ထိုင်းတောင်ပိုင်းတွင် ရိုဟင်ဂျာအလောင်းများတွေ့ရှိမှု ဖော်ထုတ်ဖမ်းဆီး
DVB
·
May 5, 2015
ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ထဲမှာ လူကုန်ကူး ခံရသူတွေလို့ယူဆရတဲ့ လူသေ အလောင်းတွေ တွေ့ရှိပြီးတဲ့နောက် တရားခံအဖြစ် သံသယရှိသူ ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပြီး အဲဒီထဲမှာ မြန်မာတစ်ဦး ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က မေ ၄ ရက် ဆုန်ခလာခရိုင် ဟတ်ယိုင်ရဲစခန်းမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရိုဟင်ဂျာ ၂၆ ဦးသေဆုံးမှုကို ဆက်လက်စစ်ဆေးနေ တယ်လို့ ပြောဆိုခဲ့ပါတယ်။
အမှုမှာ သံသယရှိသူ စုစုပေါင်း ၈ ဦးရှိပြီး ၄ ဦးကို ဖမ်းဆီးထားကြောင်း၊ အဆိုပါ ၄ ဦးထဲမှာ ဆဒေါင်းမြို့နယ် ထဲက လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ လက်ထောက်ကျေးရွာအုပ်ချုပ်ရေးမှူး၂ ဦးနဲ့ မြန်မာတစ်ဦး ( ဇော်နိုင် ခေါ် အဏ္ဏ၀ါ - ၄၀ နှစ် ) တို့ဖြစ်တယ်လို့ ရဲချုပ်ကြီးက ပြောပါတယ် ။
သူတို့အားလုံးကို လူကုန်ကူးမှု၊ တရားမ၀င်သူများကို လက်ခံထားမှု၊ တပါးသူကိုချုပ်နှောင်မှု၊ အလောင်းဖျောက် ဖျက်မှု၊ ပြန်ပေးဆွဲမှုစတဲ့စွဲချက်တွေနဲ့ အမှုဖွင့်ထားကြောင်း၊ ကျန် ၄ ဦး ထွက်ပြေးလွတ်မြောက်နေတဲ့ အတွက် ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်တွေအရ သူတို့ဟာ တရားမ၀င်သူတွေ သယ်ဆောင်လာပြီး မလေးနယ်စပ် တောထဲမှာ ထိန်းသိမ်း ထားကြောင်း၊ အဲဒီတောထဲမှာလည်း စခန်း ၉ ခုကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း၊ သူတို့သယ်ဆောင် လာတဲ့ သူတွေဟာ အများအားဖြင့် ရနောင်းဘက်ကနေ ၀င်ရောက်လာပြီး ဆုန်ခလာကနေ မလေးရှားနိုင်ငံထဲ ၀င်ရောက်ဖို့ဖြစ်ကာ မလေးရှားဘက်က ဆွေမျိုးတွေ အသိတွေက ငွေနဲ့လာရွေးယူရကြောင်း၊ ဒီအလုပ် လုပ်နေတာ ၃-၄ နှစ် ရှိပြီဖြစ်ကြောင်း၊ သေဆုံးသူတွေဟာ ခြိမ်းခြောက်ပစ်သတ်ခံရသူ ၊ အစာရေ စာပြတ် လပ်သူ ၊ နာမကျန်း သူတွေ ဖြစ်နိုင် တယ်လို့ ယူဆပြီး ကွင်းဆက်တွေကို ဆက်လက်စစ်ဆေး သွားမယ်လို့ ရဲချုပ်ကြီးက ပြောပါတယ်။
မေလ တစ်ရက်နေ့က ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ် ပါဒန့်ပေဆာကျေးရွာအုပ်စု တောထဲ မှာတွေ့ရှိတဲ့ အလောင်းတွေကတော့ ကျား ၂၅ ဦးနဲ့ မ ၁ဦး စုစုပေါင်း၂၆ ဦး ဖြစ်ကာ တချို့မှာ မကြာသေးခင် ကမှ သေဆုံး ထားတာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ကိုးကားသတင်းများ -မန်နေဂျာအွန်လိုင်း၊ အိုင်အဲန်အဲန်၊ ထိုင်းသတင်းဌာန
(ဓာတ်ပုံ-မန်နေဂျာ အွန်လိုင်း)
[gallery ids="91672,91668,91669,91670,91671"]