
“ဘုရင်တွေခေတ်နဲ့ ကိုလိုနီခေတ်အပြီး၊ လွတ်လပ်ရေးရတဲ့နောက်မှာ ၁၄ နှစ်တည်းသာ အရပ်သား အုပ်ချုပ်ရေးရှိခဲ့တယ်။ ၁၉၆၂ ကနေ ကနေ့အထိ စစ်ယူနီဖေါင်းနဲ့ ယူနီဖေါင်းချွတ်စစ်ဗိုလ်ချုပ်တွေကပဲ ဆက်လက် ကြီးစိုးထားပါတယ်လို့ လူသန်း (၅ဝ) ကျော်တို့ရဲ့ နှစ်ပေါင်း (၅ဝ) ကျော်ခံစားခဲ့ရတဲ့ ဒုက္ခသုက္ခတွေကို စာတကြောင်းထဲနဲ့ ….”
ဖေ့စ်ဘွတ်မှာ လူတိုင်းလိုလိုက တနေ့တာလုပ်တာထဲကနေ သူများတတွေကို မျှဝေချင်တာလေးတွေ တင်ကြတယ်။ ကျနော်လည်း ၇-၄-၂ဝ၁၅ နေ့ညမှာ အင်ဒီယာနာတက္ကသိုလ်မှာ မြန်မာပြည်အကြောင်း စကားသွားပြောပါတယ်လို့ တင်ခဲ့ပါတယ်။ ကျောင်းသားတွေက မေးကြတဲ့မေးခွန်းလေးတွေလည်း ထည့်ရေးတော့ ဘယ်လိုဖြေခဲ့သလည်း ပြန်မေးကြတယ်။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လုံးလုံး တိုင်းတပါးသားတွေနဲ့ မေးတာဖြေတာ၊ ပြောဟောတာတွေ လုပ်ခဲ့ရပါတယ်။ ကိုယ့်တိုင်းပြည်အကြောင်းပါပဲ။ အင်ဒီယာနာတက္ကသိုလ် (ကျူ-အင်-အေ) နဲ့ အရင်ကဖြေရပြောရတာတွေကို တွဲရေးရရင် အတန်းကြီးရောက်ပြီးမှ သူငယ်တန်းပြန်ဆင်း ရသလိုပဲ။
၁၉၉ဝ ရွေးကောက်ပွဲမှာ အမတ်အဖြစ်အရွေးခံရတော့ ကံဇာတာဟာ ဘာပြောကောင်းမလည်း မိုးမျှော်ဇောက်ထိုး ဖြစ်တယ်။ မိုးမျှော်နေခဲ့သူ ဇောက်ထိုးကျပါရောလား။ ၁၉၉ဝ မေလ ၂၇ ရက်ည ကတည်းက ရွေးကောက်ပွဲ နိုင်မှန်း သိပါတယ်။ ရေဒီယိုကလည်း နောက်နေ့မှာကြေညာတယ်။ နောက် ၆ လနေတော့ ညမှာလာဖမ်းတာ လွတ်သွားလို့ ဝရမ်းပြေးဆိုပြီး နောက်မနက်မှာပဲ လုပ်သားပြည်သူ့နေ့စဉ်နောက်ကျောဖုံးမှာပါလာတယ်။ အစိုးရမီဒီယာက ဒါမျိုးကြ မြန်ပါတယ်။ ကျနော်လည်း အပြေးမနှေးခဲ့ပါ။ ၂ ပါတ်အကြာမှာ ပြည်ပြေးဖြစ်သွားတယ်။ အခုထိပေါ့။
ပြည်ပမှာ NCGUB ခေါ်တဲ့ စင်ပြိုင်အစိုးရဖွဲ့ကြတယ်။ အစိုးရသာဆိုတယ် လုပ်ရတာတွေကတော့ သူများတိုင်းပြည်က မြို့လယ်ခေါင်လမ်းမတွေပေါ်မှာ ခဏခဏဆန္ဒပြရတာကများတယ်။ အစည်းအဝေးတွေ၊ ညီလာခံတွေလည်းတက်ရတယ်။ ကြီးကြီးကျယ်ကျယ်လို့ ပြောကြမလား။ (လော်ဘီ) လုပ်ရပါတယ်။ (လော်ဘီ) ဆိုတာ ဆန်းဆန်းပြားပြားတော့မဟုတ်ပါ။ ကိုယ်ဖြစ်ချင်တာတွေကိုဖြစ်အောင် ဆုံးဖြတ်နိုင်သူတွေဆီကို တိုက်ရိုက်ဖြစ်ဖြစ် (အင်ဒါရိုက်) ဖြစ်ဖြစ်သွားပြီးပြောရ၊ တင်ပြ ဆွေးနွေးရတာ၊ အချက်အလက်တွေပေးရတာတွေကို ခေါ်ပါတယ်။
ကြီးကျယ်တာအပြင် ကြီးမားတဲ့ကုလသမဂ္ဂအထိလည်း သွားရတယ်။ ဒါ့ပြင် (ကက်ပီတော် ဟေးလ်) ကုန်းပေါ်လို့ ခေါ်တာမို့ အမြင့်ဆုံးဖြစ်တဲ့ ယူအက်စ် (ကွန်ဂရက်) မှာ (ဟီးယားရင်း) ခေါ်တဲ့ ကြားနာပွဲလည်းတက်ရဘူးတယ်။ ထိပ်ပိုင်းလို့ပြောရမယ့် (စတိတ် ဒီပတ်တမင့်) ခေါ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း ရောက်တယ်။ ကိုယ့်နိုင်ငံက (ဖြစ်နေတာတော့မဟုတ်ပါ) ပျက်နေတာတွေထဲက (အစ်ရှူး) ခေါ်တဲ့ ဆိုင်ရာ ခေါင်းစဉ်အလိုက် သွားပြောခဲ့ရတာပါ။
ကိုယ့်တိုင်းပြည်က အမတ်တွေနဲ့သာ ကိုယ့်နိုင်ငံထဲမှာ တွေ့ခွင့်မရှိတာပါ။ နိုင်ငံတကာ အမတ်တွေနဲ့တော့ဗျာ (အိုင်ပီယူ) ခေါ်တဲ့ နိုင်ငံတကာလွှတ်တော်များသမဂ္ဂအစည်းအဝေးတွေကို တနှစ်တခါသွားတက်ရပါတယ်။ လုပ်ဖေါ်ကိုင်ဖက် အမတ်တွေ ထောင်ထဲမှာ ဘယ်နှစ်ယောက်ရှိသေးတယ်၊ ဘယ်လိုလူ့အခွင့်အရေးတွေ ချိုးဖေါက်ခံနေကြရတယ် စတာတွေကို စာရင်းဇယားတွေလုပ်ပြီး တင်ပြရတာပါ။ (အာစီယန်) အုပ်စုထဲကနိုင်ငံတွေကိုတော့ အိမ်ဦးနဲ့ကြမ်းပြင် သဘောထားခဲ့တယ်။
အဲလိုလုပ်ခဲ့ရတာတွေက ၁၉၉၂-၉၃ ကနေ ၂ဝဝ၇-ဝ၈ အထိသာဖြစ်ပါတယ်။ အခုတော့ ပြည်ပနိုင်ငံရေးလှုပ်ရှားမှုဆိုတာ မီးသေသလို ဖြစ်သွားပြီ။ မီးခဲပြာဖုံးသာ ကျန်တော့တယ်။ ပြည်တွင်းမှာလည်း ရဲရဲမတောက်နိုင်ကြဘူးထင်ပါရဲ့။ ၁၉၉ဝ (ဂျင်နရေးရှင်း) ကလည်း အောက်သွားပြီ။ ၉ဝ သမားတွေ ကံမကောင်းတာက မကုန်သေးပါ။ ၂ဝ၁၂ တုံးက ကြားဖြတ် ရွေးကောက်ပွဲမှာ အရင်ကအမတ်ဖြစ်ခဲ့သူဆိုတာထက် ထောင်ကျခဲ့သူတွေကိုသာ (ခရက်ဒစ်) ပေးသလားမသိပါ။ ဒိနောက်မှာ အမည်းစာရင်းကဖျက်ပေးခံရတဲ့ ပြည်ပရောက်တွေ ပြည်တော်ဝင်ကြတော့လည်း ဖုတ်လေတဲ့ငါးပိ သာသာပဲ မှတ်ယူခံကြရတယ်ထင်တယ်။
ကနေ့လူရွယ်တွေ ပြည်တွင်းမှာ နိုင်ငံရေးလုပ်ကြရတာက ကျနော်တို့ခေတ်နဲ့မတူတော့ပါ။ သူတို့က တမျိုးတဘာသာ တော်ကြပါတယ်။ အခက်အခဲတွေကလည်းတမျိုး။ တော်သတက်လည်း တော်ကြစေချင်တယ်။ အဲတာနဲ့ သဲတပွင့်ပမာ ဒီစာလေး ရေးဖြစ်သွားတာပါ။
ကျနော်တို့တတွေ တွေ့ခဲ့ကြရတဲ့ (စတိတ်ဒီပါတ်တမင့်) တို့ (ကွန်ဂရက်စ်) တို့မှာ အလုပ်လုပ်နေကြတဲ့ သူတို့လူမျိုး လူရွယ်တွေဟာ အင်မတန် (ဘရိုက်) ဖြစ်ကြတယ်။ သွက်လက်ကြတာမှ ဖြတ်ကနည်း ဖြတ်ကနည်း။ ကမ္ဘာဘဏ်လည်း တခေါက်တော့ရောက်တယ်။ တော်မှတော်ဆိုတဲ့ ယောက်ျား-မိန်းမတွေပါ။ ဥရောပနိုင်ငံတွေမှာလည်း အစိုးရရုံးတွေမှာ လုပ်နေကြသူတွေဟာ အတူယူစရာကောင်းတယ်။ ကိုယ်နဲ့ဆိုင်တဲ့ဘာသာရပ်မှာ အတော်ကို (အပ်ဒိတ်) ဖြစ်တယ်။ နေ့စွဲကိုက် သိထားကြရတယ်။ လာရွှီးလို့မရဘူး။ ကုလသမဂ္ဂဝန်ထမ်းတွေကိုတော့ သိပ်မချီးကျူးချင်ပါ။ သူတို့က (အင်ဂျီအို) အကြီးစားတွေပါ။ သူတို့အစိုးရလေသာ ပြောတတ်ကြတာ။
အနောက်နိုင်ငံတွေသာမကပါ အာရှနိုင်ငံတချို့မှာလည်းတော်ကြတာပဲ။ ဒါပေမယ့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အားကျစရာမရှိပါ။ ဗျူရိုကရက် သက်သက်ပဲ။ (ဗားမားဒက်စ်) ထိုတဲ့ အတွင်းဝန်အဆင့်အရာရှိတွေဟာ အစိုးရပေါ်လစီ ကလွဲရင် ဘာတခုမှမသိဘူး။ ဒါကြောင့် အိန္ဒိယဟာ တရုပ်လောက် မြန်မာပြည်မှာ စီးပွါးမဖြစ်တာ။ အဲ့ (အေဂျင်စီ) ခေါ်တဲ့ ထောက်လှမ်းရေးအရာရှိတွေကတော့ အိန္ဒိယမှာရော တရုပ်မှာပါ လက်ဖျားခါလောက်အောင် သတင်းစုံကြတယ်။ နှုတ်လုံရတယ်။ ဖျံတွေပဲ။ (စီအိုင်အေ) ဆိုတာတော့ မတွေ့ဘူးပါ။ ကိုယ်ဖျောက်အတတ်ပါ တတ်ကြပုံရတယ်။ သံရုံးတွေက နိုင်ငံရေးအရာရှိဆိုသူတွေက ထောက်လှမ်းရေးအလုပ် လုပ်ရတာများတယ်။ ကျနော်တို့ကို မြန်မာစစ်အစိုးရ ထောက်လှမ်းရေးကသာ အငန်းမရဖမ်းချင်ခဲ့ကြပေမယ့် သူများနိုင်ငံသားတွေကတော့ ကူညီနိုင်တာ ကူညီကြပါတယ်။ ငွေကြေးမဟုတ်ပါ။ လုံခြုံရေးပါ။
အဓိကရေးချင်တာကို လာပါတော့မယ်။ အခုတော့ ကျနော် သူငယ်တန်းပြန်ရောက်နေရပါပြီ။ မြန်မာပြည်ကနေ ထွက်ရတည်းက အိန္ဒိယမှာ ၂၄ နှစ်ကြာနေခဲ့ရာကနေ အခုတော့ အမေရိကန်ပြည်ထောင်စုမှာလာနေရပါတယ်။ ဒီမှာ မြန်မာပြည်အပါအဝင် တခြားတိုင်းပြည်တွေနဲ့ မတူတာတွေထဲက အချက်တခုကိုရေးပါရစေ။ သူတို့က တခုခုအကြောင်းကို သိချင်သင်ချင်၊ လေ့လာချင်တယ်ဆိုရင် ဘယ်ကနေ အကောင်းဆုံး၊ အမှန်ဆုံးရမလည်းဆိုတာကို ရှာကြတယ်။ ဒါနဲ့ မြန်မာပြည်အကြောင်း လိုချင်သိချင်သူတွေက ကျနော့်ကိုဖိတ်ပြီးအပြောခိုင်းလို့ ခပ်တိုတိုနဲ့ သုံးကြိမ်ပြောရပါပြီ။ ပေါ့ပေါ့ပါးပါးလေးတွေသာဖြစ်ပါတယ်။
အမေရိကန်ကောလိပ် ပထမနှစ်ကျောင်းသားတွေက မြန်မာဆိုတာ ဘာမှသိမထားကြဘူးလို့ ဆရာဖြစ်သူက ကြိုတင်ပြောထားလို့ အခြေခံကျတာလောက်သာ ပြောပါတယ်။ (ပါဝါပွိုင့်) မှာ စာသာမက ရုပ်ပုံတွေပါထည့်တော့ မြန်မာပြည်ရဲ့ ပထဝီ၊ သမိုင်းနဲ့ ယဉ်ကျေးမှုတွေကို မြီးစမ်းခွင့်ရစေလိုက်ပါတယ်။ ကျနော်တို့ ၅ တန်း ပထဝီမှာ မြန်မာနိုင်ငံသည် အာရှတိုက်တွင် ထိုးထွက်လျက်ရှိသော ကျွန်းစွယ်ကြီးသုံးခုအနက် အင်ဒိုချိုင်းနားကျွန်းစွယ်တွင် ပါဝင်သည်ဆိုတာကို အခုထိ အလွတ်ရပါသေးတယ်။
မြန်မာနိုင်ငံက လူမျိုးစုတွေ၊ ကိုးကွယ်ကြတဲ့ဘာသာတွေစတဲ့ အခြေခံအချက်အလက်တွေကိုပါ ဆက်ပြောပါတယ်။ မြန်မာနိုင်ငံမြေပုံပေါ်မှာ လူတွေစနေခဲ့တာက နှစ်ပေါင်း တစ်သောင်းကျော်ကနေစတယ်လို့ တနေ့ကပဲ ဖေ့စ်ဘွတ်မှာ ရေးလိုက်သေးတယ်။ ဘုရင်တွေခေတ်နဲ့ ကိုလိုနီခေတ်အပြီး၊ လွတ်လပ်ရေးရတဲ့နောက်မှာ ၁၄ နှစ်တည်းသာ အရပ်သား အုပ်ချုပ်ရေးရှိခဲ့တယ်။ ၁၉၆၂ ကနေ ကနေ့အထိ စစ်ယူနီဖေါင်းနဲ့ ယူနီဖေါင်းချွတ်စစ်ဗိုလ်ချုပ်တွေကပဲ ဆက်လက် ကြီးစိုးထားပါတယ်လို့ လူသန်း (၅ဝ) ကျော်တို့ရဲ့ နှစ်ပေါင်း (၅ဝ) ကျော်ခံစားခဲ့ရတဲ့ ဒုက္ခသုက္ခတွေကို စာတကြောင်းထဲနဲ့ ပြောလိုက်ရတော့ ရင်ထဲမှာမချိတင်ကဲဖြစ်ရပါတယ်။
ကျနော်ပြောမှာကို (ဗားမား) လို့သာ ခေါင်းစဉ်တပ်ထားတယ်။ တိုင်းပြည်နာမည် (မြန်မာ) လို့ အင်္ဂလိပ်စာလုံးပေါင်း ပြောင်းသွားတာလည်း မဖြစ်မနေပြောရတယ်။ မေးခွန်းချိန်မှာတော့ အဲတာကိုစမေးတယ်။ ဘာလို့ပြောင်းတာလည်းတဲ့။ ပြောင်းတဲ့သူကသာ အမှန်ကိုဖြေနိုင်မယ်ဆိုတဲ့အဖြေမျိုးဟာ ဒီနေရာမှာတော့ အံမဝင်ပါ။ ကာယကံရှင်တွေက အမှန် ပြောကြမှာမဟုတ်မှန်း သိပါတယ်။ (ဗားမား) သမိုင်းထဲက အမှားတွေအဆိုးတွေနဲ့ သူတို့တတွေနဲ့ မဆိုင်ဘူးလို့ နှောင်းလူတွေကို ထင်စေဘို့ဖြစ်မယ်လို့ ဖြေခဲ့ပါတယ်။ Anything is better than lies and deceit! မုသားနဲ့ လှည့်ဖြားမှုထက်တော့ ဘယ်ဟာမဆို ပိုကောင်းတယ်လို့ပြောတဲ့ (လီယိုတော်လစထွိုင်း) ကို သူတို့အမေရိကန်တွေက သိချင်မှသိကြမှာပါ။
ကျနော်က Myanmar လို့ရေးတာကို ဘယ်သူမှ (မြန်မာ) လို့ အသံမထွက်နိုင်ကြဘူးမဟုတ်လားလို့ ပြောပြတော့ စာသင်ခန်းတခုလုံးက ရယ်ကြတယ်။
ဟိုတနေ့ကပဲ ရေးထားသလိုပါပဲ။ (ရိုဟင်ဂျာ) စကားလုံးက မြန်မာပြည်မှာသာ မပြောရမသုံးရပေမယ့် အပြင်မှာက ပေါ်ပြူလာဖြစ်လို့ မေးခွန်းထဲမှာပါလာတယ်။ အတိုချုပ်သာရှင်းပြနိုင်ပါတယ်။ အဲဒီပြဿနာဟာ ကံမကောင်းစရာတခုပါလို့ သူတို့အသုံးမျိုးနဲ့ ဖြေရပါတယ်။ မေးတဲ့ကျောင်းသား ရုပ်ရည်ကိုကြည့်ရင် သူဘယ်ဘာသာကို ကိုးကွယ်လည်း မေးနေစရာ မလိုပါ။
မြန်မာ့ယဉ်ကျေးမှုအပိုင်းကို ကျောင်းသားတွေက အတော်စိတ်ဝင်စားကြတယ်။ မြန်မာ့အစားအစာပုံတွေကိုပြတော့ သွားရည်ကျကြပုံရတယ်။ စာသင်ချိန်ကလည်း ညနေ ၇ နာရီခွဲမှာပါ။ ဝတ်စုံကိုယ်စီနဲ့ တိုင်းရင်းသားလူမျိုးစုံပုံတွေကလည်း သူတို့မျက်စိတွေကို ဖမ်းစားလိုက်တယ်။ ကယား (ကရင်နီ) အမျိုးသမီးတွေ လည်ပင်းမှာကြေးပတ်ထားတဲ့ပုံကိုတော့ တခြားပုံတွေထက် ၁ဝ စက္ကန့်လောက်ပိုကြာကြာပြလိုက်ပါတယ်
အင်ဒီယာနာပြည်နယ်ဟာ ခရစ်ယန်ဘာသာမှာ အစဉ်အလာစွဲရှိတယ်။ (လစ်ဘရယ်) သိပ်မဖြစ်ပါ။ ထိန်းသိမ်းမှုရှိကြတယ်။ မြန်မာပြည်က လူများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအကြောင်းနဲ့ မိတ်ဆက်ပေးတော့ မေးခွန်း ၂ ခု ထွက်လာပါတယ်။ မိသားစုတိုင်းမှာ သားယောက်ျားလေးတွေကို ရှင်ပြုတဲ့အလေ့အထကိုရှင်းပြတော့ မေးတဲ့သူကကျောင်းသူမို့ သမီးမိန်းကလေးတွေတွေကိုလည်း ရှင်ပြုပွဲမှာ ရွှေအပ်နဲ့နားထွင်းတာကိုပါ ထည့်ပြောလိုက်ပါတယ်။
ရှေ့ဆုံးတန်းကျောင်းသားက ဘုန်းကြီးတွေက ဘာလုပ်ကြသလည်းတဲ့။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၅ဝ ကျော်က ဘုရားဟော တရားတော်တွေဟာ စာအုပ်တွေမပေါ်ခင်၊ ကွန်ပြူတာတွေမပေါ်ခင်ကတည်းကမို့ ကနေ့အထိဆက်ရှိနေဘို့ရာ ဘုန်းကြီးရဟန်းတွေက တရားစာတွေသင်ယူပြီး၊ လက်ဆင့်ကမ်း သယ်ပေးနေကြတယ်။ သာရေးနာရေးတာဝန်တွေလည်း ဆောင်ရွက်ပေးကြတယ်။ ဒါ့ပြင် (မယ်ဒီတေးရှင်း) လုပ်ကြတယ်။ လူတွေကိုပါ တရားထိုင်နည်းသင်ပြပေးကြတယ်လို့ ဖြေရပါတယ်။ သူတို့တတွေကို မြန်မာပြည်မှာ ဘာသာတရားတွေကို အလွဲသုံးနေကြတဲ့ နောက်ထပ်ကံမကောင်းမှုကိုတော့ နားလည်ကြမှာမဟုတ်လို့ စကားမစခဲ့ပါ။
မြန်မာ့သနပ်ခါး ပါးကွက်ကြားနဲ့ ပန်းတွေပန်ထားတဲ့ ကလေးမလေးပုံကတော့ ဆွဲဆောင်မှုအကောင်းဖြစ်ပါတယ်။ သနပ်ခါးဆိုတာ ပူခြောက်တဲ့အရပ်မှာ ပေါက်တဲ့အပင်။ အကိုင်း၊ ပင်စည်နဲ့ တချို့အမျိုးအစားတွေက အခေါက်ကို ယူရတယ်။ ကျောက်ပြင်မှာ ရေနဲ့သွေးရတယ်။ ပျိုပျိုအိုအိုလိမ်းကြတယ်။ သဘာဝအလှအပသုံးဖြစ်တယ်။ ဒါကြောင့် မြန်မာအမျိုးသမီးကြီးငယ်တွေဟာ အသားအရေ နူးညံ့စိုပြေကြတယ်လို့ ကြွားလုံးထုတ်လိုက်ပါတယ်။ နမူနာပြစရာ ဗမာမိန်းကလေးတော့ ခေါ်မသွားမိပါ။
ဒေါက်တာတင့်ဆွေ











