Home
မြန်မာသတင်း
ဝတ္တုယောင်တွေကို ထိတွေ့ကိုင်တွယ်နိုင်တော့မည့် နည်းပညာဖန်တီး
DVB
·
April 24, 2015
ဝတ္ထုယောင်တွေကို ထိတွေ့ကိုင်တွယ်လို့ ရတယ်ဆိုရင် ဘယ့်နှယ့်လဲ။ ယူကေအခြေစိုက် အာထရာ ဟက်ပတစ် ကုမ္ပဏီကတော့ သူတို့ရဲ့နည်းပညာဟာ သုံးစွဲသူတွေအဖို့ လေထဲမှာ မျောလွင့်နေတဲ့ ၀တ္ထုယောင်တွေရဲ့အထိအတွေ့ကို ခံစားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးဒီဇိုင်းထုတ်ထားတဲ့ ကားချပ်ကနေ ထွက်လာတဲ့ ရှုပ်ထွေးတဲ့ နှုန်းလွန် အသံလှိုင်တွေကို စုဆုံခြင်းအားဖြင့် လေထုရဲ့အနှောက်အယှက်တွေကို ထိတွေ့နိုင်ပြီး ရွေ့မျောနေတဲ့ 3D ပုံရိပ်တွေကို ဖန်တီးနိုင်ပါတယ်။ တွဲဖက်တီထွင်သူ ပါမောက္ခ ဆီရမ်ဆဗ်ရာမန်နီယန်ကတော့ စတိတ်ရှိုးတခုမှာ အသံလှိုင်းတွေ ကိုယ့်ရင်ဘက်ကို ထိမှန် တိုးဆောင့်နေသလို ခံစားရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကို အားပြင်း အသံလှိုင်းထိခတ်မှုလို့ ခေါ်ပါ တယ်။ "နိုက်ကလပ် ဒါမှမဟုတ် ရော့ခ်ဖျော်ဖြေပွဲတခုကို သွားတဲ့အခါ ကိုယ့်ရင်ဘက်ထဲမှာ ဂီတကို ခံစားရတယ်။ ဒီလိုပါပဲ။ ရင်ထဲမှာ အသံလှိုင်းက တုန်ခါနေတာကို ခံစားရမှာပါ။ ဘက်စ်သံကို မသုံးဘဲနဲ့ ကျနော်တို့က ကြိမ်နှုန်းနိမ့်တဲ့ နှုန်းလွန်အသံလှိုင်းကိုပဲ သုံးထားတာပါ။ ၄၀ ကီလိုဟာ့တ်ဇ်ပဲ ရှိတာပါ။ ဒီအသံနဲ့ ကျနော်တို့က လက်ထိပ် ဒါမှမဟုတ် လက်ဖ၀ါးကို အတိအကျ ချိန်ပြီး အသံကို ပစ်လွှတ်တဲ့အတွက် လက်ဖ၀ါးမှာ တုန်ခါမှု ခံစားရပြီး ထိတွေ့မှုနဲ့ တထပ်တည်း ခံစားရတာပါ။" တို့ထိမှုကင်းနည်းပညာက လူတွေရဲ့ကိရိယာတွေနဲ့ တုန့်ပြန်ချိတ်ဆက်ပုံကို ပြောင်းလဲ နေတုန်းမှာ ဒီအဖွဲ့က အထိအတွေ့နဲ့ တုန့်ပြန်နိုင်မယ့်စနစ်တခု လိုအပ်တယ်လို့ တွေးခဲ့ကြပါတယ်။ ထိတွေ့လို မရတဲ့ ခလုတ်တခုကို နှိပ်လိုက်တယ် ဆိုပါစို့။ နှိပ်လိုက်မိ တယ်ဆိုတာ သေချာအောင် ဘယ်လိုလုပ်မလဲ။ အာထရာ ဟက်ပတစ် ကုမ္ပဏီကတော့ သူတို့မှာ အဖြေရှိတယ်လို့ ဆိုပါတယ်။ "ကိရိယာတွေကို ထိတွေ့မှုကင်းစနစ်နည်းနဲ့ ထုတ်ရာမှာ ရည်ရွယ်ချက်တခု ရှိတယ်။ သူ့ရဲ့ ကောင်းကွက်က တုံ့ပြန်ချိတ်ဆက်မှုက ကိုယ့်အပေါ်မှာပဲ မူတည်တယ်။ မီးခလုတ်ဆီသွားပြီး ဖွင့်နေမယ့်အစား လက်ကို ဝှေ့လိုက်ရုံနဲ့ မီးပွင့်လာတာမျိုးပေါ့။ ဒီနည်းပညာက နေရာတိုင်းမှာ တွေ့နေရပြီ။ ဒီတော့ ထိတွေ့အာရုံနဲ့ တုံ့ပြန်တဲ့နည်းပညာကလည်း နေရာတကာမှာ တွင်ကျယ် လာတော့မှာပါ။" အစစ်အတိုင်း တုပထားတဲ့ ၀တ္ထုယောင်နည်းပညာဟာ ကွန်ပျူတာချိတ်ဆက်တုံ့ပြန်မှုရဲ့ မျက်နှာစာ ဖြစ်လာတော့မှာပါ။ ဒါပေမယ့် ထိတွေ့မှုအာရုံကတော့ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေ အဆင့်ရောက်ဖို့ အလှမ်းဝေးနေဦးမှာပါ။ ဒီနည်းပညာဟာ ရှေ့ပြေးအဆင့်ပဲ ရှိသေးပေမယ့် အာထရာ ဟက်ပတစ် ကုမ္ပဏီကတော့ သူတို့ရဲ့ နည်းပညာဟာ ထိတွေ့နိုင်တဲ့ သုံးဘက်မြင်ပုံရိပ်အဆင့်ကို ဦးတည်သွားမယ်လို့ မျှော်လင့် ထားပါတယ်။ [gallery ids="90356,90357,90358,90359,90360,90361,90362"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024