Home
မြန်မာသတင်း
ပါတီမှတ်ပုံတင်ရက် ကုန်ဆုံး၊ ရွေးကောက်ပွဲဝင်မည့် ပါတီ ၉၀ ခန့်ရှိ
ရွှေအောင်
·
April 30, 2015
နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်ပြုထားတဲ့ နောက်ဆုံးရက် ဒီကနေ့ ဧပြီ ၃၀ မှာ ကုန်ဆုံးသွားပြီး မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီပေါင်း ၇၃ ပါတီနဲ့ စိစစ်ဆဲ ၁၄ ပါတီရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးက ပြောပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ ပါတီ ၇၃ ခုမှာ တနိုင်ငံလုံးအနှံ့စည်းရုံး ၀င်ပြိုင်မယ့်ပါတီ ၅၃ ခုရှိပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာပဲ စည်းရုံးပြီး ၀င်ပြိုင်မယ့်ပါတီက ၂၀ ရှိတယ်လို့ ကော်မရှင်ရုံး ဒု ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောပါတယ်။ ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ၇၃ ပါတီအနက် ၄၃ ပါတီက တိုင်းရင်းသားကိုယ်စားပြု ပါတီတွေ ဖြစ်ပါတယ်။ ကော်မရှင်က စိစစ်ဆဲပါတီ ၁၄ ခုကို ရွေးကောက်ပွဲမတိုင်မီ စိစစ်ပြီး မှတ်ပုံတင်ခွင့်ပြုသွားမယ်လို့လည်း ကော်မရှင်က ပြောပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီပေါင်း ၉၀ လောက်ရှိနေပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းက မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ ပါတီ ၄၀ ကျော် အရေအတွက်နဲ့  နှိုင်းယှဉ်ရင် ၂ ဆလောက်တိုးလာတာပါ။ ရခိုင်အမျိုးသားပါတီ မြေပုံအမတ် ဦးဖေသန်းကတော့ ပါတီတွေ ဘယ်လောက်များများ ပြည်သူက နိုင်ခြေရှိတဲ့ ပါတီကိုပဲ မဲပေးရွေးချယ်လိမ့်မယ်လို့ သုံးသပ်ပြောပါတယ်။ “ရွေးကောက်ပွဲနီးလာတဲ့အခါ ပြည်သူတွေက ပိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်လာနိုင်မယ့် အခြေအနေ ရှိပါတယ်။ အဲ့ဒီလို ဆုံးဖြတ်ကြတဲ့အခါမှာ ကိုယ့်မဲတချပ်ဟာ အလဟဿ     မဖြစ်ဘဲ တကယ့်ကို နိုင်ခြေရှိတဲ့ပါတီ၊ ဖြစ်နိုင်ခြေရှိတဲ့ ပုဂ္ဂိုလ်ကိုပဲ သူတို့ မဲပေးကြမှာ ဖြစ်ပါတယ်။ ပါတီ ဘယ်လောက်များများ အဲ့ဒီပါတီတွေကို သူတို့ စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။” လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ၊ တိုင်းရင်းသားပါတီတွေ့နဲ့ ကြံ့ခိုင်ရေးပါတီတို့ပဲ အဓိက ယှဉ်ပြိုင်ကြရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဟာ အနည်းဆုံး နေရာ ၃ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကော်မရှင်က အနည်းဆုံး ရက် ၉၀ ကြိုတင်ကြေညာပေးမှာ ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကာလကိုတော့ လတ်တလော ရက် ၆၀ သတ်မှတ်ပေးထားပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့လည်း ကော်မရှင်က ကတိပြုထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်ကတော့ ပါတီအနေနဲ့ ၁၉၉၀ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေတုန်းကလို အပြတ် အသတ်အနိုင်ရဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ “ကျမတို့က ရပ်ကျေးအဆင့်အထိ အောင်နိုင်ရေးအဖွဲ့တွေဖွဲ့စည်းပြီး အဲ့ဒီအောင်နိုင်ရေး အဖွဲ့တွေက မဲစာရင်းကပ်တာနဲ့ ဒီအဖွဲ့ဝင်တွေက တအိမ်တက်တအိမ်ဆင်းသွားပြီး မဲစာရင်းမှာ ဘယ်သူပါတယ် မပါဘူးဆိုတာ လိုက်စိစစ်ခိုင်းမယ်။ နောက်တခါ အောက်ခြေမှာရှိတဲ့ ရပ်ကျေး အဆင့်တွေဟာ မဲပေးပုံမဲပေးနည်းရယ် မဲစာရင်းမှာ နာမည်မပါရင် ဘယ်လိုလုပ်ရမယ်၊ ပြည်သူတွေ မဲရုံလာနိုင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေနဲ့ ကျမတို့ လူတွေက မဲစည်းကမ်းတွေကအစ ဘာလုပ်ရမယ်ဆိုတာ အဆင်သင့်ဖြစ်ပြီ၊ ပြည်သူတွေဆန္ဒ ရှိတဲ့အတိုင်း မဲပေးနိုင်အောင် လုပ်ပေးဖို့ အသင့်ဖြစ်ပြီ။” အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ ပါတီဝင်တွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရအောင်  ကြိုးပမ်းသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း တရုတ် ခရီးစဉ်အတွင်း ဆင်ဟွာ သတင်းဌာနနဲ့  သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ မြန်မာပြည်အတွက် အရေးကြီးတဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာလဆန်းမှာ လုပ်ပေးမယ်လို့ သူ့ရဲ့ လစဉ်ရေဒီယိုမိန့်ခွန်းတခုမှာ ကတိပြု ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024