လက်ပံတန်းတရားရုံးရှေ့မှာ …

ကျောင်းသားခေါင်ဆောင် ကိုအောင်မှိုင်းဆန်းရဲ့ဇနီး မလဲ့လဲ့နွယ် အင်တာဗျူးကို တည်းဖြတ်ဖို့ ရုံးစားပွဲ ကွန်ပျူတာမှာ ထိုင်လိုက်ပါတယ်။ သင်္ကြန်တွင်းမို့ ရုံးမှာ သတင်းထောက်တွေနည်းနေပါတယ်။ မှိန်ပြပြ ကျနော့်အလုပ် အခန်းထဲကို လမ်းမတန်း ရေကစားမဏ္ဍပ်က အသံတွေ သဲ့သဲ့ကလေးဝင်လာပါတယ်။ တနေ့က လက်ပံတန်းမှာ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ ရုံးထုတ်တဲ့ ဗွီဒီယို ရိုက်ချက် အပိုင်းအစ ကလေးတွေကို ကလစ်တခုပြီး တခု ခေါက်ရင်း လိုက်ရှာပါတယ်။ ဟော တွေ့ပါပြီ။ ၉ ရက် ဧပြီ၊ ၂၀၁၅ ရက်စွဲ ဖိုင်။ ဗွီဒီယို အပိုင်းအစတွေကို ကြည့်ရင်း ကျနော့်စိတ်ဟာ အဲဒီနေ့က အဖြစ်အပျက်တွေ ဆီပြန်ရောက်သွားပါတယ်။ အဲဒီနေကပေါ့ မနက် ၅ နာရီကျော်ကျော်လောက်မှာ ကျနော့်မိတ်ဆွေ တက်ကြွကူညီသူ ကိုဘိုကြီးက ကားနဲ့ လာကြိုပြီး ကိုအောင်ထိုက်ရဲ့ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ချိန်းထားတဲ့ ဒီဗွီဘီသတင်းထောက် ကိုဉာဏ်ကြီးကိုဝင်ခေါ်၊ အဲဒီနောက် ထောက်ကြံ့မှာ ချိန်းထားတဲ့ ဒီဗွီဘီသတင်းထောက် ကိုရန်နိုင်နဲ့ အခြားမိတ်ဆွေ ၂ ယောက်ကို တင်ဆောင်ရင်း သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေ ရုံးထုတ်မယ့် လက်ပံတန်းတရားရုံးကို ရုံးထုတ်ချိန် အမီသွားပါတယ်။ Letpadaung 2 ရုံးအ၀င်လမ်းထိပ်မှာ သံဆူးကြိုးတွေနဲ့ ရဲလုံခြုံရေး ၁၀ ယောက်လောက်က စစ်ဆေးပါတယ်။ ဓာတ်တိုင် ၂ တိုင် ၃ တိုင် လောက်ရောက်တော့ တရားရှေ့မှာ လူ ၁၀၀ လောက် စုမိနေပါပြီ။ အရင် ရုံးထုတ်တဲ့ နေ့တွေထက် လူအင်အား  ၅ ဆကျော်လောက် နည်းနေပါတယ်။ ရုံးဝင်းထဲကို လှမ်းကြည့်လိုက်တဲ့အခါ ရုံးထုတ်မယ့် ကျောင်းသားတွေက အချုပ်ကားတွေနဲ့ ရုံးဝင်းထဲကို ရောက်နေပါပြီ။ တရားရုံးရှေ့မှာတော့ သမီးတွေနဲ့တွေဖို့ ၀င်ခွင့်မရတဲ့ မိဘတွေရဲ့ အော်ဟစ်သံတွေက ကျနော်တို့ကို ကြိုဆိုလိုက်ပါတယ်။ မိဘတွေ သားသမီးတွေနဲ့တွေ့ခွင့်ရရေး  ဒို့အရေး  ဒို့အရေး။ မိဘတွေ သားသမီးတွေနဲ့တွေ့ခွင့်ရရေး  ဒို့အရေး  ဒို့အရေး။ မိဘတွေ သားသမီးတွေနဲ့တွေ့ခွင့်ရရေး  ဒို့အရေး  ဒို့အရေး။ မိဘတွေရဲ့ ရင်ကွဲမတတ် အော်ဟစ်တောင်းဆိုသံတွေ တဖြည်းဖြည်း ကျယ်လောင်လာပါတယ်။ အချို့က လက်သီးဆုပ်လို့၊ တချို့က မျက်ရည်သုတ်လို့။ သူတို့ဟာ သူတို့အခွင့်ရေးကို တောင်းနေတယ်လို့ ဆိုရမလား။ ဒါမှမဟုတ် ကာကွယ်နေတယ်လို့ ပြောရမလား။ ကျနော် မသိပါ။ Letpadaung 5 ဘယ်သူမဆို တက်ရောက် ကြားနာနိုင်တယ်ဆိုတဲ့ တရားရုံးကို တရားစွဲဆို ခံထားရတဲ့ ကျောင်းသားတွေရဲ့ မိဘတွေတောင် ၀င်ခွင့်မရနိုင်တဲ့ အခြေအနေကြောင့် သူတို့ အခုလို သံပြိုင် ဟစ်ကြွေးနေကြတာဟာ ဒီနေ့ တရားစီရင်ရေး အခြေအနေကို တစေ့တစောင်း ပြောပြနေသလိုပါပဲ။ မကြာပါဘူး သက်ဆိုင်ရာက ခတ်၀၀ လူတယောက် လက်ဆွဲ လော်စပီကာ ကိုင်ရင်း ရောက်လာကာ မိဘတွေကို နာမည်ခေါ်ပြီး ၀င်ခွင့်ပေးပါတယ်။ မိဘတွေသာ မတောင်းဆိုဘူးဆိုရင် ခုလို ၀င်ခွင့်ရမှာ မဟုတ်ပါဘူး။ တရားစွဲခံကျောင်းသားမိဘတွေဟာ မိမိအခွင့်အရေးကို မိမိ သဘောပေါက် နားလည်သူတွေမို့ တော်သေးရဲ့။ မိဘတွေ ၀င်ခွင့်ပေးပြီးတဲ့နောက် သတင်းထောက်တွေကို ၀င်ခွင့်ပေးပါတယ်။ မိဘတွေကတော့ ဒုတိယမြောက် သံဆူးကြိုး ကို ကျော်ပြီး တရားရုံးပေါက်ဝနားအထိ ၀င်ခွင့်ရသွားပါတယ်။ ဒါပေမယ့် ဒုတိယမြောက် သံဆူးကြိုးနားရောက်တော့ သတင်းထောက်တွေ ၀င်ခွင့်မရတော့ပါဘူး။ Letpadaung 4 “တရားရုံး ပရ၀ဏ် အတွင်းမှာ သတင်းယူခွင့်မရှိပါဘူး” လို့ ရဲ အရာရှိတယောက်က  သတင်းထောက်တွေကို လာတား ပါတယ်။ ဒါဟာသတင်းထောက်တွေအတွက် စိန်ခေါ်မှုတခုပါပဲ။ ကျောင်းသားတွေရဲ့ အခြေအနေတွေကို စာဖတ်သူတွေဆီ တင်ပြဖို့ တာဝန်နဲ့ သတင်းထောက်တွေ လာကြတာပါ။ တနည်းအားဖြင့် ကျောင်းသားတွေရဲ့ အသံကို အများပြည်သူတွေဆီ ရောက်အောင်ပို့ဖို့ သတင်းထောက်တွေမှာ တာဝန် ရှိပါတယ်။ ခုတော့ သတင်းထောက်တွေ ထမ်းဆောင်ရမယ့် တာဝန်ကို သက်ဆိုင်က ကန့်သတ် တားဆီးလိုက်ပါပြီ။ သူတို့ ဘာလုပ်ကြမလဲ။ အချို့က သက်ဆိုင်ရာ သတင်းဌာနတွေဆီ တယ်လီဖုန်းနဲ့ သတင်းပို့ကြပါတယ်။ အချို့က သတင်းထောက် အချင်းချင်း အင်တာဗျူး လုပ်ရင်း မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့် အပေါ် သဘောထားကို မေးမြန်းမှတ်တမ်းယူနေကြပါတယ်။ Letpadaung 3 “တရားရုံး ပရ၀ဏ် အတွင်းမှာ သတင်းယူခွင့်မရှိဘူးဆိုတာ ဘယ်သူက ပြောတာလဲ” ဆိုပြီး သတင်းထောက်တွေ ဘက်က အသံတသံ ထွက်လာပါတယ်။ “ဒါလွတ်လွပ်စွာ သတင်းယူခွင့်ကို ချိုးဖေါက်တာပဲ” ဒီအသံကို ကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ကိုဉာဏ်ကြီး အသံပါ။ ဒီဗွီဘီ သတင်းထောက် ကိုဉာဏ်ကြီး အသံပါ။ “အဲဒါတော့ ကျနော်လည်းမသိဘူး” အရာရှိ လေသံနည်းနည်းပျော့သွားပါတယ်။ “တရားခွင်မှာတောင် ဓာတ်ပုံရိုက်ခွင့်မရပေမယ့် လူတိုင်းနားထောင်ခွင့်ရှိတယ်” ကိုဉာဏ်ကြီးအသံက  ပိုကျယ်လာပါတယ်။ ရဲအရာရှိ တရားရုံးဘက်ကို ခပ်ကုတ်ကုတ် ထွက်သွားပြီး ချက်ချင်းဆိုသလို ပြန်ရောက်လာကာ သတင်းထောက်တွေကို တယောက်ချင်း နာမည်ခေါ်ကာ ၀င်ခွင့်ပေးလိုက်ပါတော့တယ်။ တရားစွဲခံထားရတဲ့ ကျောင်းသားတွေ၊ ၀န်းရံတွေ၊ မိဘ ဆွေမျိုးတွေ ဖက်လှဲ တကင်းတွေ့နေပုံတွေ၊ သတင်းထောက်တွေ အလုအယက်ဓာတ်ပုံရိုက် သတင်းယူနေပုံတွေကို ကိုရန်နိုင် နဲ့ ကိုဉာဏ်ကြီးတို့ရဲ့ ဗွီဒီယို ရိုက်ချက်တွေမှာ စိတ်လူပ်ရှားဖွယ်တွေ့မြင်ရပါတယ်။ “ဒီမိုကရေစီ ပညာရေး လူပ်ရှားမှုကို ကျမတို့ဆက်လုပ်မယ်” မျက်နှာ ပိန်ကျသွားပေမယ့် လက်ထိပ်တန်းလန်း နဲ့ လန်းဆန်းတက်ကြွနေတဲ့ မဖြိုးဖြိုးအောင်ရဲ့ အသံ။ “လူလိမ်တွေ အစိုးရဖြစ်နေတာက ပြဿ နာ” လို့ လက်ထိတ်ကို မြှောက်ပြရင်း သတင်းထောက်တွေကို အော်ပြောနေတဲ့ကျောင်းသူတဦးရဲ့ရုပ်ပုံလွှာ။ ဒီပုံတွေ ဒီအသံတွေကိုတော့ ကျနော်တို့ သတင်းဌာနက သတင်းတွေမှာ ထိပ်ဆုံးက ဖော်ပြနိုင်ခဲ့သလို သတင်းပရိသတ်ရဲ့ နှလုံးသားမှာလည်း စွဲထင်စေခဲ့ပါတယ်။ Letpadaung 6 သူတို့ တရားရုံးက ပြန်အထွက်မှာ  ၀န်းရံပြည်သူတွေက အချုပ်ကားကို အတာရေအေးနဲ့ ပက်နေပုံတွေကို ကျနော် အရ ရိုက်ယူရင်း ရင်ထဲ နင့်ကနဲ ခံစားလိုက်ရပါတယ်။ တကယ်တော့ ကျောင်းသားလူငယ်လေးတွေဟာ သူတို့ချစ်သူတွေရဲ့ အတာရေလောင်းတာကို ရင်တဖိုဖို၊ ပီတိအဖုံဖုံ နဲ့ ခံစားပျော်ရွှင် ရမယ့်အရွယ်မှာ . . . .။ X x x ကျနော်ကင်မရာကို ရေ စင် မစင် စစ်ဆေးနေတုန်းမှာပဲ ကိုဉာဏ်ကြီး ရောက်လာပြီး “သူက ကိုအောင်မှိုင်းဆန်း အမျိုးသမီးပါ။ အင်တာဗျူး လုပ်လိုက်ရအောင်။” လို့ ပြောပါတယ်။ အသားညိုညို မျက်နှာပြည့်ပြည့် မျက်လုံးဝိုင်းဝိုင်း နှာတံပေါ်ပေါ် အသက် ၂၀ ၀န်းကျင် ကလေးမလေး တယောက် နဲ့ မိတ်ဆက်ပေးပါတယ်။ ကျနော်က ကိုအောင်မှိုင်းဆန်းကို စာပေသမားတယောက်အနေနဲ့သာ သိထားတာပါ။ ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ သိထားတာမဟုတ်ပါဘူး။ သူ့မိတ်ဆွေများကလည်း သူ့ကို အနေအထိုင် အေးသူ၊ စာဖတ်အားကောင်းသူ၊အယ်ဒီတာ ကောင်းတယောက် အဖြစ် အသိအမှတ်ပြုထားတာပါ။ ဒီမိုကရေစီ ပညာရေးသပိတ် စစ်ကြောင်း တစ်လျှောက် ဗွီဒီယို မှတ်တမ်းတွေမှာ သူ့ပုံတွေကို မကြာခဏတွေ့ဖူး ပါတယ်။ အထူးသဖြင့် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ၊ ကျောင်းသားတွေရဲ့ အရေးကြီးဆွေးနွေးပွဲတွေမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဆွေးနွေးနေတာမျိုးတွေ မကြာခဏတွေ့မြင်ရလေ့ရှိပါတယ်။ အသားညိုညို မြန်မာပီပီသသရုပ်မျိုးပါပဲ။ အေးဆေးတည်ငြိမ်ပြီး စိတ်ဝင်စားဖွယ် ရုပ်ရည် ပိုင်ရှင်ပါ။ ကျနော်တို့ အင်တာဗျူးရိုက်ဖို့ ကိစ္စကို တရားရုံးရှေ့မှာပဲလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ လက်ဖက်ရည်ဆိုင်က ပလတ်စတစ် ခုံပု အနီကလေး ၂ လုံးကိုငှားပြီး ၂ ယောက်သား မျက်နှာချင်းဆိုင်ထိုင် လိုက်ကြပါတယ်။ ကိုဉာဏ်ကြီးနဲ့ ကိုရန်နိုင်တို့က ရိုက်ကူးရေးကို တာဝန်ယူလိုက်ပါတယ်။ တရားရုံးနောက်ခံနဲ့ဆိုတော့ ကျနော်တို့ ရဲ့ လေဟာပြင် စတူဒီယိုကလေးဟာ ပိုပြီးသဘာဝ ကျသွားပါတယ်။ သူနဲ့ကျနော်တို့ တွေ့ဆုံမေးမြန်းခန်းကို အကျဉ်းချုပ်ပြောပြရမယ်ဆိုရင် မေး ။ ။ကိုအောင်မှိုင်းဆန်း ဘယ်လို အဖမ်းခံသွားရတယ်ဆိုတာ ပြောပြပါလား။ ကိုအောင်မှိုင်းဆန်းဇနီး ။       ။ သူက ဖုန်းထဲကနေပြီးတော့ သဲရေ သွားခွင့်ပြုလိုက်ပြီ ဆိုတော့ ကျနော် အရမ်းပျော်သွားတယ်။  သူတို့နဲ့အတူတူ ရန်ကုန်ကိုဝင်မယ်ပေါ့၊ အဲဒီလိုမျိုးသတင်းဝင်လာမပြီး ၁၀ မိနစ်လောက်ပဲရှိသေးတယ် ထပ်ညှိမယ်ဆိုပြီး ထပ်မညှိခင်မှာ ကျောင်းသားတွေဘက်ကို အချုပ်ကားတွေ လှည့်လိုက်တယ် အဲဒီကစပြီး ပြန်ညှိလို့ မရတော့ဘူး။ ငါးယောက်တတွဲ အချုပ်ကားပေါ်မှာ လိုက်ရမယ်။ အလံမထောင်ရဘူး၊ လက်ပတ်မပတ်ရဘူး၊ သီချင်းမဆိုရဘူး၊ သီချင်းမဖွင့်ရဘူး၊ တားလိုက်တဲ့ အခါ အဓိကရုဏ်းတွေဖြစ်တယ်။ ၀ရုန်းသုံးကားဖြစ်ပြီးကျောင်းထဲ ရောက်သွားတယ်။ ကျောင်းထဲရောက်သွားတဲ့ အခါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖမ်းခံမယ် အကြမ်းမဖက်ပါနဲ့လို့ပြောတယ်။ အဲဒီနောက်သူတို့ပါသွားတယ်။ မေး ။ ။ သူအရိုက်ခံရသေးလား။ ဖြေ။ ။ သူက နံပါတ်တုတ်နဲ့တော့ အရိုက်မခံရဘူး၊ ဒါပေမယ့် သူ့ရဲ့နံစောင်းကို စစ်ဖိနပ်နဲ့ အကန်ခံရတယ်။ အဲဒီဒဏ်ရာက ဖြစ်ခါစက ဘာမှ မဖြစ်ပေမယ့် အအေးဓာတ်ဝင်လာရင်နာတယ်။ ဆေးထိုးဆေးသောက်ခွင့်တော့ရတယ်။ မေး ။ ။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်း အဖမ်းခံပါမယ်လို့ ပြောလျက်သားနဲ့ အခုလို စစ်ဖိနပ်နဲ့ ကန်တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကို တရားဆွဲဖို့ စိတ်ကူးရှိပါသလား။ ဖြေ။ ။ အဲဒါကိုတော့ သူနဲ့ညှိနေတုန်းပါ။  ကျမအနေနဲ့ကတော့ အကြမ်းဖက်တဲ့ သူကိုရော၊ အာဏာပိုင်ကိုရော ပြန်တရား စွဲချင်တယ်။ မေး။  ။ အစိုးရက သပိတ်စစ်ကြောင်းမှာပါတဲ့  ၀န်းရံပြည်သူတွေ ကျောင်းသားတွေကို တရားမစွဲပါဘူး၊ အကြမ်း မဖက်ပါဘူး ဆိုတဲ့ ကတိတွေပေးလက်မှတ်ထိုးပြီး အစိုးရဘက်က ကတိမတည်တာတွေနဲ့ ပတ်သက်လို့ ဘာပြောချင်လဲ။ ဖြေ။ ။ အစိုးရဆိုတာက နိုင်ငံတနိုင်ငံအတွက် ပြည်သူအတွက် လုပ်ပေးတဲ့ အစိုးရမျိုးပဲ ဖြစ်ရမယ်။ အခုအဖြစ် အပျက်ကိုကြည်ရင် အစိုးရမဟုတ်ဘူးပေါ့နော်။ မေး။ ။  ထောင်ဝင်စာ ဘယ်နှခါတွေ့ရသလဲ။ ဖြေ ။ ။ ၂ ခါရှိသွားပါပြီ။ တွေ့ခွင့်ရဖို့ အရမ်းခက်ခဲတယ်။ ကျမက သူ့ဇနီးဖြစ်ပေမယ့် အိမ်ထောင်စုဇယားထဲမှာ မပါလို့ တွေ့ခွင့်မရဘူးလို့ ပြောတယ်။ အိမ်ထောင်စုဇယားထဲမှာပါတဲ့ အမေကိုတော့ မှတ်ပုံတင် မပါလို့ဆိုပြီး တွေ့ခွင့် မရဘူးလို့ ပြောတယ်။ ကျမတို့ တအားကြိုးစားမှ တွေ့ခွင့်ရတယ်။ အခု တွေ့ခွင့်ရတာ ၂ ခါရှိပါပြီ။ မေး  ။ ။ ထောင်ထဲမှာ ဘာတွေ လိုအပ်နေလဲ။ ဖြေ။ ။ကလေးတွေဆိုရင် ခြင်ကိုက်လို့ ယားနာတွေ ဖြစ်နေတယ်။ ကိုအောင်မှိုင်းဆန်းလည်း ယားနာ လူးဆေးမှာတယ်။ အဓိက ကတော့ ခြင်ထောင်လိုအပ်တယ်။ ကျမတို့ ပထမ တွေ့တွေ့ချင်း ခြင်ထောင်တွေ ပါသွားတယ်။ ဒါပေမယ့် သွင်းခွင့် မရပါဘူး။ သူတို့က အထက်အမိန့်အရ ပေးမသွင်းသေးပါဘူးလို့ ပြောတယ်။ တကယ်လို့ အထက် အမိန့်က ပေးသွင်းပါဆိုရင် ပေးသွင်းမယ်လို့ ပြောပါတယ်။ အခုထိ ခြင်ထောင်သွင်းခွင့် မရသေးပါဘူး။ မေး ။ ။ အထက်က ဆိုတာ ဘာကိုပြောတာလဲ။ ဖြေ ။ ။ အထက်ဆိုတာက သူတို့ပြောပြောနေတဲ့ လက်မဲကြီးပဲဖြစ်မှာပေါ့။ မေး ။ ။ ထောင်ထဲက ဘာတွေမှာသလဲ။ ဖြေ။ ။ အင်္ဂလိပ်ဝထ္ထုတွေ၊ အင်္ဂလိပ်ဂရမ်မာ စာအုပ်တွေမှာ ပါတယ်။ သွင်းခွင့် ရမရတော့ မသိရသေးပါဘူး။ တရားဝင် ခွင့်ပြုတဲ့ စာအုပ်ဆိုရင်တော့ ပေးသွင်းမယ်လို့ ပြောပါတယ်။ ကဗျာဆရာ ကိုစောဝေရဲ့ လက်ဆောင် စာအုပ်မှာ ထောင်ဆိုတာ အမေ မကြိုက်တဲ့ တက္ကသိုလ် ဆိုတဲ့ စာတမ်းကလေး အမှတ်တရ ရေးတာလေးပါလို့ သွင်းခွင့် မရခဲ့ပါဘူး။ မေး ။ ။ သူနဲ့ ပတ်သက်လို့ ဘာတွေမျှော်လင့်ထားလဲ။ ဖြေ။ ။ ထောင်ကလွတ်ဖို့ဆိုရင် အရမ်းကြီးမမျှော်လင့်ဘူး၊  ဘာဖြစ်လို့လဲဆိုတော့ ဒီ အစိုးရကို မယုံလို့ပါ။ ကျမ အဆုံးစွန်ထိ မျှော်လင့်ထားတယ်။ မေး ။ ။ သူရဲ့ နိုင်ငံရေးလူပ်ရှားမှုနောက်ခံတွေက ဘယ်လိုရှိခဲ့လဲ။ ဖြေ။ ။ ၁၉၉၀ ကာလက ထောင်ကျဘူးတယ်။ ၂၀၁၂ မှာ နောက်တကြိမ်၊ အခုတခါ နဲ့ဆို ၃ ကြိမ်မြောက်ပေါ့။ သူ့ရဲဘော်တွေကတော့ သူ့ကို လေးစားချစ်ခင်ကြပါတယ်။ ပြဿ   နာတွေကို အေးအေးဆေးဆေး ဖြေရှင်းတတ်တယ်။ တဖက်တည်းကို ကြည့်ပြီး ဘယ်တော့မှာမဆုံးဖြတ်ဘူး။ ရဲဘော်တွေက သူကို ခုချိန်ထိကူညီနေတုန်းပဲ။ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးတဲ့ အခြေနေထိရောက်သွားတဲ့အတွက် သူတို့ လုပ်တာ အောင်မြင်တယ်လို့ သုံးသပ်တယ်။ ကျနော်ကိုပြောတာကတော့ ဒီ အစိုးရဟာ မယုံရဘူးပေါ့၊ သိသာတဲ့ အချက်တွေကတော့ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (အန်အန်အီးအာ) နဲ့ လေးပွင့်ဆိုင်ဆွေးနွေး တဲ့အခါ အစိုးရက  ဥပဒေမှုကြမ်းကို လုံးဝမပြင်ပဲ တင်ပေးပါမယ် ဆိုတာမျိုးတွေရှိတယ်။ အဲဒါကြောင့် အစိုးရကို မယုံရဘူးလို့ သုံးသပ်တာမျိုးတွေရှိတယ်။ လွှတ်တော်ကို စောင့်ကြည့်မယ်လို့ ပြောတယ်။ မေး။ ။ ကျောင်းသားတွေကို ဘာပြောချင်သလဲ။ ဖြေ။ ။ ကျောင်းသားတွေလုပ်တာမှန်တယ်။ ကိုအောင်ဆန်းမှိုင်းတင်မကဘူး ကျောင်းသားတွေနဲ့ ၀န်းရံတွေ လုပ်တာတွေ ကိုထောက်ခံတယ်။ လိုအပ်တာတွေကို ကျမဘေးကနေ အမြဲတန်းကူညီသွားမယ်။ မေး။  ။ သူရဲ့ စာပေသမား ဘ၀ကို ပြောပြပါလား ဖြေ။ ။ ပန်သစ္စာ ဂျာနယ်နဲ့ မြနန္ဒာ ဂျာနယ်တွေမှာ လုပ်တဲ့ အခါ သူကိုသက်ဆိုင်က မကြာခဏခေါ်မေးတာတွေရှိတယ်။ သူယုံကြည်ချက်ကြောင့် သူများတွေကို အထိခိုက်မခံနိုင်ဘူး၊ အဲဒါကြောင့် အယ်ဒီတာဘ၀ကနေ တရားဝင် နုတ်ထွက်ပြီး ဗကသ ထဲမှာ ထဲထဲဝင်ဝင်လုပ်တယ်။ မေး။ ။ မိသားစု အခြေအနေရော ပြေပြလို့ရမလား။ ဖြေ။ ။ သားတစ်ယောက်ရှိတယ်။ နာမည်က ဝေလွန်ဟိန်ပါ။ အငဲလို့လည်း ခေါ်ပါတယ်။သားက ကျမထက် သူ့အဖေကို ပိုရင်းနှီးတယ်၊ အရမ်းလည်း အလိုလိုက်တယ်။ ကလေးတယောက်လိုဆက်ဆံတယ်။ မရိုက်ဘူး၊ နားဝင်အောင်ပြောတယ်။ ဒါတွေလုပ်ရင် ဘာတွေထိခိုက်တယ်ဆိုတာ နားဝင်အောင်ပြောတယ်။ သားပေါ်မှာ အရမ်းမျှော်လင့်တယ်။ အမေထက် အဖေကို ပိုခင်တယ်။ မေး။ ။မိသားစုနဲ့ပတ်သက်လို့ အမှတ်တရကလေးများရှိရင် ပြောပြပါလား။ ဖြေ။ ။ ၂၀၁၂ မှာ သူအဖေထောင်ကျတုန်းက တရားရုံးထုတ်ချိန်တို့ ထောင်ဝင်စာတို့ကို သူ့ကိုခေါ်သွားတယ်။ သူအဖေပြန်လွတ်လာတော့ သူ့အဖေရုံးထုတ်တဲ့ တရားရုံးကို လုံးဝသွားလို့မရဘူး။ ကျမတို့ကိုသူက လုံးဝသွားခွင့် မပေးဘူး၊ ထောင်သွားတဲ့ လမ်းကို သူမှတ်မိတယ်။ ထောင်သွားတဲ့ လမ်းကို ကျမတို့ လုံးဝသွားခွင့်မပေးဘူး။ သားကသူ့အဖေလိုပဲ အရမ်းအမှတ်ကြီးတယ်။ မေး ။ ။ မိသားစုကလေးတခုကို ဘယ်လိုတည်ဆောက်ချင်ပါလဲ။ ဖြေ။ ။ နိုင်ငံကြီးက ဒီမိုကရေစီတကယ်ရလာပြီ၊ တကယ်လဲ ကျမ တိုက မျှော်မှန်းတဲ့ လမ်းကြောင်းကိုသွားနေပြီ ဆိုရင် ကျမတို့ အေးအေးဆေးဆေး နယ်တခုမှာပဲ သူရောကိုယ်ရော စာရေး ၊ သားအတွက်လဲ့ ပံ့ပိုးပေး ရင်း မိသားစု ထမင်းဝိုင်းကလေးမှာ လက်ဆုံစားချင်ပါတယ်။ ကိုရန်နိုင်က အချိန်စေ့သွားကြောင်း ကျနော်ကိုလက်ပြလိုက်လို့ ကျနော်တို့ စကားဖြတ်လိုက်ကြပါတယ်။ Letpadaung ကျနော်က သူ့ကိုမေးခွန်းတွေမေးတိုင်း သူက သွက်သွက်လက်လက်ဖြေနိုင်ခဲ့တာကို သတိပြုမိပါတယ်။ ဒီထက်ပိုပြီး ကျနော် သတိပြုမိတာက သူစကားပြောနေတဲ့အခါ၊ သူမေးခွန်းတွေဖြေနေတဲ့အခါ သူမျက်လုံးတွေက သူ့အမျိုးသား ကိုအောင်မှိုင်းဆန်းအပေါ် ယုံကြည်မှု၊ ချစ်ခင်မှု ၊ လေးစားမှုတွေ နဲ့ မျှော်လင့်မှုတွေကိုမြင်နေရပါတယ်။ ကျနော်တို့ သတင်းထောက်တွေက ကင်မရာတွေ အသံဖမ်းစက်တွေ သိမ်းနေတုန်း သားလေး အငဲ ခေါ် ဝေလွန်ဟိန်းက သူ့အမေကို ပြေးဖက်ပြီး အားပါးတရနမ်းနေပါတယ်။ ထောင်သွားတဲ့ လမ်းကိုသူမှတ်မိတယ်။ ထောင်သွားတဲ့ လမ်းကို ကျမတို့ လုံးဝသွားခွင့်မပေးဘူး။ သားကသူ့အဖေလိုပဲ အရမ်းအမှတ်ကြီးတယ်။ X X X မိသားစု ထမင်းဝိုင်းကလေးမှာ လက်ဆုံစားချင်ပါတယ်။ ဒီမိုကရေစီ ပညာရေး တိုက်ပွဲ ၀င်နေတဲ့ သူရဲ့ ဇနီး ပြော တဲ့စကားလေးကိုပြန်ကြားယောင်ရင်း ကျနော် ကင်မရာမှာ ပေါ်က ရေစက်ကလေးတွေ ကို လက်ကိုင်ပုဝါပါးပါးလေးနဲ့ အသာယာ သုတ်နေမိပါတယ်။ တကယ်တော့ ကင်မရာမှာ ပေါ်ကရေစက်ကလေးတွေဟာ  အတာရေစက်ကလေးတွေလား၊ ဒီမိုကရေစီ လိုလား သူတွေရဲ့ မျက်ရည်စက်တွေလား ဆိုတာကိုတော့ ကျနော် မခွဲခြား နိုင်ခဲ့ပါဘူး။ ခပ်သဲ့သဲ့ကြားနေရတဲ့ ရေကစားသံတွေ မှေးမှိန်သွားပါပြီ။ ကျနော့် အလုပ်ခန်းကလေးလည်း တိတ်ဆိတ်ငြိမ်သက်နေပါပြီ။ သားကြီးမောင်ဇေယျ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up