ခေတ်ရှေ့ပြေး မောင်းသူမဲ့ကားကို အော်ဒီကားကုမ္ပဏီ စမ်းသပ်မောင်းနှင်
DVB
·
April 23, 2015
မောင်းသူမဲ့ကားတွေကို အပြိုင်အဆိုင်ထုတ်လုပ်နေတဲ့ အော်ဒီကားကုမ္ပဏီထုတ် ခေတ်ရှေ့ပြေး ကားတစီးကို ဧပြီ ၁၀ ရက်နေ့က ဂျာမနီပို့ဆောင်ရေးဝန်ကြီးကိုင်တိုင် စမ်းသပ် မောင်းနှင်ခဲ့ပါတယ်။
ဂျာမန်ကားကုမ္ပဏီတွေအဖို့ ဒီလိုကားမျိုးတွေကို စမ်းသပ်မောင်းနှင်ရာမှာ အခက်အခဲများစွာ ရှိပါတယ်။ ဒီကားတွေမှာ တိုက်လေယာဉ်မှာ ပါတဲ့ ဆော့ဖ်ဝဲထက် ၁၀ ဆ ပိုများတာမို့ သိပ်ကို ရှုပ်ထွေးပါတယ်။ ခုလောလောဆယ်မှာ အများပိုင်ယာဉ်ကြောပေါ် စမ်းသပ်မောင်းနှင်တာကို ဂျာမန်ဥပဒေတွေက ကန့်သတ်ထားပါတယ်။
ဒါကြောင့် အမေရိကန်က ပြိုင်ဘက်ကုမ္ပဏီ ဂူးဂဲလ်အနေနဲ့ အထူးသဖြင့် တကယ့် ယာဉ်ကြောအခြေအနေကို အံကိုက်တုံ့ပြန်နိုင်တဲ့ ပရိုဂရမ်တွေနဲ့ ဆော့ဖ်ဝဲတွေ ဆန်းသစ်ပြီး ခြေတစ်လှမ်းသာသွားမှာကို ဒီက ကားကုမ္ပဏီတွေက စိုးရိမ်နေပါတယ်။ ဒီလို မောင်းသူမဲ့ကားတွေ ထွင်ဖို့က အလှမ်းဝေးတဲ့ အိပ်မက်တခုအဖြစ် ရှိခဲ့တာကြာပါပြီ။ ဒါပေမယ့် နည်းပညာရှေ့ပြေးပြီး ဘဏ္ဍာရေးတောင့်တင်းတဲ့ ဂူးဂဲလ်က ၂၀၁၂ ခုနှစ်မှာ မော်ဒယ်တခုနဲ့ မိတ်ဆက်ပေးလိုက်တဲ့အတွက် သူတို့အဖို့လည်း ဒီမော်ဒယ်ထက်မြင့်တဲ့ ကားမျိုး ထုတ်လုပ်ဖို့ တွန်းအား ဖြစ်လာပါတော့တယ်။
"အဝေးပြေးလမ်းပေါ်မှာ စမ်းသပ်မောင်းနှင်မယ်ဆိုရင် အမျိုးမျိုးသောစိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ရမှာပဲ။"လို့ အော်ဒီကားကုမ္ပဏီရဲ့ယာဉ်မောင်းသူ ထောက်ကူပဲ့ထိန်းဌာနအကြီးအကဲ ထောမတ်စ် မွယ်လာ က ဆိုပါတယ်။
"ဒီကားတွေထဲမှာ တစီးက မြန်နှုန်းကို ဦးစားပေး ထုတ်လုပ်ထားတာ။ အဝေးပြေးလမ်းမှာ အရှိန်မြှင့် မောင်းချင်ရင် အထူးသဖြင့် ဂျာမန်ကားလမ်းမတွေမှာ ကိုယ့်ရှေ့ကလာတဲ့ကားတွေ ကိုယ့်နောက်ကနေ အရှိန်မြှင့်မောင်းလာတဲ့ကားတွေကို ထောက်လှမ်းနိုင်တဲ့ နည်းပညာ လိုအပ်ပါတယ်။"
အော်တိုဘန်းလို့ခေါ်တဲ့ ကြီးမားတဲ့ ဂျာမနီယာဉ်ကြောကွန်ယက်အတွင်းမှာ မြန်နှုန်း ကန့်သတ်ချက် မရှိတဲ့အတွက် ၁ နာရီကို ကီလိုမီတာ ၁၆၀ နဲ့အထက် မောင်းလို့ရပါတယ်။ မာစီးဒီးဘန့်စ်၊ ဘီအမ်ဒဗလျူနဲ့ အော်ဒီကားကုမ္ပဏီတွေမှာ ဂျာမနီကားလမ်းတွေပေါ် မောင်းဖို့ ရှေ့ပြေး မောင်းသူမဲ့ကားတွေ အသင့်ဖြစ်နေပြီး ဆိုပေမယ့် ခရီးစဉ်ရဲ့အခက်ဆုံးအပိုင်းတခုကို တရားဝင် စမ်းသပ်နိုင်စွမ်းတော့ မရှိသေးပါဘူး။ အဲဒါကတော့ အာရုံထွေပြားနေတဲ့ မောင်းသူဆီကို ထိန်းချုပ်ညွှန်ကြားမှုတွေ ပြန်လည် ပေးပို့ခြင်းပဲ ဖြစ်ပါတယ်။
"A9 မော်တော်ကားလမ်းပေါ်မှာ ဒစ်ဂျစ်တယ်ခြေရာခံစနစ်ကို စမ်းသပ်ဖို့ ပြင်နေပါပြီ။ နောင်အနာဂတ်မှာ ဂျာမနီရဲ့ တကယ့်ကားလမ်းတွေပေါ်မှာ မောင်းနိုင်အောင် အက်ပလီကေးရှင်း တွေကို စမ်းသပ် ဖို့ပါ"လို့ ပို့ဆောင်ရေးဝန်ကြီး အလက်ဇန်းဒါးဒေါ့ဘရင့်ထ် က အော်ဒီကားကုမ္ပဏီရဲ့ ရုံးချုပ်မှာ သတင်းထောက်များနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
"ကျနော်တို့က စက်တင်ဘာလမှာ လာမယ့်အနာဂတ်အတွက် တစိတ်တပိုင်းမောင်းသူမဲ့ ကားရော အလုံးစုံ မောင်းသူမဲ့ကားတွေပါ ခွင့်ပြုပေးနိုင်မယ့် ဥပဒေတရပ် တင်သွင်းပါမယ်"လို့ ဒေါ့ဘရင့်ထ် က ဆိုပါတယ်။
ဂျာမနီနိုင်ငံမှာ အများသုံးလမ်းမတွေပေါ် စမ်းသပ်မောင်းနှင်နေစဉ်မှာ ဒရိုင်ဘာတွေကို အာရုံပျက်ပြားစေတဲ့ အပြုအမူတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။ ဥပမာ သွားနေတဲ့ ကားပေါ်ကနေ အီးမေးလ်ပို့တာမျိုးပါ။
ယာဉ်မောင်သူရဲ့ခွင့်ပြုချက်မယူဘဲ ၀င်ရောက်စွက်ဖက်တဲ့ အန္တရာယ် ကင်းရှင်းရေးစနစ်တွေကနေ ခရီးသည်တင်ကားတွေမှာ အလိုအလျောက်မောင်းနှင်တဲ့စနစ် စတင်ခဲ့တာလို့ ဘော့စ်ခ်ကား ကုမ္ပဏီက ဆိုပါတယ်။
ဥပမာ ၁၉၇၈ ခုနှစ်မှာ စတင်အသုံးပြုခဲ့တဲ့ ရုတ်ခြည်းရပ်တန့်သွားတဲ့ထိ ဘရိတ် အုပ်လို့ မရအောင် ထိန်းချုပ်တဲ့စနစ်နဲ့ ၁၉၈၆ မှာ စတင်ခဲ့တဲ့ ကုပ်အားထိန်းစနစ် တို့ပဲ ဖြစ်ပါတယ်။
ဒီစနစ် တွေပေါ်လာပြီးနောက်ပိုင်း ရှိန်းနှုန်းထိန်းစနစ်၊ အရေးပေါ်ဘရိတ်အုပ်နိုင်ချေကို ခန့်မှန်းတဲ့ စနစ်၊ ၁ လမ်းမောင်းယာဉ်ကြောင်းစနစ်နဲ့ အလိုအလျောက် ကားပါကင် ထောက်ကူစနစ်တို့ ပေါ်ပေါက်လာခဲ့ပါတယ်။
[gallery ids="90326,90327,90328,90329,90330,90331,90332"]