Live
Home
ဆောင်းပါး
သဘာဝဘေးအန္တရာယ်နဲ့ နိုင်ငံရေး
DVB
·
May 2, 2015
နာဂစ်နှစ်ပတ်လည် အထူးဆောင်းပါး သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း မျက်နှာဖုံးသတင်းတွေ၊ ရေဒီယို၊ တီဗွီ အရေးပေါ်သတင်းတွေ၊ ဆိုရှယ်မီဒီယာပေါ်က နောက်ဆုံးရသတင်းတွေမှာပါတဲ့ အကြမ်းဖက်မှုတွေ၊ တိုက်ပွဲတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကြောင့် သေဆုံး၊ ပျက်စီး၊ ဒဏ်ရာရတာတွေထက် သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ ငလျင်လှုပ်တာ၊ မီးလောင်တာ၊ မြေပြိုကျတာ၊ ရေကြီးတာ၊ မုန်တိုင်းတိုက်တာတွေကနေ လူတွေ ပိုသေကြရတယ်။ မြန်မာနိုင်ငံမှာ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့တယ်။ လက်ရှိ နီပေါနိုင်ငံ ငလျင်မှာ နောက်ဆုံးကိန်းဂဏန်းအရ သေဆုံးသူပေါင်း ၅၀၀၀ ကျော်နေပါပြီ။ သဘာဝဘေးဒုက္ခကို အဓိပ္ပာယ်ဖွင့်ထားတာ ရှိတယ်။ လူပေါင်း ၁ဝဝ သေဆုံးတာ၊ ငွေဒေါ်လာ ၁ သန်းဖိုး ပျက်စီးတာတဲ့။ ရေကြီးခြင်း၊ ဆူနာမီ၊ ဟာရီကိန်း၊ မိုးခေါင်ရေရှား ကပ်ဆိုက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးလောင်ခြင်းစတာတွေ ဖြစ်တယ်။ အဲတာတွေမှာ လူလုပ်နဲ့ သဘာဝဖြစ်လို့ ခွဲခြားထားတယ်။ (ဗော်လ်တိုင်းယား) က ၁၇၅၅ ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့ ငလျင်ကြောင့် လူပေါင်း ၁၀၀၀၀ ကနေ ၆၀၀၀၀ အထိ သေကျေပျက်စီးပုံတွေကို ကဗျာရှည်ကြီး ရေးခဲ့တယ်။ သဘာဝဘေးနဲ့ နိုင်ငံရေးဆက်စပ်မှုကို သုတေသနတွေ လုပ်ထားကြတယ်။ လူတဦးချင်း၊ အသင်းအဖွဲ့နဲ့ အစိုးရတွေက ဘယ်လို တုန့်ပြန်မှုမျိုးတွေ လုပ်ကြသလဲ။ လက်ခမောင်းခတ်တဲ့ တောကြောင်တွေက ဘယ်သူတွေလဲ။ ဘယ်သူတွေက အမြတ်ထွက်ကြသလဲ။ ၂ဝ၁၄ ခုနှစ် မေလထဲ အိုကလာဟိုးမားမှာ (တိုနေးဒိုး) လေဆင်နှာမောင်းတိုက်တယ်။ နိုင်ငံရေးအလွှာစုံကနေ ကူညီကိုင်တွယ် ဖြေရှင်းကြတယ်။ ရွေးကောက်ပွဲမှာ မဲပေးတဲ့အခါ အဲလိုအလုပ်ကနေ လွှမ်းမိုးခဲ့ပါတယ်။ ၁၉၅၂ ကနေ ၂ဝဝ၄ အထိ သမ္မတ ရွေးပွဲတွေကို လေ့လာတယ်။ (ကောင်တီ)အဆင့်မှာ လေဆင်နှာမောင်းပျက်စီးမှုကြောင့် လက်ရှိ အာဏာရပါတီကို ထိခိုက်စေတယ်။ နိုင်ငံရေးကို ထိခိုက်မှုဟာ လူသေဆုံးမှု ကိန်းဂဏန်းနဲ့ ဆက်စပ်မှုရှိတာ မတွေ့ပါ။ နောက် လေ့လာမှုတခုမှာ (ဂါဗာနာ) ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ၄ မှတ်ပိုရကြရတယ်။ သမ္မတတွေက ၁ မှတ် လျော့ရကြတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးအရေးပေါ်ဖြစ်မှု မတူပါ။ ၂ဝဝ၃ မှာ ဗြိတိသျှ ကြက်ခြေနီအသင်းကနေ Natural disasters နဲ့ Complex political emergencies ခေါင်းစဉ်နဲ့ ဆီမီနာတခု လုပ်ခဲ့တယ်။ သဘာဝဘေးက တကယ့်သဘာဝမဟုတ်တာ ရှိသလို ရှုပ်ထွေးတဲ့ နိုင်ငံရေး အရေးပေါ်ဖြစ်မှုမှာ သဘာဝတရားတွေပါ ရောနေတာလည်း ရှိတယ်တဲ့။ လေ့လာမှုတခုမှ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းက သဘာဝဘေး အနည်းဆုံး ၁၄ဝ ဟာ ရှုပ်ထွေးတဲ့ နိုင်ငံရေး အရေးပေါ် အခြေအနေရှိရာတွေမှာ ဖြစ်ခဲ့တယ်လို့ aတွ့ရတယ်။ ဥပမာ
  • ၁၉၉၇ နဲ့ ၁၉၉၈ (ဆူဒန်) တောင်ပိုင်း မိုးခေါင်ရေရှားခြင်း။
  • ၁၉၉၉ နဲ့ ၂ဝဝ၁ (အာဖဂန်နစ္စတန်) မိုးခေါင်ရေရှားခြင်း။
  • ၁၉၉၉ (ကိုလံဘီယာ) ငလျင်။
  • ၂ဝဝ၁ အိန္ဒိယ(ဂူဂျရတ်ပြည်နယ်) ငလျင်နဲ့ ၂ဝဝ၂ (အမက်ဒါဘတ်မြို့) လူထုအုံ`Mကွမှု။
အဲဒီအဖြစ်အပျက်တွေအားလုံးမှာ ပဋိပက္ခတွေကနေ သဘာဝဘေးကို သွယ်ဝိုက်ပြီး သက်ရောက်ခဲ့တာ တွေ့ရတယ်။ ဘေးဒုက္ခကြောင့် ရေရှည်မှာ ဆင်းရဲမှုကို ပိုဆိုးစေတယ်။ ပိုင်ဆိုင်မှုအခြေခံ အားနည်းစေတယ်။ တဆက်တည်းမှာ ရင်းစားရစေဖို့ ဒေသဆိုင်ရာဗျူဟာ နည်းစေတယ်။ သဘာဝဘေးရင်ဆိုင်နိုင်ရေးပါ လျော့နည်းစေတယ်။ အာဖဂန်မှာ မိုးခေါင်ရေရှားဖြစ်တုန်းက ပဋိပက္ခတွေ များနေချိန်မှာ ဖြစ်တယ်။ လူတွေ ပိုဆင်းရဲရတယ်။ ကိုလံဘီယာမှာလည်း အလားတူ ဖြစ်တယ်။ (အင်စတီကျူရှင်း) ဖွဲ့စည်း တည်ထောင်ထားမှု မရှိလို့ သဘာဝဘေးကို စီမံခန့်ခွဲမှုမှာ အားနည်းစေတယ်။ ဂူဂျာရတ်ပြည်နယ် ငလျင်မှာ ကယ်ဆယ်ရေးတွေ နှေးကွေးခဲ့တယ်။ အဲဒီပြည်နယ်ဝန်ကြီးချုပ်က အခု အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဖြစ်နေပြီ။ နီပေါငလျင်ကြီး နီပေါအတွက်အကူအညီ ဒေါ်လာ ၄၁၅ သန်းလိုတယ်လို့ ကုလသမဂ္ဂက တောင်းဆိုလိုက်တယ်။ ရွက်ထည်တဲ ၁ သန်း လိုအပ်နေတယ်။ ယူနီဆက်ဖ်ရဲ့အဆိုအရ ကလေးသူငယ်ပေါင်း ၁.၇ သန်းအတွက် အရေးပေါ်အကူအညီ လိုအပ်နေတယ်။ ၇့၈ စကေး ရှိတဲ့ ငလျင်ကြောင့် ခရိုင် ၃၉ ခုမှာ လူဦးရေ ၈ သန်း ဒဏ်ခံရတယ်။ ၅၂ဝဝ သေဆုံးပြီး အနည်းဆုံး ၁ဝဝဝဝ ဒဏ်ရာရတယ်။ အိမ်ခြေ ၇ သောင်း ပျက်စီးခဲ့တယ်။ ဒေလီတုန်းက ဘီစီဒီမှာ အတူလက်တွဲလုပ်ခဲ့သူကနေ ကျမသာ ဆရာဝန်ဆိုရင် နီပေါကို သွားကူချင်တယ်လို့ ရေးလာတော့ ကျနော် အိန္ဒိယကနေ ထွက်လာရတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ စီအန်အန်တီဗွီကနေ ကျန်းမာရေးသတင်းနဲ့ ဆောင်းပါးတွေ၊ အမေးအဖြေတွေ လုပ်ပေးနေတဲ့ ဆရာဝန် (ဒေါက်တာ ဆန်ဂျေး ဂူးပတား) ဟာ မီဒီယာအလုပ်ကို ကျောခိုင်းပြီး ခတ္တမန္ဒူစစ်ဆေးရုံမှာ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်မှုတွေ လုပ်ပေးနေတယ်။ အဖြစ်လုပ်ထားတဲ့ ဆေးရုံထဲမှာ လူနာပေါင်း ၆၁၇ ယောက်ကို လက်ခံကုသပေးတာ ၅၈၆ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ နီပေါမှာ တချို့က အစိုးရ အလိုမရှိ ပိုစတာတွေနဲ့ ဆန္ဒပြနေကြတယ်။ နီပေါဝန်ကြီးချုပ် Sushil Koirala (ဆူရှိးလ် ကိုရွိုင်လာ)နဲ့ မြန်မာ့ဒီမိုကရေစီရေး နီပေါခရီးစဉ်တိုင်းမှာ လူချင်းဆုံခဲ့ရပါတယ်။ ပိန်ပါးပါးနဲ့ အသက်မငယ်တော့ပါ။ ကွယ်လွန်သူ ဝန်ကြီးချုပ် (ဂျီပီ ကိုရွိုင်လာ) ရှိတုန်းက (နီပါလီ ကွန်ဂရက်) ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တယ်။ နီပေါငလျင်ကို အကြောင်းပြုပြီး ဒေသတွင်းနှစ်နိုင်ငံတွေက နိုင်ငံရေးလုပ်ကြတယ်။ အိန္ဒိယ၊ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတွေက အပြိုင်ကူညီမှုခေါင်းစဉ်နဲ့ ဝင်လာကြတယ်။ ငလျင်မတိုင်ခင် အထိ တရုတ်က ပိုပြီးခြေလှမ်းကျဲတယ်။ ပစိဖိတ်ကနေ အိန္ဒိယသမုဒ္ဒရာအထိ ရောက်တယ်။ စစ်ရေး၊ စီးပွားရေးနဲ့ ရေကြောင်းကုန်သွယ်မှုကိုပါ လက်ဦးမှု ရယူထားနိုင်တယ်။ အိန္ဒိယကနေ နီပေါလ်ကို ၂ဝဝ၅ ကတည်းက လက်နက်မရောင်းတော့ တရုတ်ကနေ ရောင်းခဲ့တယ်။ တရုတ်က နီပေါအခြေခံအဆောက်အဦ တည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံတယ်။ အိန္ဒိယကတော့ နောက်ကျပြီးမှ မြန်မာနဲ့ သီရိလင်္ကာကို ပိုလွှမ်းမိုးနိုင်ရေး လုံးပမ်း လာနေပါတယ်။ သီရိလင်္ကာအစိုးရဟာ တရုတ်အကူအညီနဲ့ LTTE (တမီးလ်) အဖွဲ့ကို ရက်ရက်စက်စက် နှိမ်နင်းနိုင်ခဲ့တယ်။ ဒီအဖွဲ့ကို မွေးပေးခဲ့တုန်းက အိန္ဒိယရဲ့ ခြေလက်မကင်းဘူး။ နောက်တော့ သူတို့ကပဲ ဝန်ကြီးချုပ် (ရာဂျစ်ဂန္ဒီ) ကို လုပ်ကြံတယ်။ အခုတက်လာတဲ့ အစိုးရ ၂ ရပ်က အဆင်ပြေလာကြလို့ တရုတ်လွှမ်းမိုးမှုအောက်ကနေ ဆွဲထုတ်ဖို့ ကြိုးစားနေတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်းဒရာ မိုဒီက အိမ်နီးချင်းဦးစားပေးပေါ်လစီ ကျင့်သုံးလာတယ်။ နီပေါကို မိုဒီသွားခဲ့တာ ၂ ခေါက် ရှိပြီ။ အိန္ဒိယကနေ (မိုင်ထရီ အော်ပရေးရှင်း)နဲ့ အကူအညီတွေ ပို့နေတယ်။ စစ်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ် ၁၂ စီးနဲ့ ဟယ်လီကော့ပတာ ၁၈ စီး လွှတ်ထားတယ်။ National Disaster Response Force တပ်ဖွဲ့ကို သုံးတယ်။ ရှေ့တန်းဆေးရုံ ၁၈ ခု လုပ်ပေးပြီး ဖြစ်တယ်။ အိန္ဒိယအဖွဲ့ကို ဂေါ်ရခါးဗိုလ်ချုပ်က ဦးဆောင်တယ်။ အိန္ဒိယစစ်တပ်မှာ ဂေါ်ရခါးစစ်သည် ၂၈ဝဝဝ နဲ့ အရပ်သားဝန်ထမ်း ၁၂၅ဝဝဝ ယောက်ရှိတယ်။ ငလျင်က (ဂေါ်ရခါး) ခရိုင်မှာ ဖြစ်တာပါ။ မြန်မာနိုင်ငံသား အများစုက နီပေါ၊ နီပါလီဆိုရင် အားလုံးကို ဂေါ်ရခါးလို့ထင်မှတ်ကြတာ မဟုတ်ပါ။ နီပေါငလျင်အတွက် တရုတ်အကူအညီတွေ အမြန်ရောက်လာတယ်။ ပမာဏက အသင့်အတင့်သာ ရှိတယ်။ အကူအညီတွေ များများပေးနေတဲ့ အိန္ဒိယအစိုးရလည်း သတိထား ရပါမယ်။ ဖိလစ်ပိုင်မှာ ၂ဝ၁၃ တိုက်ဖုန်း တိုက်ခတ်တော့ တရုတ်ကနေ အကူအညီတွေ အများကြီး ပေးခဲ့ပေမယ့် အခု (စပါတလေ) ကျွန်းပိုင်ဆိုင်မှုမှာ ဖိလစ်ပိုင်နဲ့ ရန်စောင်နေကြတယ်။ ဒါကြောင့် အကူအညီပေးတိုင်း အမြဲတန်းမိတ်ဆွေလို့ သတ်မှတ်လို့ မရပါ။ ခုခေတ်မှာ စစ်အေးကာလတုန်းက ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်တွေက ပေးနေခဲ့တဲ့ အကူအညီမျိုးတွေ မဟုတ်တော့ပါ။ ဝါဒရေးရာအတွက် မဟုတ်တော့ပဲ၊ စီးပွားရေးနဲ့ စစ်ရေး မဟာဗျူဟာအရ အကူအညီ ပေးလာကြတယ်။ ခေါင်းစဉ်ကတော့ လူသားချင်းစာနာမှု၊ အိမ်နီးချင်းကောင်း၊ ပေါက်ဖော်။ မြန်မာ့နာဂစ်ကြီး မြန်မာပြည်မှာ နာဂစ်ဖြစ်တော့ အိန္ဒိယကလည်း အကူအညီပေးဖို့ ကမ်းလှမ်းတယ်။ နအဖစစ်အစိုးရက စစ်ယူနီဖောင်းဝတ် ဆရာဝန်တွေသာ လွှတ်ပါဆိုလို့ အရပ်သား လူမှုဝန်ထမ်းအဖွဲ့တွေကို အိန္ဒိယအစိုးရက မလွှတ်ခဲ့ရဘူး။ မီဒီယာတွေလည်း ဗီဇာခက်ကြရလို့ ကျနော်တို့ကို ညည်းညူပြောကြတာကို အားနာနာ၊ ရင်နာနာနဲ့ နားထောင်ခဲ့ရပါတယ်။ မြန်မာပြည်အောက်ပိုင်းကို မွှေခဲ့တဲ့ နာဂစ်မုန်တိုင်းသတင်းဟာ ကမ္ဘာကြီးကို တုန်လှုပ် သွားစေတယ်။ သေဆုံးပျက်စီးမှု များလွန်းလို့ သာမကပါ၊ စစ်အစိုးရရဲ့ ကိုင်တွယ်မှုဟာ သြချယူ ရလောက်အောင် ညံ့ဖျင်းလို့ ဖြစ်တယ်။ ယုတ်မာလို့ ဖြစ်တယ်။ တာဝန်မဲ့ခဲ့လို့ ဖြစ်တယ်။ အမြတ်ထုတ်ခဲ့လို့ ဖြစ်တယ်။ ဖြစ်ဖြစ်ချင်း နိုင်ငံတကာအကူအညီတွေကို လက်မခံခဲ့ဘူး။ လူတွေက သေကုန်ကြပြီ။ ဖြစ်နေတာတွေကို ဖုံးကွယ်ထားတယ်။ ၉-၅-၂ဝဝ၈ ရောက်မှသာ နိုင်ငံတကာ အကူအညီကို လက်ခံပါမယ်လို့ ကြေညာတယ်။ ဖြစ်တာက မေ ၂ ရက်မှာ။ လက်ခံမယ့် အကူအညီကိုလည်း အစားအသောက်၊ ဆေးဝါးနဲ့ အသုံးအဆောင်တွေသာလို့ ကန့်သတ်ထားတယ်။ အမေရိကန်လေယာဉ်တင်စစ်သင်္ဘော USS Essex ဟာ ရန်ကုန်မြို့တောင်ဖက် ၈၅ နော်တီကယ်မိုင် အကွာမှာ ကယ်ဆယ်ရေးအကူအညီတွေအပြည့်နဲ့ ရောက်လာတယ်။ သင်္ဘော ၄ စီး၊ ဟယ်လီကော့ပတာ ၁၄ စီး၊ ဆင်းသက် လေယာဉ် ၂ စီး၊ ဟိုဗာယာဉ် ၂ စီးနဲ့ မရိန်းတပ်သား ၁ဝဝဝ ဟာ ၁ ပတ်ကြာအောင် စောင့်နေပေမယ့် ကူညီခွင့်မရခဲ့ပါ။ ပြင်သစ်ရော ဗြိတိသျှ သဘောင်္တွေလည်း အတူတူပဲ။ ၁၆-၅-၂ဝဝ၈ နေ့မှာ ကုလဆိုင်ရာမြန်မာသံအမတ်ကနေ မြန်မာကမ်းလွန်မှာ ပြင်သစ်စစ်သင်္ဘောလှုပ်ရှားတယ်လို့ စွပ်စွဲတယ်။ အကူအညီတန်ပေါင်း ၁၅ဝဝ တင်ထားတာလို့ ပြင်သစ်သံအမတ်ကေုဖပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် (ဂေါ်ဒွင် ဘရောင်း) က မြန်မာစစ်အစိုးရဟာ (လူလုပ်တဲ့ကပ်ရောဂါ) ကျအောင်ပါ လုပ်နေတယ်လို့ ပြောလိုက်တယ်။ မေ ၂၃ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဆွေးနွေးပြီးမှသာ အကူအညီပေးသူတွေကိုပါ ဝင်ခွင့်ပေးပါ တော့မယ်လို့ သဘောတူ လာတယ်။ အရင်က လူမလာရ၊ ပစ္စည်းနဲ့ ငွေသာ လာပါလို့ လုပ်ထားတယ်။ နိုင်ငံတကာအကူအညီနဲ့ အလွဲသုံးစားမှု နိုင်ငံတကာအကူအညီတွေကို အစိုးရတချို့က အလွဲသုံးစားလုပ်ကြတယ်။ ၂-၁၁-၂ဝဝ၈ နေ့က သတင်းမှာ ဇင်ဘာဘွေအာဏာရှင် ရောဘတ် မူဂါဘီက နိုင်ငံတကာ အကူအညီငွေ ဒေါ်လာ ၇့၃ သန်းကို အလွဲသုံးစားခဲ့တယ်လို့ ပါတယ်။ ၁၆-၁၁-၂ဝ၁၂ နေ့က သတင်းမှာ ယူကေကနေ ယူဂန်ဒါသမ္မတ ယိုဝါရီ မူဆီဗာနီရဲ့ အကူအညီငွေ ကိုင်တွယ်ပုံ ညံ့လို့ ပေးတဲ့ အကူအညီတွေ ရပ်ပစ်ခဲ့တယ်။ ၁၇-၁၂-၂ဝ၁ဝ နေ့သတင်းမှာ အီသီယိုးပီးယားကို ပေးနေတဲ့ အကူအညီတွေ ရပ်ပစ်သင့်ကြောင်းရေးထားတယ်။ ဗြိတိန်နိုင်ငံက သူ့အမျိုးသားဝင်ငွေရဲ့ ဝ့၇ ရာခိုင်နှုန်း (၂ဝ၁၃ မှာ ပေါင် ၁၁့၂ ဘီလီယံ) အကူအညီတွေ ပေးနေတယ်။ အများစုဟာ အဂတိလိုက်စားတဲ့တိုင်းပြည်တွေကို အများဆုံး ပေးနေတယ်လို့ ဝေဖန်ကြတယ်။ အမေရိကန် အမျိုးသားစီးပွားရေး သုတေသနဗျူရို ကနေ စာတမ်းတခု ထုတ်ထားတယ်။ အဂတိလိုက်စားတဲ့အစိုးရတွေလည်း အကူအညီ နည်းမရကြပါတဲ့။ တနေ့ ဝင်ငွေ ၁့၂၅ ဒေါ်လာသာရတဲ့ ဆင်းရဲတဲ့နိုင်ငံတဝက်ဟာ ၂ဝ၁၅ မှာ ကွဲကျေလွယ်တဲ့နိုင်ငံတွေ ဖြစ်လာမယ်လို့ ခန့်မှန်းထားတယ်။ အဲလိုနေရာတွေမှာ ပဋိပက္ခတွေ များတယ်။ မညီမျှမှုတွေ များတယ်။ ဆင်းရဲမွဲတေမှုတွေ များတယ်။ ပပျောက်အောင် လုပ်ဖို့လည်း ခက်တယ်။ ခြစား လာဘ်စားမှုက များလို့ ဖြစ်တယ်။ အာဖဂန်နဲ့ ဆီရာလီယွန် နှစ်နိုင်ငံက နိုင်ငံတကာအကူအညီ အများဆုံးရနေကြတာ နံပတ် ၆ နဲ့ ၉ နေရာမှာ ရှိတယ်။ ခြစားမှုမှာ အာဖဂန်က အဆိုးဆုံးနဲ့ ဆီရာလီယွန်က ၁၇၆ နိုင်ငံထဲမှာ ၁၂၃ လိုက်တယ်။ မြန်မာနိုင်ငံက အဂတိလိုက်စားမှု ညွှန်းကိန်းမှာ ၂ဝ၁ဝ ခုမှာ ၁၇၆၊ ၂ဝ၁၁ မှာ ၁၈ဝ၊ ၂ဝ၁၂ မှာ ၁၇၂၊ ၂ဝ၁၃ မှာ ၁၇၂ နဲ့ ၂ဝ၁၄ မှာ ၁၅၆ နေရာမှာရှိခဲ့တယ်။ မြန်မာပြည်မှာ နာဂစ်ဖြစ်တော့ နအဖစစ်အစိုးရဟာ ကမ္ဘာမှာ နာမည်ဆိုးထွက်ခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂ဝဝ၈ ဖွဲ့စည်းပုံကို ဆန္ဒခံယူပွဲ ဖြစ်အောင်လုပ်ပြီး အမြတ်ထုတ်ခဲ့တယ်။ ကျန်တာဝန်ရှိသူတွေက အစိုးရ တာဝန်ယူနေကြတယ်။ မြန်မာစစ်အစိုးရလို သဘာဝ ဘေးအန္တရာယ်ကို အလွဲသုံးစားလုပ်တာမျိုး ကမ္ဘာမှာမရှိသေးပါ။ နာဂစ်နဲ့ ကပ်ဖြစ်ခဲ့တဲ့ ၁၂-၅-၂ဝဝ၈ နေ့ စီချွန်ပြည်နယ်ငလျင်မှာတုန်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် ချက်ချင်း သွားကြည့်ခဲ့တယ်။ နာဂစ်ဖြစ်တော့ လူတွေကပြောကြတော့မှသာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဖြစ်တဲ့နေရာကို သွားပြီး ဒုက္ခရောက်နေကြသူတွေ လက်အုပ်ချီ ကန်တော့ကြတာကို ခံယူတော်မူခဲ့တယ်။ နီပေါဝန်ကြီးချုပ် (ဆူရှီး ကိုရွိုင်လာ) အဲလိုမလုပ်တတ်ပါ။ ဒေါက်တာတင့်ဆွေ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024