်အတုတွေဟာ စားသုံးသူ တွေကို ကင်ဆာအစရှိတဲ့ ကြောက်မက်ဖွယ်ရောဂါဆိုးကြီးတွေ ဖြစ်စေနိုင်တယ် မဟုတ်လား။ အရည်သွေးမပြည့်မှီတဲ့ လူ့အသုံးအဆောင် လျှပ်စစ်ပစ္စည်းအတုတွေ မိတ်ကပ်အတု ကစလို့ အလှပြင်ပစ္စည်းအတုတွေ၊ ကိုယ်အလေးချိန် ၀ိတ်လျော့တဲ့ လိမ်းဆေးအတု၊ စားဆေး အတုတွေဟာ သုံးစွဲသူတွေကို အသက်အန္တရာယ်ပြုနိုင်တယ်။ အဲဒီအတုတွေထက် အဆပေါင်းများစွာ အန္တရာယ်ကြီး ကြောက်စရာကောင်းတာက ဒီမိုကရေစီအတု ဖြစ်တယ်။ လူတဦးတည်းရဲ့ ဘ၀နဲ့ အသက်အန္တရာယ်ကိုတင်မက လူသန်းပေါင်းများစွာပါတဲ့ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ပစ္စုပ္ပန်လူမှုဘ၀၊ အနာဂတ်ဘ၀တွေကို ကြိတ်ချေဖျက်ဆီးနိုင်စွမ်း ရှိတယ်။ တတိုင်းတပြည်လုံးမှာ စာရိတ္တသီလ၊ ၀ါရိတ္တသီလတွေ ကျိုးပျက်လို့ တနိုင်ငံလုံးကို ဂုဏ်သိက္ခာမဲ့တဲ့ စောရလူမျိုးတွေဖြစ်အောင်၊ ငါတို့လူမျိုး သူခိုး ဖြစ်သည်လို့ ပြောရတဲ့အဆင့်ရောက်အောင် အဖျက်စွမ်းအားကြီးတယ်။ ဗွက်ထအောင်ကျူးလွန်ခဲ့ ကိုယ့်ပြစ်မှုတွေကို ကိုယ်တိုင်တာဝန်မခံရဲသူတွေ၊ တာဝန်မယူရဲလောက်အောင် သရဲဘောကြောင်တဲ့ ခွေးလှေးဂျပိုးတွေ တိုင်းပြည်ခေါင်းဆောင်နေရာ ရောက်စေနိုင်တာဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာကြီး ဖြစ်တယ်။ စစ်ဘောင်းဘီချွတ်ပြီး ချိတ်ပုဆိုးကောက်စွတ်ထားတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ဟောင်းတွေ တီထွင်လိုက်တဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာဟာ အရေခြုံဒီမိုကရေစီအတုကြီး ဖြစ်တယ်ဆိုတာကို အကျိုးအကြောင်းနဲ့ အချက်အလက်တွေနဲ့ ဒီဆောင်းပါးမှာ ဆွေးနွေးချင်တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ မျက်လုံးအပြာရောင်ရှိတဲ့သူတွေအတွက်တမျိုး၊ မျက်လုံးအနက်ရောင် ရှိသူတွေအတွက်တမျိုးဆိုပြီး ခွဲမထားပါဘူး။ အာဖရိကန်တွေ ဆင်းရဲမွဲတေလို့ ဒီမိုကရေစီအပြည့်အ၀နဲ့ မထိုက်တန်ဘူးဆိုတာ လူလိမ်လူကောက်တွေရဲ့ စကား။ အာရှတိုက်သားတွေ မရင့်ကျက်သေးလို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို တစိတ်တဒေသဘဲ အကန့်အသတ်နဲ့ဘဲ ခံစားထိုက်တယ်ဆိုတာ လူယုတ်မာတွေရဲ့ စကားသာ ဖြစ်တယ်။ မတရားသဖြင့် အခွင့်ထူးခံနေတဲ့လူ့မိစ္ဆာတွေက သူတို့အာဏာလက်လွှတ်ရမှာစိုးလို့ လူများစုရဲ့ အခွင့်အရေးကို ချုပ်ချယ်ဖို့ ဆင်ခြေကန်ခြင်းသာ ဖြစ်တယ်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ လူခြင်းအတူတူ အနောက်ဒီမိုကရေစီ၊ အရှေ့ဒီမိုကရေစီ၊ တောင်ဒီမိုကရေစီ၊ မြောက်ဒီမိုကရေစီ ဆိုပြီး ခွဲခြားနေစရာ ဘာလိုသလဲ။ လူလူချင်းအတူတူ ခေါင်းပုံဖြတ်ချင်သူတွေ လူလည်လုပ် အမြတ်ထုတ်တာကို လက်ခံလို့ မဖြစ်ပါဘူး။ ဆိုရှယ်လစ်အတုနဲ့ လုပ်စားကြီးပွားလာခဲ့တဲ့ စစ်အာဏာရှင်မျိုးနွယ် လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်းတွေ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဟာ အများပြည်သူရဲ့ အကျိုးကို ဖော်ဆောင်ပေးမဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ဖြစ်လာနိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာကို အောက်ပါ ဒီမိုကရေစီရဲ့ အခြေခံမူ လက္ခဏာတွေ၊ စံရည်စံညွှန်းတွေနဲ့ အကဲဖြတ်ကြည့်ရအောင်။ ဒီမိုကရေစီရဲ့ အခြေခံမူ လက္ခဏာများ (PRINCIPLES OF DEMOCRACY) ၁) ပြည်သူပူးပေါင်းပါဝင်မှု (CITIZEN PARTICIPATION) ၂) ညီမျှမှု (EQUALITY) ၃) လူနည်းစု (သို့) အတိုက်အခံတို့၏ဆန္ဒကို အလေးထားအသိအမှတ်ပြုမှု (POLITICAL TOLERANCE) ၄) တာဝန်ခံမှု (ACCOUNTABILITY ) ၅) ပွင့်လင်းမြင်သာမှု (TRANSPARENCY) ၆) လွတ်လပ်၍ မျှတသောရွေးကောက်ပွဲ ပုံမှန်ကျင်းပမှု (REGULAR FREE AND FAIR ELECTIONS) ၇) စီးပွားရေးလွတ်လပ်မှု (ECONOMIC FREEDOM) ၈) အာဏာအလွှဲသုံးစားခြင်းကို တားဆီးမှု (CONTROL OF THE ABUSE OF POWER) ၉) နိုင်ငံသားအခွင့်အရေး (BILL OF RIGHTS) ၁၀) ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှု (ACCEPTING THE RESULTS OF ELECTIONS) ၁၁) အခြေခံလူ့အခွင့်အရေး (HUMAN RIGHTS) ၁၂) ပါတီစုံစနစ်ရှိမှု (MULTI PARTY SYSTEM) ၁၃) တရားဥပဒေစိုးမိုးမှု (RULE OF LAW) ပြည်သူပူးပေါင်းပါဝင်မှု (CITIZEN PARTICIPATION) ဦးသိန်းစိန်တို့ရဲ့ စစ်တပိုင်းအစိုးရ ဦးဆောင် စီမံတဲ့ လူထုချီတက်ပွဲအမည်ခံ လှုပ်ရှားမှုတွေ မှန်သမျှ ကြည့်လိုက်ရင် အဖြေက ရှင်းပါတယ်။ ဒံပေါက်ထုပ်တွေ ဝေရ၊ ဘုရားဆင်းတုတွေ မဲနှိုက်ခိုင်း၊ နေ့တွက်တွေ ပေးခေါ်ရတာတောင် ကိုယ်ပိုင် အသိစိတ်နဲ့ ပူးပေါင်းပါဝင်တဲ့သူတွေ မရှိသလောက် ဖြစ်နေတာ သတင်းဓာတ်ပုံတွေ ကြည့်ရင် သိသာပါတယ်။ ညီမျှမှု (EQUALITY) နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေး ဘယ်နယ်ပယ်မှာ ကြည့်ကြည့် ညီမျှမှု၊ မျှတမှုဆိုတာ ဘယ်မှာ ရှိပါသလဲ။ ခရိုနီဆိုတဲ့ ဝေါ်ဟာရ အကြောင်းမဲ့ ပေါ်လာတာ မဟုတ်ဘူး။ မျက်နှာလိုက်မှု နီးစပ်ရာ စားတော်ခေါ်တွေဟာ မြန်မာပြည်တနံတလျားမှာ ရှောင်လို့ မလွတ်ပါဘူး။ ငွေကြေး မတတ်နိုင်သူ၊ အဆက်အသွယ် မရှိသူတွေအတွက် အခွင့်အလမ်းတွေဟာ လုံးဝ မညီမျှပါဘူး။ ဥပဒေရဲ့အောက်မှာ လူတိုင်းအညီအမျှ မရှိတာ လူတိုင်းသိပြီးသားပါ။ လူနည်းစု (သို့) အတိုက်အခံတို့၏ဆန္ဒကို အလေးထားအသိအမှတ်ပြုမှု (POLITICAL TOLERANCE) အာဏာရပါတီကလွဲလို့ ကျန်တဲ့နိုင်ငံရေးအတိုက်အခံတွေကို အမျိုးမျိုးဖိနှိပ်ချုပ်ချယ်နေတာ၊ တိုင်းရင်းသား လူမျိုးငယ်စုတွေ၊ လူနည်းစုဘာသာခြားတွေ နွမ်းပါးသူတွေရဲ့ အော်သံတွေ မျက်ကွယ် ပြုနေတာ၊ သူတို့ရဲ့ ဆန္ဒတွေကို မကြားချင်ယောင်ဆောင်နေတာဟာ အလေးထား အသိအမှတ် မပြုခြင်းပါဘဲ။ တာဝန်ခံမှု (ACCOUNTABILITY ) ဦးသိန်းစိန်တို့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်ရဲ့ စစ်အာဏာရှင် တခေတ်လုံးမှာ အထူးသဖြင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းကထဲက ဒီနေ့အချိန်ထိ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု ပေါင်းများစွာ၊ အမှားပေါင်းကုဋေကုဋာရှိတယ်လို့ ခံစားနာကျင်ခဲ့ရတဲ့ ပြည်သူများစွာက ကမ္ဘာသိ ထုတ်ဖော်ပြီးသားပါ။ ကိုယ်ကျူးလွန်ခဲ့တဲ့အမှားတွေအပေါ် တာဝန်ခံမှုမရှိဘဲ၊ သတ္တိကြောင်၊ ခေါင်းရှောင်နေတာဟာ သိပ်ရုပ် ပျက်ပါတယ်။ ပိုဆိုးတာက တာဝန်မကျေ၊ တာဝန်မခံတဲ့အပြင် နောက်ထပ် တာဝန်ထမ်းဆောင်ဖို့ မျက်နှာပြောင် တိုက်နေတာဟာ တာဝန်မခံတဲ့ ယဉ်ကျေးမှု ဆိုးကြီးကို နောက်မျိုးဆက်ထံ လက်ဆင့်ကမ်း အမွေပေးနေတာပါဘဲ။ ပွင့်လင်းမြင်သာမှု (TRANSPARENCY) သတင်းအမှောင်ချတယ်ဆိုတာ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ် မဟုတ်လား။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းစတဲ့ တိုင်းပြည်ရဲ့ အရေးပါတဲ့ ကိစ္စရပ်တွေမှာ ဘယ်လိုတွေ စာချုပ်ချုပ်ထားတယ်ဆိုတာ ပြည်သူတွေ သိခွင့် ရလို့လား။ ကိုပါကြီး လူသတ်မှု၊ မုဒိမ်းကျင့် အသတ်ခံရတဲ့ ကချင်ဆရာမ ၂ ဦးအမှု စုံစမ်းရေးကိစ္စ နိုင်ငံ့အရေးအရာကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုဘယ်မှာ ရှိပါသလဲ။ လွတ်လပ်၍မျှတသောရွေးကောက်ပွဲ ပုံမှန်ကျင်းပမှု (REGULAR FREE AND FAIR ELECTIONS) ၂၀၁၀ ရွေးကောက်ပွဲကတော့ လုံးဝ မလွတ်လပ် မမျှတခဲ့ပါဘူး။ အတိုက်အခံတွေ ၀င်မပြိုင်အောင် မမျှတတဲ့ စည်းရုံးပိုင်ခွင့် အခြေအနေ စည်ကမ်းတွေ တဖက်သတ်ပြဌာန်း၊ ပြိုင်ဘက်ကို မလှုပ်နိုင်အောင် ကြိုးနဲ့ တုပ်ပြီးတာတောင် မဲလိမ်မဲခိုး ကြိုတင်မဲတွေနဲ့ ပြည်သူအလိုမတူဘဲ အစိုးရ ဇွတ်ဖွဲ့ခဲ့တာ မဟုတ်လား။ မပြောပလောက်တဲ့ လွှတ်တော်ထိုင်ခုံနေရာလေး ၄၀ ကျော်အတွက်လုပ်တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျမှ နိုင်ငံတကာကို အပြကောင်းယုံ အတိုက်အခံလေးပါလေကာ လွှတ်တော်ထဲသွင်းပြချင်တော့မှ ရွေးကောက်ပွဲကို မျှတသယောင် ဖြစ်အောင်လုပ်ခဲ့တာပါ။ ဒါကို ပြည်ခိုင်ဖြိုးပါတီဟာ တိုင်းပြည်ဘဏ္ဍာတွေသုံး၊ နိုင်ငံပိုင် အဆောက်အဦတွေသုံး၊ မဲတွေဝယ် မဲတွေဆွယ်ခဲ့သေး တာဘဲ။ အခုလာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကတော့ မမျှမတ၊ မလွတ် မလပ်ဖြစ်မှာ သေချာသလောက်ဖြစ်နေပြီ။ အခြေခံ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်က ကြားနေ လူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းရမဲ့အစား စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စီးထားပြီးပြီ။ ရွေးကောက်ပွဲက လပိုင်းဘဲ လိုတော့ပေမယ့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ထွက်မလာသေးဘူး။ ပြည်သူတွေမှာ မသိနားမလည်ဘဲ နဝေတိမ်တောင်ဖြစ်အောင် မဲပေးခွင့်မရအောင် မဲပေးမှားအောင်၊ ပယ်မဲများအောင် ဦးတည် နေသလိုဖြစ်နေပြီ။ စီးပွားရေးလွပ်လပ်မှု (ECONOMIC FREEDOM) မြန်မာနိုင်ငံမှာ စီးပွားရေးလွတ်လပ်မှုမရှိဘူးဆိုတာ ဦးနေ၀င်း၊ ဦးသန်းရွှေ တို့ စစ်အာဏာရှင်ခေတ်တလျှောက်လုံးကနေ ဒီနေ့အချိန်ထိပါ။ အစိုးရရဲ့ ထိန်းချုပ်မှု၊ စွက်ဖက်မှုတွေ အလွန်များပြီး သူတို့အသိုင်းအ၀ိုင်းတွေ လုပ်စားနိုင်အောင် ဥပဒေတွေ အခုထုတ်၊ ခဏနေ ပြန်ဖျက်လုပ်နေကြတော့ ဘယ်မှာ စီးပွားရေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရလို့လဲ။ သွင်းကုန် ထုတ်ကုန်ဥပဒေ ထွက်ဖို့၊ နည်းဥပဒေတွေ ထွက်ဖို့ ဘယ်လောက်နှောင့်နှေးခဲ့သလဲ။ ကုန်သည်များအသင်း ဘယ်စီးပွားရေး လုပ်ငန်းရှင်များအသင်းဖြစ်ဖြစ် အလုပ်သမား သမဂ္ဂတွေ ဘယ်မှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးသလဲ။ အစိုးရက တနည်းမဟုတ်တနည်းနဲ့ စွက်ဖက် အမိန့်ပေးနေတာ မဟုတ်လား။ အာဏာအလွဲသုံးစားခြင်းကို တားဆီးမှု (CONTROL OF THE ABUSE OF POWER) ဒီအချက်ကတော့ အထူးပြောစရာမလိုဘူး။ နေရာတိုင်းမှာ အာဏာအလွဲသုံးစားခြင်းကို တားဆီးမှု မရှိတာ ထင်ရှားပြီးသား။ အာဏာသုံးပြီး မြေသိမ်း၊ယာသိမ်း၊ လုပ်ပိုင်ခွင့်ပါဝါသုံးပြီး ပရောဂျက်တွေ၊ စီမံကိန်းတွေသိမ်း၊ အမှုမှန်မပေါ်အောင် အာဏာသုံးပြီး ဖျောက်ဖျက်လိုဖျက်၊ ဖုံးလိုဖုံး ဗွက်ထအောင်လုပ်နေတာ ဘယ်မှာတားဆီးလို့လည်း။ နိုင်ငံသားအခွင့်အရေး (BILL OF RIGHTS) လက်ရှိ မြန်မာနိုင်ငံမှာ အထင်အရှားဆုံး နိုင်ငံသားအခွင့်အရေး ချိုးဖေါက်မှု ပြယုဂ်တခုကတော့ လုံခြုံရေးအကြောင်းပြပြီး ညဥ့်နက်သန်းခေါင် ဧည့်စာရင်းစစ်တယ်ဆိုပြီး သူများ သမီးပျိုသားပျိုတွေရဲ့ ခြင်ထောင်တွေ လှမ်း ရှာဖွေစီးနင်းမှုတွေကို အစိုးရအာဏာနဲ့ ကျူးလွန် ချိုးဖောက်နေကြတာပါ။ ပြစ်မှု မခိုင်လုံဘဲ ချုပ်နှောင်ထားစဉ်မှာ ရိုက်နှက်ညှင်းပမ်း သတ်ဖြတ်တာဟာ နိုင်ငံသားအခွင့်အရေး ချိုးဖောက်စော်ကားနေကြတာပါ။ ရွေးကောက်ပွဲရလာဒ်ကိုအသိအမှတ်ပြုမှု (ACCEPTING THE RESULTS OF ELECTIONS) ပြည်သူလူထုရဲ့ ပြင်းပြတဲ့ ဆန္ဒမဲတွေနဲ့ တပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ အောင်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ဗြောင်ငြင်းဆန်ပြီး အာဏာလွှဲမပေးခဲ့တာ ဦးသိန်းစိန် တို့ စစ်ဗိုလ်ချုပ်ကြီးတွေပါ။ အခြေခံလူ့အခွင့်အရေး (HUMAN RIGHTS) မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးအဖောက်ဆုံး တိုင်းပြည်တွေ စာရင်းထဲမှာ ထိပ်ဆုံးနားမှာ အမြဲပါခဲ့တာ နှစ်ပရိစ္ဆေဒ ကြာညောင်းလှပါပြီ။ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးနှိမ့်ချမှု၊ ဖိနှိပ်မှုတွေတလျှောက်လုံး လုပ်လာခဲ့တာ … အခုဆို အမျိုးဘာသာ သာသနာ အရေခြုံပြီး လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုတွေ လှုံ့ဆော်ဖန်တီးနေတာကို လွှတ်ပေးထားတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် မရှိတာကလည်း ဒီနေ့အထိ မဟုတ်လား။ ပြည်သူတွေဟာ အာဏာပိုင်တွေလက်အောက်မှာ အခြေခံလူ့အခွင့်အရေးတွေ နေ့စဉ်ချိုးဖောက်ခံ နေရတယ်။ ပါတီစုံစနစ်ရှိမှု (MULTI PARTY SYSTEM) ပါတီစုံတော့ထောင်ခွင့်ပေးထားပေမဲ့၊ မျှတမှုမရှိဘူး။ အခွင့်အရေး အတူတူပေးမထားဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရတဲ့ အခွင့်အရေးနဲ့ တခြားပါတီတွေရဲ့ အခွင့်အရေးက ဆီနဲ့ရေလိုကွာပါတယ်။ မဲဆွယ်စည်းရုံးရေးဆင်းတာတောင် တိုင်းပြည်ဘဏ္ဍာနဲ့အစိုးရ အကူအညီတွေနဲ့ မဟုတ်လား။ ပါတီစုံရှိတယ်ဆိုတာ အယောင်ပြသာသာပါဘဲ။ တရားဥပဒေစိုးမိုးမှု (RULE OF LAW) တရားဥပဒေစိုးမိုးမှု မရှိတာကတော့ ဥပဒေအထက်မှာ စစ်တပ်တတပ်လုံးရှိနေတာနဲ့တင် ပြောစရာ မလိုလောက်တော့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က မပြင်ချင်ရင် မပြင်နိုင်အောင် လုပ်ထားတယ်။ ရွေးကောက်ခံစရာမလိုဘဲ တပ်မတော်ကို လွှတ်တော်ထဲ ၂၅ ရာခိုင်နှုန်း ၀င်ထိုင်ခွင့်ပေးထားတယ်။ စစ်တပ်က ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ပြည်သူနဲ့ အစိုးရက အရေးမယူနိုင်အောင် လုပ်ထားမှတော့ နောက်ထပ် လူသတ် မုဒိမ်းမြေသိမ်းမှု ရာဇ၀တ်မှုတွေ ဆက်ကျူးလွန်နေကြမှာဘဲ။ ဘယ်မှာ တရားဥပဒေစိုးမိုးမှု ရှိတော့မလဲ။ ဒီဆောင်းပါးကို နိဂုံးသပ်ရရင် စည်းကမ်းပြည့်ဝသောဒီမိုကရေစီအတုကြီးကို ကျနော်တို့ မြန်မာနိုင်ငံသား အားလုံးဟာ ပြတ်ပြတ်သားသား မဆန့်ကျင်ဘူးဆိုရင် တိုင်းပြည်ဟာ စစ်ညွှန်ထဲမှာ ဆက်လက်နစ်မွန်းနေဦးမှာပါ။ အရေခြုံ ဒီမိုကရေစီအတုကြီး ဖြစ်တည်လာနေ တာကို ကိုယ်နဲ့မဆိုင်သလို ထိုင်ကြည့်နေခြင်းဟာ နိုင်ငံအပေါ် သစ္စာဖောက်ခြင်းဖြစ်သလို၊ မိမိသားမြေးမြစ် မျိုးဆက်သစ်တွေကို အမွေဆိုးထားရစ်ခြင်းလည်း မည်ပါတယ်။ ဒါကြောင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအတုကြီး မရှင်သန် မကြီးထွားလာအောင် ဆိုရှယ်လစ်အတု ကြီးတုန်းကလို တိုင်းပြည်ကို နှစ်ပေါင်းများစွာ ၀ါးမြိုဖျက်ဆီးခွင့် မကြုံရလေအောင် ၀ိုင်းဝန်း ကာကွယ်တားဆီးဖို့ လိုပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လျှောက်လှမ်းနေတဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်တည်ဆောက်ရေး၊ ဂုဏ်သိက္ခာရှိတဲ့ ဒီမိုကရက်တစ်နိုင်ငံတည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်ရာဖြစ်ကြောင်းကိစ္စတွေမှာ ၀ိုင်းဝန်းအားဖြည့်ပါ။ ပုဒ်မ ၄၃၆ အစရှိတဲ့ ပြည်သူမကြည်ဖြူတဲ့ ဥပဒေပုဒ်မဆိုးတွေပြင်ဆင်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ပါ။ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတသန့်ရှင်းအောင်ဝိုင်းဝန်း စောင့်ကြပ်ပါ။ မိမိအသဲကြားက မဲတပြားကို ခွေးစားမခံရအောင် ဂရုပြုပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်သူကို ရင်ဝယ်သားလိုအုပ်ချုပ်မဲ့ မိဘနဲ့တူသော အစိုးရတရပ်ပေါ်ထွန်းအောင် မိမိဆန္ဒမဲပြားကို ထိထိ ရောက်ရောက် အသုံးချကြဖို့အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ မင်းကောင်းချစ် မေလ (၂) ရက် ၂၀၁၅ ခုနှစ် ကိုးကား - http://www.streetlaw.org/en/Page/72/International_Lesson_Plans_Publications_and_Resources
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024