Home
မြန်မာသတင်း
ကိုးကန့်တိုက်ပွဲတွင် မြန်မာအစိုးရတပ်က ၁၂၆ ဦးသေဆုံး
DVB
·
April 20, 2015
ကိုးကန့်စစ်ပွဲအတွင်း မြန်မာအစိုးရ တပ်မတော်ဘက်က သေဆုံးသူ ပေါင်း ၁၂၆ ဦးရှိပြီး ဒဏ်ရာရသူပေါင်း ၃၅၉ ဦးထိရှိသွားပြီလို့ မြန်မာအစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ မြန်မာတပ်မတော်နဲ့ ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် (အမ်အန်ဒီအေအေ) ကိုးကန့်တပ်တွေအကြား တိုက်ပွဲတွေစဖြစ်တဲ့ ဖေဖော်ဝါရီ ၉ ရက်ကနေ ဧပြီ ၁၆ ရက်ထိ တိုက်ပွဲပေါင်း ၂၅၃ ကြိမ်ဖြစ်ပွားခဲ့ရာမှာ ကိုးကန့်အလောင်း ၇၄ လောင်းရပြီး ဖမ်းမိအလင်းဝင်သူ ၂၂ ဦးရှိတယ်လို့ အစိုးရက သတင်းထုတ်ထားပါတယ်။ အမ်အန်ဒီအေအေ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကလည်း ကိုးကန့်ဘက်က ထိခိုက် သေဆုံးသူ ၇၀ ခန့်ရှိတဲ့အကြောင်းနဲ့ အစိုးရတပ်မတော်ဘက်က သေဆုံးဒဏ်ရာရသူ အရေအတွက်က အစိုးရသတင်းထုတ်ပြန်ချက်ထက် ပိုများတယ်လို့ပြောပါတယ်။ ရခိုင်တပ်မတော် (အေအေ)ကတော့ ကိုးကန့်တိုက်ပွဲမှာ ရခိုင်တပ်သား သေဆုံးသူမရှိဘဲ ၇ ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။ လောက်ကိုင်တိုက်ပွဲအစပိုင်းကာလက မြို့တွင်းတိုက်ပွဲတွေအကြား အရပ်သားတွေသေဆုံးသူ အများအပြားရှိတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အရပ်သားသေဆုံးသူ အရေအတွက် ဘယ်လောက်ထိရှိ တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် မြန်မာအစိုးရတပ်တွေက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ရာမှာ ချတဲ့ဗုံး တရုတ်နယ်မြေထဲကျပြီး တရုတ်ရွာသား ၅ ဦးသေဆုံးခဲ့ရလို့ မြန်မာအစိုးရက လျော်ကြေးပေး တောင်းပန်ခဲ့ ရပါတယ်။ လက်ရှိအချိန်မှာတော့ ကိုးကန့်ဒေသက စစ်ရေးအရ အရေးပါတဲ့ နေရာတွေအားလုံးကို အစိုးရတပ်တွေက ထိမ်းချုပ်ထားနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းနဲ့ လောက်ကိုင်-ချင်းရွှေဟော် ကားလမ်း၊ ပါစင်ကျော်နဲ့ ဘီပီ ၁၃၇ အကြားလမ်းတွေမှာ ကန့်လက် ဖြတ်မြေ ကျင်းကြီးတွေ တူးမြုပ်ထားတဲ့ တင့်ကားထောင်မြေမြှုပ်မိုင်းတွေကို ရှင်းလင်းနိုင်ပြီလို့ အစိုးရပိုင် မီဒီယာတွေမှာ ရေးပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ စနေနေ့ကမှ လားရှိုးနဲ့ ပြင်ဦးလွင်တပ်နယ်က တပ်မတော်ဆေးရုံတွေဆီ သွားရောက်ကာ လောက်ကိုင်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ ဆေးကုသမှုခံယူနေတဲ့ အရာရှိ၊ စစ်သည်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024