အလုပ်သမားတွေကိုယ်တိုင် ရုန်းထွက်ကြဖို့လိုတယ် – ဒေါ်အိရွှေစင်ညွန့်

ဒေါ်အိရွှေစင်ညွန့်
မြန်မာနိုင်ငံမှာ ခိုင်မာတောင့်တင်းပြီး စေတနာပါတဲ့ အလုပ်သမားသမဂ္ဂတွေ မပေါ် ပေါက် မချင်း  အလုပ်သမားတွေ  ဒုက္ခရောက်နေမှာ ဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဦးဆောင်သူ ဒေါ်အိရွှေစင်ညွန့်က ပြောပါတယ်။ အစိုးရက အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ပြုထားပေမယ့် ခိုင်မာတောင့်တင်းတဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးမှာ အခက်အခဲတွေ အများကြီး ရှိနေသေးတယ်လို့  သူက ပြောပါတယ်။     အဖွဲ့ဦးဆောင်သူ ဒေါ်အိရွှေစင်ညွှန်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့အခြေအနေ ဘယ်လို ရှိပါသလဲ။ “ဦးသိန်းစိန်ကာလမှာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့အခြေအနေကို ပြောရလို့ရှိရင် ၂၀၁၁ ခုနှစ်မှာ အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့်ဥပဒေကို သူတို့ ရေးဆွဲတယ်။ ရေးဆွဲပြီးတော့ အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့်ပြုတယ်ဆိုတာ ကျမတို့ နိုင်ငံက  Freedom of Association (လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်) ကို  လက်မှတ်ထိုးထားတာကိုး။ အဲဒါကို မြန်မာ အစိုးသစ်အနေနဲ့နော် လိုက်နာဆောင်ရွက်မယ်ဆိုတဲ့မူအရ ၂၀၁၁ ခုနှစ်မှာ အလုပ်သမား အဖွဲ့အစည်းတွေကို  ဖွဲ့စည်းခွင့်ပေးတယ်။ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းပေးတယ်။ တကယ်လက်တွေ့မှာတော့ အလုပ်သမား အဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်းပေါ်ပေါက်လာဖို့ အခက်အခဲတွေ အများကြီး ရှိနေသလို တကယ်အလုပ်သမားအခွင့်အရေးကလည်း ထိရောက်တဲ့ တိုးတက် ပြောင်းလဲမှု မရှိသေးပါဘူး။” အရင်တပ်မတော်အစိုးရလက်ထက်နဲ့ယှဉ်ရင် အလုပ်သမားဆန္ဒပြပွဲတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပေါ်လာတာ တွေ့ရပါတယ်။ အစိုးရဘက်က အလုပ်သမားဆန္ဒပြပွဲတွေကို ကိုင်တွယ် ဆောင်ရွက်ခဲ့မှုတွေဟာ ဒီမိုကရေစီအစိုးရတရပ်ရဲ့ စံချိန်စံညွှန်းနဲ့အညီ ကိုင်တွယ် တယ်လို့ ပြောနိုင်လား။ “ပထမဆုံး ၂၀၁၂ ခုနှစ်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်တဲ့အခါမှာတော့ ညှိနှိုင်း ဆောင်ရွက်မှုတွေ၊ အခြေအနေတွေ တွေ့ရတယ်။ ၂၀၁၂ ခုနှစ်မှာ အလုပ်သမား အခွင့်အရေးကလည်း သူတို့ တကယ် အလုပ်သမားသမဂ္ဂတွေလည်း ဖွဲ့စည်းခွင့်ပြုတော့မယ်။ အစိုးရသစ်လက်ထက်မှာ အလုပ်သမားတွေကလည်း သူတို့လုပ်ခလစာတွေ တိုးပေးဖို့ တောင်းဆိုရင် ရနိုင်တယ်ဆိုတဲ့အခြေအနေပေါ်မှာ အလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေ နည်းနည်းပိုပြီးတော့ များလာတယ်ပေါ့နော်။ စစ်အစိုးရလက်ထက်ကထက်စာရင်။ ဒါပေမယ့် အဲဒီပေါ်မှာ ကိုင်တွယ်ဖြေရှင်းမှုဟာ အရမ်းဆိုးဆိုးဝါးဝါးမဖြစ်ဘဲနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်တာ၊ မညှိနှိုင်း မဆောင်ရွက်နိုင်ဘဲနဲ့ အလုပ်သမားတွေ အလုပ်က ထွက်သွားလိုက်ရတာတွေ၊ အလုပ်သမားတွေ နစ်နာဆုံးရှုံးမှုတွေ ပုံစံမျိုးစုံတွေ့ရပေမယ့် ဒီဘက်ပိုင်းမှာတော့ ၂၀၁၅ ပိုင်းမှာတော့ အကြမ်းဖက်ဖြိုခွင်းမှုတွေ တွေ့ရတယ်။ ဒါဟာ ဒီဘက်ပိုင်းမှာပေါ့နော်။ တကယ် အပြောနဲ့ အလုပ်နဲ့ အစိုးရကိုယ်တိုင်က သူတို့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို သူတို့ကိုယ်တိုင် သေသေချာချာ မဆောင်ရွက်နိုင်တဲ့အပြင်ကို အစိုးရိမ်ကြီးပြီးတော့ အလုပ်သမားထုကို ဖိနှိပ် ဖြိုခွင်းတာတွေ တွေ့ရတယ်။ ဒါဟာ ခုနမေးတဲ့မေးခွန်းအတိုင်းဆို ဒီမိုကရေစီ နည်းလမ်းကျကျ ဆောင်ရွက်တာ လုံးလုံး မဟုတ်ဘူး။ ဒီမိုကရေစီအစိုးရတရပ်ဟာဆိုလို့ ရှိရင် ဆန္ဒပြတာပဲ ဖြစ်ဖြစ်၊ တောင်းဆိုမှုပဲ ဖြစ်ဖြစ် တိုင်းပြည်မှာ အကြမ်းဖက်ဖြစ်ပွားတာမျိုးမဟုတ်လို့ရှိရင် ဒီလိုပုံစံ ဖြိုခွင်းမှုမျိုး မလုပ်သင့်ဘူး။ အလုပ်သမားတွေကတော့ ဘယ်တော့မှ အကြမ်းဖက်တာ မတွေ့ခဲ့ ရပါဘူး။” မြန်မာလုပ်သားထုရဲ့ အလုပ်သမားအခွင့်အရေး ရရှိနေမှုအတိုင်းအဆဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်အဆင့်လောက်ရှိနိုင်မလဲ။ “အဲဒါကတော့ နှိုင်းယှဉ်ဖို့တောင် တော်တော် ခက်ခဲနေပါတယ်။ ကျမတို့ ကမ္ဘောဒီးယား ကိုလည်း သွားကြည့်တယ်၊ ထိုင်းနိုင်ငံကတော့ အနီးစပ်ဆုံးပေါ့။ ထိုင်းနိုင်ငံနဲ့ယှဉ်ရင် ပိုဆိုး တာပေါ့။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ဆိုရင် မြန်မာအလုပ်သမားထုက အများကြီး နိမ့်ကျပါတယ်။ အခုတောင်မှ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ဖို့တောင်မှ ထိုင်းနိုင်ငံမှာ ပေးထားတဲ့နှုန်းရဲ့ ၆ ပုံ ၁ ပုံလောက်ကိုပဲ ပေးချင်တဲ့ အနေအထားမျိုး တွေ့ရတယ်။ အင်မတန်မှ အခြေအနေဆိုးတယ်။ အဲဒီတော့ နိုင်ငံတကာ စံချိန်စံညွှန်းဆိုလို့ရှိရင်  တခြားနိုင်ငံတွေ ကျမတို့ သွားကြည့်တဲ့အခါမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို သူ့နိုင်ငံက အကာအကွယ်ပေးပေမယ့် မြန်မာပြည်က ထိရောက်တဲ့ ကာကွယ်ပေးမှုမျိုးကို မတွေ့ရဘူး။ အဲဒီတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မြန်မာပြည်က အလုပ်သမားထုတွေရပြီလားဆိုရင် လုံးလုံးမရပါဘူး။ အခြေအနေက နိုင်ငံတကာ စံချိန်စံညွှန်းလို့တောင် ပြောလို့ မရသေးပါဘူး။ လုပ်ခလစာ ဈေးပေါပေါရလို့ ရင်းနှီးမြှုပ်နှံတဲ့သူတွေနဲ့  လုပ်ခလစာ ဈေးပေါပေါရတယ်၊ အလုပ်ချိန်တွေ မတရားခိုင်းလို့ရလို့ လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့၊ ကိုယ့်မြန်မာနိုင်ငံထဲက တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်တွေကလည်း ဒီအနေအထားတွေမှာပဲ တွေ့ရသေးတယ်။” အလုပ်သမားဆန္ဒပြပွဲတွေ၊ သပိတ်တွေမှာ တောင်းဆိုတာတွေနဲ့ပတ်သက်လို့ အေးအေး ချမ်းချမ်းပြီးသွားတာတွေလည်း တွေ့ရတယ်။ အဲဒီဆန္ဒပြပွဲတွေအပြီးမှာ အလုပ်သမားတွေ တောင်းဆိုချက်ကို လိုက်လျောတာ ရှိလား။ ဆန္ဒပြရရုံ ပြီးသွားတာမျိုးလား။ ဘယ်လိုရှိလဲ။ “အလုပ်သမားတွေရဲ့ အဓိကဆန္ဒပြတောင်းဆိုမှု ဖြစ်ပေါ်ရခြင်းအကြောင်းရင်းက လုပ်ခလစာနဲ့ လုပ်ငန်းခွင် အခွင့်အရေးပဲ။ တကယ်ပေးရမှာက အစိုးရမဟုတ်ဘဲနဲ့ အလုပ်ရှင်က ပေးရမှာ သူတို့အခွင့်အလမ်းတွေကို။ ဒါပေမယ့် အစိုးရကိုယ်တိုင်က အလုပ်ရှင် တွေအပေါ်ကို သြဇာသက်ရောက်မှု မရှိသေးဘူး။ သြဇာဆိုတာ ကျမပြောတာက ဖိနှိပ်မှု၊ ဖိအားပေးမှုကို ဆိုလိုတာ မဟုတ်ဘူး။ အစိုးရတရပ်အနေနဲ့ အလုပ်ရှင်အလုပ်သမားပြဿ   နာ ထိပ်တိုက်ကြုံတွေ့လာခဲ့လို့ရှိရင် မျှတတဲ့၊ ပြသနာတခုကို ဖြေရှင်းနိုင်အောင် အစိုးရကနေ အလယ်ကနေ ခိုင်ခိုင်မာမာရပ်ပေးရမယ်။  ဒါပေမယ့် အစိုးရတရပ်ကိုယ်တိုင် အလုပ်ရှင်တွေကို မကျော်လွှားနိုင်သေးဘူးလို့ ကျမမြင်တယ်။ လက်ရှိအခြေအနေမှာ အားလုံးမြင်သာထင်သာပဲ။ အလုပ်ရှင်က အနိမ့်ဆုံးလုပ်ခလစာ မပေးနိုင်ဘူး။ အစိုးရက ဒီလောက်ကတော့ (စစ်တမ်း) ကောက်ယူထားတယ်၊ ပေးသင့်တယ်လို့ ဆွေးနွေးတဲ့အခါမှာ အလုပ်ရှင်တွေက ခပ်မာမာပဲ။ ဒါဆိုလို့ရှိရင် လုပ်ငန်းတွေ ပိတ်သွားမယ်လို့ ဆိုတယ်။ ဒီလိုမျိုး လုပ်ငန်းတွေ ပိတ်သွားမယ်ဆိုလို့ ရှိရင် ပိတ်ပါစေ။ ဘာဖြစ်လို့လည်းဆို မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အတွက် တကယ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ဂုဏ်သိက္ခာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေက လာရင်းနှီးမြှုပ်နှံမှာပဲ။ အစိုးရကိုယ်တိုင်ကလည်း အလုပ်ရှင်တွေအပေါ် ဆက်ဆံတဲ့နေရာမှာ ဖိနှိပ်ဖို့ မဟုတ်ဘူး။ အလုပ်ရှင်မှာလည်း အခွင့်အရေးဆုံးရှုံးတာ ရှိရင် ရှိမယ်။ ဒါပေမယ့် ပြေလည်မျှတတဲ့နည်းနဲ့ ဆောင်ရွက်ဖို့တော့ လိုတယ်။ လုပ်ငန်းရှင်က အစိုးရ နေရာဌာနအသီးသီးက အလှူခံတိုင်း ရနေတာပဲဆိုပြီး လုပ်ငန်းရှင်တွေအပေါ်ကို ကျော်လွှား နိုင်တာ မတွေ့ရဘဲ အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုဟာ သူတို့ရဲ့ လုပ်ခ လစာ၊ သူတို့ရဲ့ အခွင့်အရေး တောင်းဆိုမှုကို အလုပ်သမားတွေက ထိထိရောက်ရောက်မရတာ အလုပ်ရှင်က မလိုက်လျောတာ။ မလိုက်လျောတဲ့ကိစ္စကို အစိုးရက ထိရောက်တဲ့ ဆောင်ရွက်မှု မျိုး အားနည်းနေတယ်။ အစိုးရအနေနဲ့ ပေးဖို့တော့ ခက်တာပေါ့နော်။ အစိုးရက တိုက်ရိုက်အခွင့်အရေးပေးဖို့မှ အခြေအနေမပေးတာ။” မြန်မာအလုပ်သမားတွေအတွက် အဓိက ဖြည့်ဆည်းပေးဖို့ လိုအပ်နေတာက လုပ်ခ လစာ လား။ လူမှုဖူလုံရေးလား။ စည်မျဉ်းဥပဒေလား။ ဘယ်အပိုင်းက အရေးကြီးဆုံး ဖြစ်မလဲ။ “ကျမ နံပါတ် ၁ ပြောချင်တာက မြန်မာအစိုးရက သူတို့ထုတ်ပြန်ထားတဲ့ဥပဒေကို သူတို့ လိုက်နာဖို့ လိုတယ်။ သူတို့ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုတယ်။ ၂၀၁၁ အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့်ဥပဒေကို အဲဒီဥပဒေတွေအတိုင်းကို အလုပ်သမားအဖွဲ့တွေ ဖွဲ့ စည်းခွင့်ကို ပြုသွားရမယ်။ အဲလိုဆို အလုပ်သမားသမဂ္ဂတွေ ခိုင်မာတောင့်တင်းလာမယ်။ အလုပ်သမားသမဂ္ဂတွေ ခိုင်မာတောင့်တင်းလာရင်၊ စစ်မှန်တဲ့သမဂ္ဂကို ကျမပြောတာနော်။ အလုပ်သမားတွေကို အသုံးချပြီး နာမည်ခံနေတဲ့ သမဂ္ဂကို ကျမ မဆိုလိုဘူး။ အဲဒီ အလုပ်သမား သမဂ္ဂတွေ ခိုင်မာလာရင် အလုပ်သမားအခွင့်အရေးကို အဲဒီ အလုပ်သမား သမဂ္ဂတွေက စနစ်တကျ တောင်းဆိုတာတို့၊ အလုပ်ရှင်နဲ့ ဆွေးနွေးညှိနှိုင်းမှုတို့၊ Collective Bargaining (စုပေါင်းညှိနှိုင်းမှု) မျိုးတွေ ရှိလာလိမ့်မယ်။ အဲဒီလို စုပေါင်းညှိနှိုင်းမှုမျိုးတွေ ရှိလာနိုင်မှသာလျှင် စောစောက အလုပ်သမားအခွင့်အရေးရရှိမယ်။ အဲဒီတော့ အလုပ်သမားအခွင့်အရေး ဆိုတဲ့ နေရာမှာ မေးမြန်းခဲ့တဲ့ ခေါင်းစဉ် ၃ ခု အကျုံးဝင်ပြီးသားဖြစ်တယ်။ လုပ်ခလစာလည်းဖြစ်တယ်၊ သူတို့အခွင့်အရေးလည်း ဖြစ်တယ်၊ လူမှုဖူလုံရေးလည်း ဖြစ်တယ်။ တကယ်အမှန်တကယ်က လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်မကင်းတဲ့ကိစ္စတွေ၊ လုပ်ခလစာကို လုံလောက်တဲ့ လုပ်ခလစာ မပေးဘဲနဲ့ အချိန်ပိုတွေ ဆင်းခိုင်းတဲ့အခါမှာ အလုပ်သမားတွေက ထမင်းငတ်တဲ့အတွက်၊ နပ်မမှန်တဲ့အတွက် အချိန်ပို ဆင်းရတယ်။ အဲဒီအခါကျရင် Force Labor (အဓမ္မ လုပ်အား ခိုင်းစေမှု) ကို သွယ်ဝိုက်တဲ့နည်းနဲ့ သက်ရောက်တယ်။ အလုပ်သမားတွေက ဆန္ဒရှိလို့ ဆင်းတယ်လို့ပဲ ပြောပြော၊ သူတို့က လုပ်ခလစာမလုံလောက်လို့ ဆင်းရတာ။ မြန်မာနိုင်ငံလည်း Forced Labor ကို (အဓမ္မခိုင်းစေခြင်း အသုံးမပြုဖို့) လက်မှတ်ထိုးထားတယ်။ ၂၀၁၅ ဆိုရင် မြန်မာနိုင်ငံမှာ Forced Labor လုံးဝ မရှိရပါတော့ဘူးလို့ မြန်မာအစိုးရက ဂျနီဗာမှာ ပြောထား တာ။ ဒါက တိုက်ရိုက်ထိရောက်တဲ့ နည်းလမ်းပဲ။ တိုက်ရိုက်ဖြစ်နေတဲ့ပြဿ    နာက အလုပ်သမား တွေ လုပ်ခလစာ မလုံလောက်လို့ ပုံမှန်အလုပ်ချိန်ထက်ပိုပြီးလုပ်နေရတဲ့ကိစ္စတွေပဲ။ အဲဒီတော့ အနှစ်ချုပ်ပြီးတော့ ပြောရလို့ရှိရင် တကယ်ခိုင်မာတောင့်တင်းတဲ့ အလုပ်သမားသမဂ္ဂတွေ ပေါ်လာရင် အဲဒီ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်ရှင်တွေနဲ့ Collective Bargaining စုပေါင်း ညှိနှိုင်းဆောင်ရွက်နိုင်တဲ့အခြေအနေတရပ် ပေါ်ပေါက်လာမှသာလျှင် အလုပ်သမား အခွင့်အရေးက ခိုင်ခိုင်မာမာ ဖြစ်လိမ့်မယ်။ အလုပ်သမားသမဂ္ဂတွေကလည်း နည်းလမ်း မမှန်ဘူး၊ အစိုးရရဲ့ အိတ်ကပ်ထဲကို ကောက်ထည့်လို့ရတဲ့ အလုပ်သမားသမဂ္ဂမျိုး ဆိုလို့ရှိရင် လည်း ကျမတို့ မြန်မာနိုင်ငံမှာ အလုပ်သမားတွေဘ၀က ဒီလိုပဲ ဆုံးရှုံးနေမှာပဲ။” အစိုးရ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေ နိုင်ငံ တ၀န်း မြို့နယ် ၁၀၀ ကျော်မှာ အလုပ်သမား အနိမ့်ဆုံးလုပ်အားခ လုပ်ခလစာ သတ်မှတ်ရေး အတွက် စစ်တမ်းတွေ ကောက်ခဲ့ကြတယ်။ ဈေးနှုန်းညှိကြတာတော့ အဆင်မပြေသေးဘူး ပေါ့ လေ။ အဲဒီမှာ အလုပ်ရှင်ပေးနိုင်တဲ့၊ အလုပ်သမား ရသင့်တဲ့ သင့်တင့်လျောက်ပတ်တဲ့ နှုန်းထား တခု ထွက်ပေါ်လာအောင် ဘယ်လိုညှိကြရင် အဆင်ပြေမယ်ထင်လဲ။ ခုတော့ အလှမ်း ဝေးနေတုန်းပဲ မြင်နေရတယ်။ “ကျမတို့လည်း အဲဒီကိစ္စပဲ အများကြီး စဉ်းစားနေတာပါ။ ဒီလို အလုပ်ရှင်နဲ့ အလုပ်သမား ကြားထဲမှာ သင့်တင့်တဲ့ အနိမ့်ဆုံးလစာ ပြဌာန်းဖို့တော့ လိုတယ်။ မတရား ဖြစ်သွားလို့ရှိရင် လည်း အလုပ်ရှင်ရဲ့အခက်အခဲရှိတယ်ဆိုတာ နားလည်တယ်။ နည်းသွားရင်လည်း အလုပ်သမားရဲ့ အခက်အခဲရှိတယ်ဆိုတာ နားလည်တယ်။ အဲဒီအပေါ်မှာ သတ္တိရှိရှိနဲ့ ဆုံးဖြတ်ရမှာ အစိုးရပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်ရှင်က (၁၅၀၀) ပဲ ပေးနိုင်တဲ့ အလုပ်ရှင် ရှိတယ်။ (၃၀၀၀) ပေးနိုင်တဲ့ အလုပ်ရှင်ရှိတယ်။ အလုပ်သမားထုက (၄၀၀၀) တောင်းတယ်။ ဒါက အနိမ့်ဆုံးအလုပ်သမားရဲ့ လုပ်ခလစာ။ အသေသတ်မှတ်ထားမယ့် လစာဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ကတော့ အခုဖြစ်နေတဲ့ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ပြဿ  နာမှာ အစိုးရတရပ်က ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်လိုအပ်တယ်။ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားတွေကလည်း အလုပ်ရှင်ပေးနိုင်တဲ့နှုန်းထားကို စဉ်းစားပြီးတော့ တောင်းဆိုဖို့ လိုအပ်တယ်။ အနိမ့်ဆုံး လုပ်ခလစာ ဆိုတာကို သေသေချာချာ သိဖို့လိုတယ်။ တချို့တွေက အနိမ့်ဆုံး လုပ်ခလစာကို အခြေခံလုပ်ခလစာနဲ့ လွဲပြီးတော့ နည်းနေတယ်ဆိုပြီးတော့ စိုးရိမ်ကြောင့်ကြနေတာ ရှိတယ်။ မဟုတ်ပါဘူး။ အောက်ခြေပေါ့။ အိမ်ဖော်၊ ကြမ်းတိုက်၊ တံမြက်စည်းလှည်း အဲလိုအဆင့်ကို တရားသေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမ တိုက်တွန်းချင်တာကတော့ လက်ရှိအခြေအနေမှာ အလုပ်သမားတွေက (၄၀၀၀) တောင်း တယ်။ အလုပ်ရှင်က (၁၅၀၀) ဆိုတာ အများစု အထည်ချုပ်။ ဒါကတော့ မတရားဘူး။ ၁၅၀၀ ပဲ ပေးမယ်။ ၁၅၀၀ မပေးလို့ မရဘူး။ ကျမတို့ ကျနော်တို့လုပ်ငန်းတွေ ဖျက်သိမ်းရမယ်ဆို ဖျက်သိမ်း သွား။ ဘာဖြစ်လို့လည်းဆို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ အထည်နဲ့ ပတ်သက်ပြီးတော့ တပုံကြီးရှိပါတယ်။ ပြည်သူလူထုကိုတော့ အလုပ်ရှင်တွေအနေနဲ့ ဒီလောက် မချိုးနှိမ်သင့်ဘူး။ နောက်ပြီးတော့ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားတွေဟာလည်း ပထမ တောင်းတုံးက (၅၀၀၀) ပေါ့။ နောက် (၄၀၀၀) လောက်ရမှ လက်ခံမယ် ဆိုတဲ့အနေအထား ကိုလည်း ချိန်ဆပြီးတော့ စဉ်းစားသင့်တယ်။ အဲဒီမှာ ကြားမှာ အစိုးရက ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုတယ်။ (၃၀၀၀) ပေးမလား (၃၅၀၀) ပေးမလား။ တနိုင်ငံလုံးကို တော့ သတ်မှတ် စေချင်တယ်။ တနိုင်ငံလုံးသတ်မှတ်လို့ ဆန္ဒပြမှုတွေ ပေါ်ပေါက်မယ်၊ စက်ရုံတွေ ပိတ်မယ်။ ဒါကို အစိုးရက ရင်ကို ရင်ဆိုင်ရပါလိမ့်မယ်။ နယ်တွေကိုတော့ သီးခြားခွဲထားတယ်၊ လုပ်ငန်းတွေ သီးခြားခွဲထားတယ် ဟာမျိုးလည်း သူတို့ရဲ့ စစ်တမ်းတွေမှာ တွေ့ရတယ်။ အဲဒီမှာ ပြသနာ တက်လာနိုင်တယ်။ အစိုးရတရပ်အနေနဲ့ သတ္တိရှိရှိ ဆုံးဖြတ်ဖို့တော့ တိုက်တွန်းချင်ပါတယ်။” (မှတ်ချက်။       ။ အနိမ့်ဆုံး လုပ်ခလစာမှာ အလုပ်လုပ်သည့် မည်သူမဆို အနိမ့်ဆုံးအားဖြင့် ရရှိရမည့် လစာကို ဆိုလိုသည်။ အခြေခံလစာမှာမူ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် တာဝန်ကွဲပြားမှုအလိုက်  စတင်ပေးအပ်သည့် လစာကို ဆိုလိုပြီး ကြိုးစားမှုအလိုက်၊ လုပ်သက် အလိုက်တိုးသွားမည်။ (ဥပမာ စက်ရုံလုပ်သား၊ အလုပ်ကြီးကြပ်သူ၊ မန်နေဂျာ စသဖြင့်) အိမ်နီးချင်းနိုင်ငံတွေမှာ သူတို့လုပ်ခလစာအလိုက် ကျွမ်းကျင်မှုအဆင့်အလိုက် လုပ်နေ ကြတာ ဆိုတော့ မြန်မာပြည်က လုပ်သားတွေကရော အိမ်နီးချင်းနိုင်ငံက လုပ်သားတွေ လို အရည်အသွေး ပြည့်မီတာမျိုး၊ စည်းကမ်းကာလနား လိုက်နာတာမျိုးတွေနဲ့ ပတ်သက်လို့ အားသာချက်၊ အားနည်းချက်က ဘယ်လိုမြင်ရလဲ။ “အဲဒါတော့ အားနည်းချက်ရှိတယ်လို့ ပထမဆုံး ကျမပြောပါတယ်။ ဒီနေရာမှာ skill full (အရည်အသွေးပြည့်မီ) ဖို့ပေါ့။ အရည်သွေးပိုင်းပြည့်မီဖို့ဆိုတဲ့နေရာမှာ အလုပ်ရှင်တွေမှာလည်း လိုသလို အစိုးရမှာလည်း လိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေဆိုရင် Safety (အကာအကွယ် လက်အိတ်) ကို အလုပ်သမားကိုယ်တိုင်က မသုံးချင်ကြဘူး။ ဦးထုပ် မဆောင်းချင်ကြဘူး။ ဖိနပ်မစီးချင်ကြဘူး။ တချို့ ကုန်ထုတ်လုပ်မှုတွေမှာ mask (မျက်နှာဖုံး) နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ထားတာကို မတတ်ချင်ကြဘူး။ အကာအကွယ်ပစ္စည်းက ရှုပ်လို့ ဆိုပြီး မတတ်ချင်ကြဘူး။ တချို့ဆို ဆံပင်စွပ်တာတောင် မတတ်ချင်ကြဘူး။ ဒါကို ကျမတို့က စနစ်တကျ ပညာပေးရလိမ့်မယ်။ ဒါက ကျမတို့ မြန်မာပြည်ရဲ့နောက်ကျကျန်ရစ်ခဲ့တဲ့ အခြေအနေပေါ်က လိုအပ်ချက်။ အဲဒါတွေက မရှိမဖြစ် လိုအပ်တာ ဖြစ်တယ်။ မေးသလိုပဲ လုပ်ခလစာကို ဒီလောက်လိုချင်တယ်၊ ကျွမ်းကျင်မှုက ဘာလဲဆိုတော့ အမှန်တကယ်အားဖြင့် ရင်းနှီးမြှုပ်နှံသူတွေက ကျွမ်းကျင်မှုပညာရပ်နဲ့အတူ ရင်းနှီးမြှုပ်နှံသင့်တယ်။ ကျွမ်းကျင်တဲ့ ပညာရပ်ကို အလုပ်သင်ပေးပြီး အဲလို ဆောင်ရွက်သင့်တယ်။ ဒါမှသာလျှင် ကျမတို့ တိုးတက်လိမ့်မယ်။ ဒီလုပ်ငန်းတွေကို မကျွမ်းကျင်လို့ နှိမ်ထားမယ်ဆိုရင်တော့ ကျမတို့ မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့သူတွေ လာမမြှုပ်နှံနဲ့လို့ ကျမပြောချင်တယ်။ မကျွမ်းကျင်ဘူး၊ သူတို့ရဲ့လုပ်အားခ၊ သူတို့ရဲ့ ချွေးနှဲစာကိုပဲ ယူမယ်ဆိုရင်တော့ ဒါ သူတို့ ကိုယ်တိုင် ကလည်း ဂုဏ်သိက္ခာမဲ့တာ ဖြစ်တယ်။ လုပ်အားခ သက်သက်ကိုပဲယူမယ်ဆိုရင်။ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဒီလိုပဲ စဉ်းစားသင့်တယ်။ မြန်မာအလုပ်သမားတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်။ ဥပမာ သာမန်အောက်ခြေအလုပ်ပဲလုပ်တတ်တဲ့သူတွေကို စက်ချုပ်ကျွမ်းကျင်အောင် ဘယ်လိုတွဲပြီးတော့ ခေါ်မလဲဆိုတဲ့ဟာမျိုး အဲလိုမျိုးတော့ ဆောင်ရွက်ဖို့လိုတယ်။ မြန်မာပြည်ထဲမှာ အရည်အချင်းမပြည့်မီဘဲနဲ့ လုပ်ခလ စာကိုတော့ မပေးနိုင်ဘူးဆိုရင်။ ဒါဆိုလို့ရှိရင် အမြဲတမ်းဆိုလို့ရှိရင် ကျမတို့ အများကြီး နစ်နာပါတယ်။ ဒါကြောင့် Skill Full (အရည်အချင်းပြည့်ဝတဲ့ လုပ်သားတွေ)  ဖြစ်စေဖို့အတွက် အစိုးရ ကိုယ်တိုင်က သင်တန်းကျောင်းတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။” အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် ဥပဒေတွေ၊ နည်းဥပဒေတွေ မြန်မာပြည်မှာ ရှိနေပြီလား။ ပြည့်စုံလုံလောက်ပြီလား။   “ဥပဒေတွေ ရှိနေတယ်။ ဥပမာ အငြင်းပွားမှု ဖြေရှင်းရေး  အလုပ်သမားကို ကာကွယ်ပေးဖို့ ၂၀၁၂ ခုနှစ်။ အဲဒီဟာမှာဆိုရင် တချို့ကိစ္စတွေက တကယ်ခုံသမာဓိနဲ့ ညှိနှိုင်းဖြန်ဖြေရေးကနေ အဆင့်ဆင့် ခုံသမာဓိ၊ ခုံသမာဓိကောင်စီကနေ တက်မှ သက်ဆိုင်ရာ တရားရုံးပေါ့။ ဒါပေမယ့် လိုက်ပါဆောင်ရွက်မှု အရမ်းအားနည်းနေတယ်။ တချို့နေရာမှာ ကျမတို့ ခိုင်ခိုင်မာမာ မပြောနိုင်သေးဘူး။ သတင်းအချက်အလက်တွေ သိရတာက အဲဒီအတွင်းမှာပဲ အလုပ်ရှင်နဲ့ ပေါင်းပြီးတော့ တချို့နေရာမှာ လာဘ်စားတာတွေ ကျမတို့ သိရတယ်။ ကျမတို့ ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ဒီကိစ္စ မဖော်ထုတ်လို့တော့ မရဘူး။ ဒီကိစ္စတွေလည်း ကျမတို့ ကြိုးစားနေပါတယ်။ ခုံသမာဓိအဆင့်ဆင့်ပေါ့။ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံတော် အဆင့်ကို အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်ဆိုပြီးတော့ တာဝန်တွေ အသီးသီးပေးထားတာတွေ ရှိပါတယ်။ အဲဒီမှာ တကယ်ညှိနှိုင်းဖျန်ဖြေတဲ့နေရာမှာ အမှားအယွင်းတွေ အများကြီး ရှိတယ်။ အားနည်းချက်တွေ အများကြီးရှိတယ်။ ထိရောက်တဲ့ ဆောင်ရွက်နိုင်မှု မရှိသေးတော့ အကျဉ်းချုံးပြောရလို့ရှိရင် ဥပဒေစိုးမိုးမှု မရှိဘူး။ ထုတ်ပြန်ထားတဲ့ ဥပဒေကိုလည်း (အကုန်လုံးတော့မဟုတ်ဘူးနော်) တချို့အစိုးရ အာဏာပိုင်အပိုင်းတွေမှာ အစိုးရ အလုပ်သမားရေးဦးစီးဌာနတွေမှာ ကျမတို့ကိုယ်တိုင် သွားဆွေးနွေးတဲ့အခါမှာ သူတို့တွေ တကယ်အကောင်အထည်ဖော်ပြီးတော့ သေသေချာချာ ဆောင်ရွက်ပေးပါတယ်။ အဲ အများစုကတော့ နားမလည်ဘူး၊ မသိသေးဘူး ဆိုတာ အကြောင်းပြတာ လည်းကောင်း၊ နောက် အလုပ်ရှင်က အချိန်မီ လာဘ်ထိုးလိုက်တဲ့အတွက် ဒီအမှုကို လက်မခံတာတို့၊ ကြန့်ကြာအောင်လုပ်တာတို့ တွေ့ရတယ်။ ဥပမာ-အခုဆိုလို့ရှိရင် တိုတယ်ကုမ္ပဏီက အလုပ်သမားတွေဆိုရင် အများကြီးပြသနာတက်နေတယ်။ တကယ် သူတို့ ရသင့်ထိုက်တဲ့အချိန်ပိုကြေးတွေ သူတို့ မရဘူး။ ဒါ ပြင်သစ်ကုမ္ပဏီနော်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံထားတာလည်း ကြာပြီ။ အဲဒါဆိုလို့ရှိရင် ကျမတို့က အများကြီး သံသယရှိတယ်။ ဘာကြောင့်မို့လို့ အလုပ်သမားတွေရဲ့ အချိန်ပိုကြေးကို မပေးနိုင်တာလဲ ပေါ့နော်။ ဒါမျိုးတွေက လာဘ်စားထားတာလည်း ဖြစ်နိုင်တယ်။ လာဘ်စားထားတာ မဟုတ်ဘူးဆိုရင်တော့ တခုခု နိုင်ငံခြားကုမ္ပဏီတွေရဲ့ ဖိအားတခုခုကြောင့် အစိုးရကိုယ်တိုင်က မရပ်တည်ပေး နိုင်တာပဲ ဖြစ်မယ်။ ဒါကြောင့် ဥပဒေစိုးမိုးမှု၊ ဥပဒေကို လိုက်ပါဆောင်ရွက်မှု အားနည်းနေသေးတယ်။ လုံးလုံးမရှိဘူးလို့တော့ မပြောဘူး။ တချို့နေရာမှာ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ် အားနည်းနေသေးတယ်လို့ပဲ ပြောချင်တယ်။” မြန်မာလုပ်သားထုရဲ့ လုပ်ခလစာနဲ့ လူနေမှုအဆင့်အတန်း လက်ရှိထက်ပိုမိုမြင့်မားလာအောင် ဘယ်ကဏ္ဍတွေကို ဦးစားပေးလုပ်ရမလဲ။ ဘာတွေ လုပ်ကြဖို့ လိုအပ်သလဲ။ “နံပါတ် ၁ က စောစောက ပြောသလို လုပ်ခလစာတွေ ခိုင်မာတောင့်တင်းဖို့ကိစ္စက တကယ်တော့ အမှန်လိုအပ်တာက အလုပ်သမားသမဂ္ဂပါ။ ဒါပေမယ့် ကျမ အခုရှိနေတဲ့ အလုပ်သမားသမဂ္ဂတွေကို အားမရပါဘူး။ ကျမတို့ကိုယ်တိုင်ကလည်း သင်တန်းတွေ ပေးတယ်။ အသိအမြင်တိုးမြင့်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမယ့် အားရမှု မရှိသေးဘူး။ အလုပ်သမားသမဂ္ဂ ဖွဲ့တယ်ဆိုရင် နိုင်ငံခြားရဲ့ ဆက်သွယ်မှုကြီးကို အဓိကယူဖို့၊ အင်တာနေရှင်နယ်နဲ့ ပတ်သက်ရမလား၊ ဒါမှမဟုတ် အစိုးရမျက်နှာသာပေးမှုအပေါ်မှာ အစိုးရနောက်ကို follow လိုက်နေလား။ အဲလိုပုံစံတွေပဲ တွေ့ရပြီးတော့ အလုပ်သမားသမဂ္ဂ အစစ်အမှန်က အလုပ်သမားထုရဲ့ အကျိုးစီးပွားကို ဘယ်လောက်ဆောင်ရွက်နိုင်လဲဆိုတာ အရေးကြီးတယ်။ တကယ်စဉ်းစားချက်နဲ့ လုပ်ဆောင်ချက်တွေ လွဲနေတယ်။ ဒါကြောင့်မို့လို့ ခိုင်မာတဲ့ အလုပ်သမားသမဂ္ဂ၊ တကယ် အလုပ်သမားသမဂ္ဂခေါင်းဆောင်အစစ်တွေ၊ နိုင်ငံတကာမှာရှိတဲ့ အလုပ်သမားသမဂ္ဂလိုမျိုး တကယ်အရည်အသွေးရှိတဲ့ခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂကို ကိုယ်စားပြုတဲ့သူတွေ ပေါ်လာရင်တော့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေ လျော့သွားလိမ့်မယ်။ ဒါက အရေးကြီးဆုံးအချက်ပဲ။ စစ်စစ်မှန်မှန်ဖြစ်ဖို့ လိုအပ်တယ်။ စစ်စစ်မှန်မှန် မဟုတ်ဘဲနဲ့ အဖွဲ့အစည်း ထူထောင်ရုံ၊ သြဇာသက်ရောက်ဖို့ကို ကြိုးစားနေတဲ့ အလုပ်သမားသမဂ္ဂဆိုရင်လည်း ကျမတို့တိုင်းပြည်အတွက်က အများကြီး အလှမ်းဝေးသေးတယ်။ အင်မတန်မှ စိုးရိမ်စရာ၊ ဘာမှမသိတဲ့အလုပ်သမားတွေအတွက် ပိုပြီး စိုးရိမ်စရာ ရှိတယ်။ အဲဒါနဲ့ထပ်တူ စောစောကပြောတဲ့ Skill Full ဖြစ်ဖို့။  သမဂ္ဂဖြစ်ပြီဆိုတာနဲ့ သမဂ္ဂထဲမှာ အလုပ်သမားတွေရဲ့ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက် Skill Full လည်း ဖြစ်လာလိမ့်မယ်။ အရည်သွေးပြည့်လုပ်သားတွေ မွေးထုတ်လာနိုင်လိမ့်မယ်။ အဓိကအကျဆုံးကို ပြောရရင် မြန်မာပြည်မှာ ခိုင်မာ တောင့်တင်းတဲ့၊ တကယ် အလုပ်သမားထုကို စေတနာပါတဲ့ အလုပ်သမားသမဂ္ဂတွေ မပေါ်ပေါက်မချင်းတော့ အလုပ်သမားတွေ ဒီလိုပဲ ဒုက္ခရောက်နေမှာပဲ။ လက်ရှိအခြေအနေမှာလည်း စိုးရိမ်စရာတွေ အများကြီး တွေ့ရပါတယ်။” လက်ရှိမှာ အစိုးရက အလုပ်သမားသမဂ္ဂ နာမည်နဲ့ ထူထောင်ခွင့်ပေးထားတယ် မဟုတ်လား။ “ဒီလိုပါ ကျမတို့ကတော့ သမဂ္ဂပဲ သုံးနှုန်းပါတယ်။ ကျမတို့အလုပ်သမားသမဂ္ဂကို ၂၀၁၂ ခုနှစ်မှာ ပထမဆုံး ဖွဲ့စည်းပေးပါတယ်။  တရားဝင်ပေါ့နော် အစိုးရရဲ့။ ဖွဲ့စည်းတဲ့အခါမှာ သူတို့က သမဂ္ဂ အသုံးမခံဘူး ဘာညာ ထွက်လာတယ်။ ကျမတို့ တရားဝင် စာတင်ပြီး တရားဝင် ပြောတဲ့အခါမှာ ကျမတို့က သုံးလို့ ရပါတယ်တဲ့။ သူတို့ကတော့ အလုပ်သမားအဖွဲ့အစည်းပါပဲ တဲ့။ သူတို့ကလည်း အခုချိန်ထိ သမဂ္ဂဆိုတာကို ကြောက်နေတဲ့သဘော ရှိတယ်။ သူတို့ သေချာ နားမလည်တာပါ။ သမဂ္ဂဟာ အစည်းအရုံးပဲဆိုတာကို စဉ်းစားတတ်လို့ရှိရင်တော့။ ကျောင်းသားသမဂ္ဂနဲ့ ရောထွေး စဉ်းစားတယ်လေ။ ကျမတို့တိုင်းပြည်ကလည်း အာဏာရှင်ကနေ ပြောင်းလာတဲ့အခါကျတော့ အာဏာရှင်က သမဂ္ဂဆို တုန်လှုပ်တဲ့ဟာနဲ့ အလုပ်သမားသမဂ္ဂကို ရောထွေး စဉ်းစားလို့ပဲ ပြီးခဲ့တဲ့ကာလက အလုပ်သမားဆန္ဒပြမှု အကြမ်းဖက် ဖြိုခွင်းတာမျိုးတွေ တွေ့ရတာပေါ့။ ကျောင်းသားတွေနဲ့များ ပေါင်းမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုပေါ့။ သမဂ္ဂဆိုတဲ့ စကားလုံးကို မြန်မာအစိုးရက ကြောက်နေတယ် ပြောရရင်။ သူတို့တွေ သေသေချာချာ မစဉ်းစားမသုံးသပ်ဘူးလို့ ပြောချင်တယ်။” နက်ဖြန် သန်ဘက်ခါဆို နိုင်ငံတကာ အလုပ်သမားနေ့ ကျရောက်ပြီဖြစ်တဲ့အတွက် အလုပ်သမားရေးဆောင်ရွက်သူအနေနဲ့ ဘာပြောစရာရှိမလဲ။ “အလုပ်သမားတွေကိုပဲ ကျမပြောချင်တယ်။ အလုပ်သမားက ကိုယ့်အခွင့်အရေးကိုပဲ ကိုယ်သိဖို့ ကြိုးစားပါ။ ငါတို့မှာ ကိုယ်ပိုင်အခွင့်အရေးရှိတယ်ဆိုတာကို စဉ်းစားဖို့ပဲ။ နောက်ပြီးတော့ အလုပ်သမား သမဂ္ဂခေါင်းဆောင်ဟာ ကျမတို့လို အလုပ်သမားရေးကို နည်းနည်း နားလည်လို့၊ အလုပ်သမားရေးကို လေ့လာဆောင်ရွက်နေလို့၊ အဲလူတွေက ခေါင်းဆောင်တက်လုပ်တိုင်း လက်မခံပါနဲ့။ ကိုယ်ကိုယ်တိုင်က အလုပ်သမားထုကသာလျှင် အလုပ်သမားခေါင်းဆောင်ဖြစ်ရမှာပါ။ ကိုယ့်ရဲ့ခံစားချက်၊ ကိုယ့်ရဲ့ယုံကြည်ချက်၊ ကိုယ့်ရဲ့အခြေအနေကို အလုပ်သမားထုက အရေးကြီးပါတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က အလုပ်သမားထုထဲက အလုပ်သမားခေါင်းဆောင်ဖြစ်ဖို့၊ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် စွမ်းရည်တွေ မြင့်တက်လာမယ်ဆိုလို့ရှိရင် မြန်မာပြည်ရဲ့ အလုပ်သမားသမိုင်းကြောင်း၊ အလုပ်သမားအခွင့်အရေးက ကောင်းမှာဖြစ်ပါတယ်။ ကျမ တကယ်တိုက်တွန်းနှိုးဆော်ချင်တာက အလုပ်သမားတွေ၊ ငါတို့က ကံပဲ။ လုပ်သမျှပြုသမျှ ခံမယ်ဆိုတဲ့ဟာမျိုး မနေဘဲနဲ့ ရုန်းထွက်ကြဖို့လိုအပ်ပါတယ်။ အနာဂတ်မှာ ကျမတို့မြန်မာနိုင်ငံက တကယ့် ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေ ပေါ်ထွက်ဖို့ လိုအပ်ပါတယ်။ အဲဒါကလည်း အလုပ်သမားစစ်စစ်တွေ၊ တကယ့်အလုပ်သမားထဲက တိုင်းပြည်အတွက်၊ အလုပ်သမားထုအတွက် စေတနာရှိတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up