DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ဒေသ တိုက်ပွဲပြင်းထန်
DVB
·
April 24, 2015
ကိုးကန့်ဒေသ တိုက်ပွဲပြင်းထန်
Donate to DVB

တပ်မတော်က မနေ့မနက်အရုဏ်မတက်ခင်ကစလို့ နန်ထင်မန်ရှန်းရှိ ကိုးကပ် တပ်မတော်စခန်းကို ထိုးစစ်မှာ လက်နက်ကြီးတွေနဲ့သာမက ဓာတုဗုံးတွေ သုံးစွဲတိုက်ခိုက်တယ်လို့ ကိုးကန့်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရှောက်လူချန်း၊ ရှီကော်လင်၊ ရှီတုန်ရွှေနဲ့ ချီရှုရာခုတ်စတဲ့ ဒေသ လေးခုကနေ လူအင်အားအမြောက်အမြားသုံးစွဲပြီး ည ၉ နာရီခန့်အထိ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပေမယ့် မအောင်မြင်ပဲ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်မတော် ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက “မနက်ကနေမိုးလင်းတဲ့အထိ လက်နက်ကြီးနဲ့ ပစ်တယ်။ မိုးလင်းတော့ မြေပြင်ကြည်းတပ်က ထိုးစစ်ဆင်ပါတယ်။ ထိုးတက်တက်။ တက်လို့မရတော့ ပြန်ဆုတ်ပြီး လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ အခေါက်ခေါက်အခါခါပဲ။ မနေ့က သူတို့ ဗုံးသီး ၁၅၀၀ လောက်ပစ်တဲ့အထဲမှာ ၅ လုံး (ဓာတုဗုံး) လောက်ပါတယ်။ သူက ထွက်လာတဲ့မီးခိုးအရောင်က သာမန်ဗုံးနဲ့မတူဘူးဗျ။ ပြီးတော့ အရမ်းစူးရှ မွှေးတဲ့အနံ့လည်းရတယ်။ ရှုမိတဲ့ရဲဘော်တွေဆို အော့အန်ကြတယ်” လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲဟာ လောက်ကိုင်အရှေ့မြောက်ဘက်မှာဖြစ်ပြီး ပြင်းထန်သလို ကျဆုံးဒဏ်ရာရသူများပြားတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ဘက်က ၂ ယောက်ကျတယ်။ ၁၂ ယောက် ဒဏ်ရာရတယ်။ တစ်ဖက်က (တပ်မတော်က)တော့ တော်တော်လေး အသေအပျောက်များပါတယ်။ သေတာကတော့ ၉၀ အထက်မှာရှိပါတယ်။ တချို့ပြောတော့ ၁၄၀ လောက်ဖြစ်မယ်တဲ့ မနေ့က ဗမာ့တပ်မတော်ဘက်က ကျတာ။ ဒဏ်ရာရတာကတော့ ၂၀၀ ပတ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ တပ်မ ၃၃ ပါ။ ကျနော်သိသလောက်တော့ သုံးရင်းပေါ့။ တပ်ရင်း ၁၁၁ ပါမယ်။ ၁၁၉၊ ၁၂၀ ပေါ့။ အားလုံးပေါင်း ၆ ရင်း ၇ ရင်းလောက်နဲ့ ထိုးတယ်ထင်တယ်” လို့ ပြောပါတယ်။

ဒီဗွီဘီအနေနဲ့ ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက် မပေးနိုင်သလို ဒီသတင်းနဲ့ပတ်သက်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနနဲ့ တပ်မတော် မြ၀တီသတင်းဌာန တွေကလည်း တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ဦးထွန်းမြတ်လင်းက လက်ရှိမှာ အစိုးရဘက်က တပ်အင်အား တိုးမြှင့်တင်ပို့လာနေ တာကြောင့် တိုက်ပွဲတွေက ဆက်လက်ပြင်းထန်ဦးမယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတင်တဲ့ ကိုးကန့်တပ်မတော်နဲ့ အစိုးရအကြားတိုက်ပွဲမှာ တပ်မတော်က လူအင်အား၊ လက်နက်အင်အား အမြောက်အမြားနဲ့ မြေပြင်ကရော ဝေဟင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013