Home
ဆောင်းပါး
ယုံကြည်မှု-သဒ္ဓါ မှန်ရင် ဆုတောင်းတိုင်းပြည့်တယ်
DVB
·
April 26, 2015
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ပြောင်းပြီဆိုတိုင်းမှာ ကျနော်တို့ လူသားတွေဟာ အချင်းချင်း အပြန်အလှန် ဆုမွန်တောင်းကြ၊ ပိုမိုကောင်းတာတွေ ရရှိ ပိုင်ဆိုင်လာအောင်၊ စီးပွားဥစ္စာတွေ တိုးပွားလာအောင်၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကိစ္စအ၀၀ အဆင်ပြေအောင် ဆုမွန်ချွေကြတာထုံးစံဘဲ မဟုတ်လား။ လူထုခေါင်းဆောင်၊ တိုင်းပြည်ခေါင်းဆောင် တွေကလည်း ပြည်သူလူထုကို နှစ်သစ်ကူး ဆုတောင်းမေတ္တာပို့၊ ဆုပေးစကားတွေ ချွေကြသလို သတင်းမီဒီယာတွေနဲ့ ရေဒီယိုရုပ်မြင်သံကြားတွေမှာလည်းဆုတောင်း နှုတ်ခွန်း ဆက်လွှာတွေ ဝေေ၀လွင်လွင် မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြကြတာ မဟုတ်လား။ ဆုတောင်းတယ်၊ ဆုပေးတယ်ဆိုတာ လူသားအချင်းချင်း တဦးပေါ် တဦး ကောင်းသောမေတ္တာစေတနာ အပြန် အလှန် ထားရှိခြင်းကို ဖော်ညွှန်းတာမို့ ရှေးအတီအတေကာလကနေ ဒီနေ့အချိန်ထိ ကျင့်သုံးနေကြ သလို နောင်မှာလည်း ဆက်လက်ကျင့်သုံးကြရအုံးမှာပါ။ လူ့လောကကြီးမှာ ဆုမတောင်းဖူးတဲ့သူရယ်လို့ မရှိလောက်ပါဘူး။ လူတိုင်း လူတိုင်းဘ၀မှာ ဖြစ်ချင်တာ၊ ရယူ ချင်တာ၊ ဆန္ဒရှိတာတွေအတွက် ဆုတောင်းခဲ့ဖူးကြမှာပါ။ မြန်မာပြည်တနှံတလျားမှာ ရှိတဲ့ ဘုရားကျောင်းကန်စေတီ ပုထိုးတိုင်းမှာ၊ ခရစ်ယာန်ဘုရားကျောင်းတော် တွေမှာ ဗလီဝတ်ပြု ကျောင်းတော်တွေမှာ၊ နတ်နန်းနတ်ကွန်းတွေမှာ ဆုတောင်းသူတွေ နေ့စဉ်နဲ့ အမျှ ရှိနေတာပါ။ စာမေးပွဲအောင်ချင်သူတွေ၊ အချစ်ရေး ကံကောင်းချင်သူတွေ၊ အိမ်ထောင်ရေးမပြေလည်သူတွေ၊ စီးပွားဥစ္စာ လာဘ်လာဘ တိုးပွားချင်သူတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ သားသမီးရချင်သူတွေနဲ့ ရာထူး တက်ချင်သူတွေ… အို..အပူပေါင်းစုံနေတဲ့သူတွေ နေ့ည မပြတ် ဘုရားရှင်တော် ရှေ့မှောက် အခစား ရောက်နေကြတာ မဟုတ်လား။ အဲဒီလို ဆုတောင်းကြတဲ့အထဲက အများစုဟာ ဘုရားရှင်ကို ရှစ်ခိုးပူဇော် ဘုရားရှင်ကို တိုင်တည်ပြီး မိမိ ဆန္ဒတွေ ပြည့်ဝအောင် ဘုရားရှင်ကို အသနားခံ၊ ဘုရားရှင်ကို အပူကပ်၊ ဘုရားရှင်ကိုနားပူနားဆာတိုက်ကြ အနည်းဆုံးအဆင့်…ဆုတောင်းမပြည့်သေးတောင် စိတ်သက်သာရ၊ တဒင်္ဂတော့ အေးငြိမ်းသွားရတာကိုး။ ပြီးရင် ကိုယ်တိုင် အားထုတ်မှု မရှိကြတာ များတယ် မဟုတ်လား ။ တန်ခိုးရှင်၊ ဘုရားသခင်၊ နတ်မင်းကြီးတွေရဲ့ စောင့်မကြည့်ရှု ဖြည့်ဆည်းပေးမှာကို ကိုယ်တိုင် အားမထုတ်ဘဲ အိမ်ကထိုင်ပြီး မျှော်လင့်နေလေ့ ရှိကြတယ်လေ။ ဆုတောင်းကြတဲ့သူတိုင်း တောင်းတဲ့ဆု ပြည့်ချင်ကြတာ ဓမ္မတာပါ။ ဒါပေမယ့် လူတိုင်း ဆုတောင်း မပြည့်ကြပါဘူး။  စာမေးပွဲအောင်ပါစေလို့ ဆုတောင်းတဲ့ကျောင်းသားတယောက်ဟာ ဆုတောင်းယုံသာ ဆုတောင်းပြီး စာမကျက်ဘဲ မလေ့လာဘဲနဲ့ စာမေးပွဲမအောင်နိုင်ပါဘူး။ ဒီလိုပဲ ချမ်းသာပါရစေလို့ ဆုတောင်းတဲ့ လူတယောက်ဟာ အိမ်မှာ အိပ်ရင်း ချမ်းသာတာကို စောင့်နေရုံနဲ့ ချမ်းသာကြွယ်ဝ မလာနိုင်ဘူး။ မိမိဆုတောင်းတွေ ပြည့်ဝလာနိုင်ဖို့ အထောက်အပံ့ဖြစ်စေမယ့် ကိစ္စရပ်တွေမှာ ကာယကံ၊ ဝစီကံနဲ့ မနောကံဆိုတဲ့ အလုပ် ၃ ပါးကံ၊ ဥာဏ်၊ ၀ီရိယ၊ ဇွဲလုံ့လတွေနဲ့ ဆန္ဒပြင်းပြစွာ အားစိုက် လုပ်ကိုင်ဖြည့် ဆည်းမှသာ ဆုတောင်းပြည့်နိုင်တာပါ။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းမြတ်ဒေသနာမှာ လူ့ရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးတဲ့ သဘာဝတရား ၄ ပါးဖြစ်တဲ့ ဆန္ဒာဓိပတိ၊ ၀ီရိယာဓိပတိ၊ ၀ိမံသာ (အသိဥာဏ်ပညာ) ဓိပတိ၊ စိတ္တာဓိပတိ ဆိုတဲ့ အဓိပတိပစ္စယောကို အထင်အရှားတွေ နိုင်ပါတယ်။ ဂေါတမမြတ်စွာဘုရားအလောင်းတော်ဟာ ဒီဘဒ္ဒကမ္ဘာကနေ ပြန်၍ ရေတွက်ခဲ့ရင် ၄ သင်္ချေနဲ့ ကမ္ဘာ ၁ သိန်းမှာ သုမေဓာရသေ့ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ ဒီပင်္ကရာ မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့တယ်။ တနည်းအားဖြင့်ဆိုရင် ဘုရားအဖြစ်ကိုရဖို့ သံဓိဋ္ဌာန် ချမှတ်ခဲ့တာပါ။ တောင်းခဲ့တဲ့ဆု ပြည့်စုံရရှိအောင် သုမေဓာရသေ့ဟာ ၄ သင်္ချေနဲ့ ကမ္ဘာ ၁ သိန်းလုံး ဒီအတိုင်း ထိုင်မနေခဲ့ပါဘူး။ ဘုရားရှင်အဖြစ်ကို ရောက်ရှိဖို့ စိုက်လိုက်မတ်တပ် ပါရမီ ဖြည့်ဆည်းခဲ့တယ်လေ။ နောက်ဆုံးတော့ သူတောင်းတဲ့ ဆုပြည့်ခဲ့တာဟာ အကြောင်းမဲ့ မဟုတ်ဘူး။ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုနဲ့ အတူ အလုပ် ၃ ပါးကံတွေနဲ့ ဘ၀ပေါင်းများစွာ ကြိုးပမ်း ဖြည့်ဆည်းခဲ့တာကြောင့် မဟုတ်လား။ တနည်းအားဖြင့်ပြောရရင် ဆန္ဒာဓိပတိ၊ ၀ီရိယာဓိပတိ၊ ၀ိမံသာ ( အသိဥာဏ်ပညာ ) ဓိပတိ၊ စိတ္တာဓိပတိ စတဲ့ တရား ၄ ပါး စုံညီခဲ့လို့ မဟုတ်လား။ သဒ္ဓါဆိုတဲ့ စကားလုံးကို အများအား ဖြင့် သက်ဝင်မှု၊ ယုံကြည်မှုလို့သာ ဘာသာပြန်လေ့ ရှိတယ်။ ဒါပေမဲ့ သဒ္ဓါဆိုတာ ယုံကြည်မှုမည်ကာမတ္တ မဟုတ်ပါဘူး။ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း လက်တွေ့ သိရှိနားလည်ပြီးမှ ဖြစ်ပေါ်လာသော စိတ်ချယုံကြည်မှုမျိုး ဖြစ်ပါတယ်။ “သဒ္ဓါယ တရတိ သြဃံ” (အခက်အခဲမှန်သမျှကို ယုံကြည်ချက်ဖြင့် လွန်မြောက်၏)လို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူပြည်သားတိုင်းလိုလို ဘုရားရှိခိုးပြီးလို့ ဆုတောင်းခန်း ရောက်ရင် တောင်းမဲ့ ဆုတောင်းတွေထဲမှာ ရန်သူမျိုး ၅ ပါးမှ လွတ်မြောက်ရပါလို၏ ဆိုတာ ပါတယ် မဟုတ်လား။ ရန်သူမျိုး ၅ ပါးထဲက တပါးဖြစ်တဲ့ မင်းဆိုးမင်းညစ်ရဲ့ နှိပ်စက်ညှင်းပမ်းမှုဒဏ်ကို ဘယ်သူမှ ခံစားချင်မှာ မဟုတ်ပါဘူး။ လွတ်မြောက်ချင်တာပေါ့။ ထို့အတူဘဲ ကောင်းမွန်တဲ့အုပ်ချုပ်သူ အစိုးရမင်းများနဲ့သာ ကြုံတွေ့ရပါလို၏။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရလိုပါ၏လို့လည်း ဆုတောင်းကြမှာ မလွဲပါဘူး။ ရာစုနှစ်ဝက်ကျော် စစ်သံခွာဖိနပ်အောင်မှာ ပြားပြားမှောက်လို့ ငရဲတွင်းထဲ လောင်မီးကျခံရသလို အတိဒုက္ခ ရောက်ခဲ့ကြရတာကိုး။ အဲဒီလို ဆုတောင်းကြတဲ့အတိုင်း စစ်အာဏာရှင်စနစ်ဆိုးလက်အောက်က တကယ်လွတ်မြောက်ချင်တယ် ဆိုရင် လွတ်မြောက်ရာလွတ်မြောက်ကြောင်းကို အထောက်အပံ့ ဖြစ်စေမယ့် ကိစ္စရပ်တွေ၊ လှုပ်ရှားမှုတွေမှာ အားတက် သရော ကိုယ်စွမ်းဉာဏ်စွမ်း ရှိတာ အကုန်ထုတ် အလုပ်လုပ်ဖို့ လိုပါတယ်။ ပထမဆုံး လုပ်သင့်တာက မိမိကိုယ်ကို သတိပြုပြင်ဆင်ဖို့ လိုပါတယ်။ အာဏာရှင်ကို ဆန့်ကျင်ရင်း ကိုယ်တိုင် အာဏာရှင်မဖြစ်အောင် ဆင်ခြင်လုပ်ကိုင်ဖို့ လိုပါတယ်။ ကိုယ်ချင်းစာ တရားနဲ့ သူတပါးအခွင့်အရေးကို လေးစား အသိမှတ်ပြုတတ်ဖို့လည်း လိုပါတယ်။ အများဆန္ဒကို လိုက်နာရင်း အနည်းစုဆန္ဒကို လေးစားအသိအမှတ်ပြုတဲ့ ဒီမိုကရေစီရဲ့ ကောင်းမြတ်တဲ့ တရားတွေကို သိယုံမက ကိုယ်တိုင်ကျင့်ကြံတတ်ဖို့လည်း လိုပါတယ်။ အသိနဲ့ အကျင့် တသားထဲ ကျမှသာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နိုင်မှာပါ။ ဒုတိယအဆင့်က မိမိဝန်းကျင်ကို မှန်ကန်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းဖြစ်အောင် မိမိ တတ်နိုင်သမျှ တည့်မတ်ထိန်းကျောင်းဖို့လည်း လိုပါတယ်။ မိမိ တဦးတည်း သိနေရုံ မိမိ တဦးတည်း မှန်နေရုံနဲ့ မပြီးမြောက်နိုင်ပါဘူး။ မိမိဝန်းကျင်နဲ့ လူ့အဖွဲ့စည်း အသိုင်းအ၀ိုင်းတခုလုံးပါ အသိဉာဏ်မြင့်မားဖို့ အမှန်တရားကိုသိမြင် ရပ်တည်ရဲလာဖို့ လိုပါတယ်။ တတိယအဆင့် တိုင်းပြည်အရေး၊ တမျိုးသားလုံးရဲ့ အနာဂတ်ရေးကိစ္စတွေ ဥပမာ - ပုဒ်မ ၄၃၆နဲ့ ၅၉ စတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကနေ ပြည်သူ့ အစိုးရတရပ် ပေါ်ပေါက်လာရေးကိစ္စတွေမှာ မိမိနိုင်ရာ ဝန်ထမ်းကြဖို့ လိုပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျှောက်လှမ်းနေတဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တပ်မတော်ကို ဂုဏ်သိက္ခာရှိစွာ စစ်တန်းလျား ပြန်နိုင်ရေးနဲ့ ကမ္ဘာက လေးစားရတဲ့ ဒီမိုကရက်တစ်နိုင်ငံတော်တည်ဆောက်ရေး စတဲ့အဆင့်မြင့် နိုင်ငံရေး ခရီးစဉ်ကြီးမှာ နှမ်းတစေ့ အုပ်တချပ်၊ သဲတပွင့် ဖြည့်ဆည်း ပါဝင်ကွက်လပ်ဖြည့်ကြဖို့ လိုပါတယ်။ ဒီဆောင်းပါးကို နိဂုံးသပ်ရရင် ကောင်းမွန်တဲ့ ဆုတောင်း ရည်မှန်းချက် အိမ်မက်တွေ အတွက် ပြင်းပြတဲ့ ဆန္ဒလည်း ရှိမယ်၊ ယုံကြည်မှုသဒ္ဓါလည်း မှန်မှန်ကန်ကန် ရှိမယ်။ အလုပ် ၃ ပါးကံနဲ့လည်း စိုက်လိုက်မတ်တတ်ပါရမီ ဖြည့်ဆည်းနေမယ်၊ ၀ီရိယဆိုတဲ့ ကြိုးပမ်းအားထုတ်မှု၊ ၀ီမံသဆိုတဲ့ အသိပညာ စူးစမ်းဆင်ခြင်နိုင်တဲ့ စွမ်းရည် သတ္တိပညာလည်း ရှိပြီး ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုလည်း ရှိတဲ့ လူတယောက်ကို သူရဲ့ ရည်မှန်းချက် အိပ်မက်တွေ ပျောက်ဆုံး ပြိုကွဲသွားအောင် နင်းချေဖျက်ဆီးပစ်နိုင်တဲ့အရာဆိုတာဟာ ဒီလောကမှာ ရှိနိုင်ပါဘူး။ မြန်မာနိုင်ငံသားတိုင်းရဲ့ ကောင်းမြတ်သော ရည်မှန်းချက် အိပ်မက်များ၊ ယုံကြည်မှု သဒ္ဓါတရားတို့နဲ့ ထွန်းကားပြီးမြောက် လိုရာရောက်နိုင် ရနိုင်ကြပါစေ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြည့်ပြည့်၀၀ မြန်မြန် ဆန်ဆန် ရနိုင်၊ ခံစားနိုင်ကြပါစေ။ မင်းကောင်းချစ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024