ငလျင်ကယ်ဆယ်ရေးတွင် အားဖြည့်ရန် အမေရိကန်လေတပ် နီပေါကို ဆိုက်ရောက်

နီပေါငလျင်ကယ်ဆယ်ရေးမှာ အားဖြည့်ပါဝင်ဖို့ အမေရိကန်လေတပ်နဲ့ ကယ်ဆယ်ရေး တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က ကတ်သမန်ဒူမြို့တော်ကို ဆိုက်ရောက်လာကြပါတယ်။ ငလျင်ဒဏ်ခံ နီပေါပြည်သူတွေအတွက် နိုင်ငံတကာက ထောက်ပံ့တဲ့ပစ္စည်းတွေဟာ တခုထဲသော နိုင်ငံတကာလေဆိပ်ဖြစ်တဲ့ ကတ်သမန်ဒူလေဆိပ်မှာပဲ ပုံနေပြီး ဝေးလံပြီး သွားလာရ ခက်ခဲတဲ့ဒေသတွေဆီ အရေးပေါ်ဖြန့်ဝေရေးမှာ အခက်အခဲဖြစ်နေတယ်လို့ မေ ၂ ရက်နေ့က ဌာနေဆိုင်ရာ ယူအန်ဒီပီအရာရှိတဦးက ပြောဆိုထားတာပါ။ ဒီအရေးပေါ်ထောက်ပံ့ရေးကို အမေရိကန်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက အင်ပြည့် အားပြည့် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ အမေရိကန်စစ်တပ်က ပြောဆိုပါတယ်။ လောလောဆယ် ရဟတ်ယာဉ်တစီးနဲ့ ခေါက်တိုသယ်ယူပို့ဆောင်ရေး Ospreys ရဟတ်ယာဉ် ၄ စီးနဲ့ မေ ၅ ရက် ဒီနေ့မှာ စတင်မှာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်ဆန် သွက်လက်လာမယ်လို့ အမေရိကန်ဗိုလ်မှူးချုပ် ပေါလ်ကနေဒီက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်းအား ၇.၈ ရှိတဲ့ အင်အားပြင်းငလျင်ဟာ မြို့တော်ရဲ့ အနောက်ဖက်ကို ဗဟိုပြုတာ ဖြစ်ပြီး လောလောဆယ်အချိန်အထိ နီပေါပြည်သူ ၇ ထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ပြီး မြို့တော်နဲ့ နိုင်ငံတ၀န်း ကျေးရွာတွေမှာ နေအိမ်အဆောက်အဦးတွေ အများအပြားပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့တာပါ။ နီပေါလူဦးရေ ၂၈ သန်းမှာ ၈ သန်းဟာ ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခဲ့ရပြီး ၂ သန်းကတော့ အရေးပေါ်အကူအညီအနည်းဆုံး ၃ လ လိုအပ်မယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လေဆိပ်တခုထဲကိုပဲ ထောက်ပံ့ကူညီရေးအတွက် အားကိုးနေရတာကနေ တခြားပြည်နယ် လေဆိပ် ၂ ခုကိုပါ အရေးပေါ်ကယ်ဆယ်ရေးအတွက် သုံးနိုင်အောင် ပြင်ဆင်မယ်လို့ အမေရိကန်စစ်တပ်က ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up