Home
ဆောင်းပါး
စာနယ်ဇင်းနှင့် စစ်တပ်
DVB
·
April 20, 2015
စစ်တပ်နဲ့ စာနယ်ဇင်းများအကြား ဆက်ဆံမှုမှာ အနေအထားအရကိုက တရင်းတနှီး ဖြစ်စရာ ဝေးလွန်းလှသည်။ စစ်တပ်သည် တိုင်းပြည်ကာကွယ်ရေးနဲ့ ရပ်ရွာအေးချမ်းရေးအတွက် အလုပ်လုပ်နေရသည် ဖြစ်သောကြောင့် မီဒီယာများနဲ့ ဆက်စပ်နေစရာ အကြောင်း သိပ်မရှိလှပေ။ ၁၉၄၈ လွတ်လပ်ရေးရပြီးသည့်နောက် ပြည်တွင်းစစ်ကာလတွင်လည်း လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို စစ်တပ်က တိုက်နေရသလို မီဒီယာများ အာရုံကျနေသည်မှာလည်း ဖဆပလနဲ့ မြို့ပြများတွင်သာ ဖြစ်သောကြောင့် စစ်မြေပြင်လိုက်ပြီး သတင်းယူခွင့်လည်း မပေး၊ ယူစရာအကြောင်းလည်း မရှိပေ။ စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်အုပ်ချုပ်ရေးနဲ့ စီးပွားရေးကို  လွှမ်းမိုးချုပ်ကိုင်ခဲ့ရာတွင် စစ်တပ်နဲ့ မီဒီယာထိတွေ့ခွင့် အခွင့်အလမ်းများ ရှိလာ ပါသည်။  သို့သော် မီဒီယာလွတ်လပ်ခွင့်ကို လုံးဝ ဖျက်သိမ်းခံလိုက်ရသဖြင့်  ပုဂ္ဂလိက မီဒီယာများ မရှိပဲ စစ်တပ်၏ သတင်းများကို အစိုးရမီဒီယာများက ထုတ်ပြန်ပေးခဲ့သည်။ ထိုမီဒီယာများမှာ စစ်တပ်လက်အောက်ခံ၊ စစ်တပ်အလိုကျသတင်းများ ထုတ်ပြန်ပေးနေသော မီဒီယာ များ ဖြစ်လေသည်။ အစိုးရမှာလည်း စစ်တပ်၊ ထောင်မှူး၊ ထောင်ပိုင်၊ ထောင်ကြပ်များမှာလည်း စစ်တပ်ပင် ဖြစ်လေသည်။ အရာခံဗိုလ်ဆိုလျှင် ထောင်မှူးအဆင့်၊ ဗိုလ်မှူးကြီးဆိုလျှင် အကျဉ်းဦးစီးဌာန၏ ညွှန်ချုပ်အဖြစ်၊ ဗိုလ်မှူးဆိုလျှင် ထောင်ပိုင်စသည်ဖြင့် ရောက်သွားသလို ရဲအရာရှိများဘက်သို့လည်း စစ်တပ်ထွက်များသာ ရောက်ရှိသွားသောကြောင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားအားလုံးမှာ တမိုးလုံး ဖျောက်ဆိတ် ဖြစ်သွားလေသည်။ မီဒီယာများမှာ အထွေအထူးသတင်းလိုက်စရာ မလိုတော့ပေ။ နိုင်ငံခြားသတင်းဌာနများမှ သတင်းယူလျှင်လည်း အန်အိုင်ဘီကသာ ယူပြီး ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သားပြည်သူ့နေ့စဉ်၊ နောင် မြန်မာ့အလင်းစသော အစိုးရသတင်းစာများ ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် ဂါးဒီးယန်း(Guardian)၊ လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာ(Working People Daily) တို့ကိုသာ ထုတ်ဝေပြီး သတင်းသမား၊ မီဒီယာသမားဆိုသည်မှာ ထို အစိုးရပိုင်သတင်းစာများတွင် လုပ်ကိုင်သူများသာ မီဒီယာသမား ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်း ၅ဝ ကျော် ကြာမြင့်ခဲ့လေပြီ။ ယနေ့ ဝါရင့်သတင်းစာဆရာကြီးများဆိုသည်မှာလည်း အစိုးရပိုင် သတင်းစာများ၊ မဆလ သတင်းစာထွက်များသာ ဖြစ်လေသည်။ ဗောင်းတော်ညိတ် သတင်းစာဆရာများသာ အတွေ့အကြုံရှိသော သတင်းစာဆရာများ ဖြစ်နေသည်။ စစ်တပ်က ပေးသောသတင်း၊ အစိုးရက ရေးခိုင်းသော သတင်းကိုသာ ရေးကြရလေသည်။ နှစ်ကိုယ့်တစ်စိတ် အုပ်ချုပ်ရေးအောက်တွင် မြန်မာနိုင်ငံ၏ မီဒီယာလုပ်ငန်းမှာ ချွတ်ခြုံကျလာပါတော့သည်။ ထိုအခြေအနေမျိုးတွင် စစ်တပ် ကလည်း သူ၏ သီးသန့်သတင်းပြန်ကြားရေးကို ပြုလုပ်ခဲ့သည်။ မြဝတီ၊ ငွေတာရီလို စစ်တပ်ဝါဒ ဖြန့်ချိရေး၊ စိတ်ဓာတ် စစ်ဆင်ရေးများ လုပ်လာသည်။ ထို့ထက်မက မြဝတီရုပ်သံလိုင်းကိုလည်း လွှင့်လာ၏။ စစ်တပ်အတွက် ဝါဒဖြန့်ချိရေး လက်နက်များ ဖြစ်လာပါသည်။ စစ်တပ်သတင်းများကို ထိုစစ်တပ်ပိုင် မီဒီယာလုပ်ငန်းက ဖြန့်ချိပါသည်။ စစ်တပ်၏ မကောင်း မရေးရ၊ အကောင်းသာ ရေးရသည်။ ထို့ကြောင့် ပြည်သူလူထုမှာ အမှန်တရားကို မသိရှိကြရပေ။ ပြည်သူလူထုအဖို့ အမှောင်ဖုံးခဲ့သည်မှာ နှစ်ပေါင်း ၅ဝ ကျော် ခဲ့ပါပြီ။ ကမ္ဘာကြီးပြောင်းလဲလာသည့်အချိန်မျိုးတွင် စစ်အာဏာရှင်စနစ် ဖုံးလွှမ်းထားသောနိုင်ငံ၊ တပါတီအာဏာရှင်စနစ် အုပ်စိုးထားသော နိုင်ငံများတွင် အမှောင်ဖုံးနေခြင်းနဲ့ အမှန်တရားကို မျက်ကွယ်ပြုထားခြင်းမှာ တချို့နိုင်ငံများဆိုလျှင် ရာစုနှစ်တခုနီးပါးပင် ရောက်ရှိလာသည်ဟု ဆိုရမည် ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိကမီဒီယာများ၊ လွတ်လပ်သော စာနယ်ဇင်းသမားများနဲ့ စစ်တပ်တို့၏ ထိတွေ့မှုမှာ အလွန်ပင် ရှားရှားပါးပါး ရှိနေခဲ့သည်။ သို့သော် စစ်တပ်မှာမူ ယခင် စစ်အာဏာရှင်စနစ်အောက်က အုပ်ချုပ်ရေးပုံစံအတိုင်း ရှိနေခဲ့သည်။ ဒီမိုကရေစီ စစ်တပ်ပုံစံအတိုင်း ပြောင်းလဲလာခြင်း မရှိသေးပေ။  ထို့ကြောင့် စစ်တပ်၏ အကျင့်စရိုက်မှာ ယခင် ဖြတ်သန်းခဲ့သော စစ်အာဏာရှင်စနစ်က အကျင့်အတိုင်း ရှိနေသောကြောင့် သတင်းမီဒီယာများအပေါ် ပွင့်ပွင့်လင်းလင်း ဆက်ဆံခြင်း မရှိသေးပေ။ စစ်တပ်သတင်းယူသည်ကအစ မိမိတို့ အတွင်းရေးများကို ဖော်ထုတ်နိုင်သည်။ စစ်တပ်၏ လျှို့ဝှက်ချက်များကို ဖွင့်ချနိုင်သည်ဟု မျက်မှန်စိမ်း တပ်ကာ အမြင်စောင်းနေပါတော့သည်။ ထိုအခြေအနေများမှာ ပြောင်းလဲလာသော ၄ နှစ်တာ ကာလအတွင်း မီဒီယာများမှာ ပြောင်းလဲမှုမရှိပဲ ခြိမ်းခြောက်ခံနေရခြင်း ဖြစ်သည်။ ပထမဆုံး မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ပြီး စစ်တပ်အတွင်းရေးများကို မီဒီယာက နှိုက်ထုတ်သည်ဟု ယူဆကာ မီဒီယာလောကတွင် အပြင်းထန်ဆုံးပြစ်ဒဏ်ကို စတင်ခဲ့သည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ တစုံတရာ နားလည်မှုလွဲလျှင်လည်း လွဲနိုင်သော ယူနတီဂျာနယ်ကို အရေးယူလိုက်ခြင်းမှာ ဒီမိုကရေစီကို ကာကွယ်မည်ဆိုသော စစ်တပ်၏ မျက်နှာကို အိုးမည်းသုတ်လိုက်ခြင်း ဖြစ်ပါသည်။ စက်ရုံတရုံကို ဓာတုလက်နက် ထုတ်လုပ်သော စက်ရုံဟု ဆိုကာ ဝင်ရောက် သတင်းယူခြင်းကြောင့် အရေးယူလိုက်ခြင်း ဖြစ်ပါသည်။ ခေတ်အဆက်ဆက် သတင်းယူရုံ၊ သတင်းထောက်ရုံဖြင့် နှစ်ရှည် ထောင်ကျခံရသည်မှာ စာနယ်ဇင်းသမိုင်းတွင် ယခု ယူနတီဂျာနယ်မှာ အပြင်းထန်ဆုံး ဖြစ်လေသည်။ ယူနတီအယ်ဒီတာချုပ် အပါအဝင် အပြစ် ရှိသည်ဆိုသူများကို ထောင်ဒဏ် ၁ဝ နှစ်စီ ပြစ်ဒဏ် ပေးလိုက်လေသည်။ နောင်အယူခံတွင် ၃ နှစ် ထပ်လျော့၍ ၇ နှစ် ပြစ်ဒဏ်တည်သော်လည်း ပထမတရားရုံးက ၁ဝ နှစ် ပေးလိုက်သည့်အတွက် စာနယ်ဇင်းသမားများအတွက် မကြုံဖူးလောက်သည့် ပြစ်ဒဏ်ဟု ဆိုရပေမည်။ ပုဂ္ဂလိက စာနယ်ဇင်းလောက ဖြစ်ပေါ်သည်မှာ ၃ နှစ်ကျော်ကာလတွင် ယူနတီဂျာနယ်ကို ပြစ်ဒဏ်ပေးလိုက်သည့်အချိန်မှာ ၁ နှစ်ကျော် ကာလတွင် ဖြစ်ပါသည်။ အကျင့်စရိုက် မပြောင်းသေးသော တပ်မတော်မှာ မီဒီယာကို ထိုသို့ ပြင်းပြင်းထန်ထန် ပြစ်ဒဏ် ပေးလိုက်လေသည်။ ထောင်ဒဏ် ၁ဝ နှစ်မှာ အလွန်ကြီးလေးသော ပြစ်ဒဏ်ဟုဆိုပြီး  မီဒီယာသမားများ ရင်တထိတ်ထိတ်ဖြစ်ရင်း ရှင်သန်နေသောကာလတွင် စစ်တပ်က မီဒီယာ သမားများကို ပညာပေးလိုက်ပြန်ပါသည်။ ထိုသည်မှာ သတင်းထောက် ကိုပါကြီးကို ပစ်သတ် လိုက်ခြင်း ဖြစ်ပါသည်။ သတင်းထောက် ကိုပါကြီးသည် အလွတ်တန်းသတင်းထောက် ခေါ် Free Lance Reporter ဖြစ်ပါသည်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတုန်းကလည်း ပါဝင်ပတ်သက်ခဲ့သူ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးအဖြစ်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်သောသတင်း၊ နယ်သတင်းများကို ပေးပို့တတ်သူ ဖြစ်သည်။ သူ့ကို လက်နက်ကိုင်အဖွဲ့တခုနဲ့ ပတ်သတ်၍ ဖမ်းသည်ဟု စစ်တပ်က ပြောကြားသည်။ ကိုပါကြီးအား ဖမ်းထားစဉ် စစ်တပ်အချုပ်ထဲမှ ဖောက်ထွက်ကာ အစောင့် စစ်သား၏ သေနတ်ကိုပါ လုယူသွားသောကြောင့် သူ့ကို ပစ်သတ်လိုက်ရသည်ဟု ဆိုသည်။ လုယူ ထွက်ပြေးသွား၍ ပစ်သတ်သည်ဆိုလျှင် သေနတ်ဒဏ်ရာမှာ အဝေးမှ ပစ်သည့် ပုံစံ ဖြစ်ရမည် ဖြစ်သော်လည်း သူ့အလောင်းကိုဖော်သည့်အခါ သေနတ်ဒဏ်ရာမှာ မေးရိုးကို ကပ်၍ ပစ်သတ်သော ဒဏ်ရာ ဖြစ်နေသည်။ ဒဏ်ရာတွင် ယမ်းများပင် ကပ်နေသလားပင် မသိပေ။ သူ့တကိုယ်လုံး၊ မျက်နှာ အပါအဝင် ဒဏ်ရာများ အများအပြား ရှိလေသည်။ ထိုကတည်းက ဖမ်း ဆီး နှိပ်စက်ခဲ့ပုံရလေသည်။ မီဒီယာသမားများအပေါ် စစ်တပ်၏ ဆက်ဆံရေးမှာ ကိုပါကြီး အသတ်ခံရသည့်အခါတွင် အဆင့်မြင့်သွားသည်ဟုပင် ဆိုရမည်။ ထောင်ဒဏ် ၁ဝ နှစ်ပင် မဟုတ်တော့ သေနတ်ဖြင့်ပင် ပစ်သတ်ခဲ့သည်အထိ ဖြစ်လာသည်။ ယခင် စစ်အစိုးရထက်ပင် ပို၍ ဆိုးလာနေသလားဟုပင် ထင်မြင်မိကြလေသည်။ မီဒီယာသမားများးကို သီးသန့် ခြိမ်းခြောက်လိုက်သည်မှာ ကချင်ပြည်နယ်တွင် ဖြစ်ပွားသော နှစ်ခြင်း ခရစ်ယာန်အသင်းမှ မိဘမဲ့ကလေးများကို ပညာသင်ကြားပေးသည့် လုပ်အားပေး ကချင်ဆရာမလေး ၂ ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုတွင် ဖြစ်ပါသည်။ ယခုအချိန်ထိလည်း တရားခံ ရှာမရသေးပေ။ ဆရာမလေး ၂ ဦးမှာ ရက်ရက်စက်စက်၊ ရမ်းရမ်းကားကားပင် အသတ်ခံလိုက်ရ၏။ အလွန်ကို ဆိုးဝါး ရက်စက်သော လူသတ်ပွဲဖြစ်သော ကြောင့် ဒေသခံပြည်သူများရော၊ မြန်မာနိုင်ငံတ၀ှမ်းလုံးမှ ပြည်သူများကရော အော့နှလုံး နာကြလေသည်။ အနီးအနားမှ လူများက သူတို့ထင်မြင်ချက်ကို ပေးကြလေသည်။ ကေအိုင်အေ၊ ကေအိုင်အိုတို့ကလည်း သူတို့ မလိုသူများကို ထင်မြင်ချက် ပေးကြလေသည်။ တူမောရိုး ဂျာနယ်က ကချင်ဆရာမလေး ၂ ယောက်ကို သတ်ဖြတ်သူမှာ အနီးအနားမှာ ဖြစ်ကြောင်း၊ ယခု ကေအိုင်အေထံ သွားခိုလှုံနေကြောင်း နာမည်ပါ ရေးထားသည်။ တရားခံကား ယခုထိ ရှာမရသေးပေ။ ကေအိုင်အေကလည်း ဗမာစစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်သွားသည်ဟု ပြန်လည် စွပ်စွဲထား၏။ ရဲကလည်း အလောင်းတွင် တွေ့ရှိသော ဆံပင်ကို သက်သေခံယူကာ ဒီအန်အေ စစ်ဆေးသည်။ အရပ်သားရော၊ စစ်သားပါ ထို ဒီအန်အေစစ်ဆေးချက်တွင် ပါဝင်ခဲ့ကြသည်။ သို့သော် ယခုအထိကား တရားခံကို မဖော်ထုတ်နိုင်သေးပေ။ ထိုအခါ စစ်တပ်က ထိုအမှုတွင် စစ်တပ်ပါဝင်ပတ်သက်သည်ဟု ရေးထားသော သတင်းစာ၊ ဂျာနယ်ကို အမှုမှန် ဖော်ထုတ်နိုင်သည့်တနေ့၊ စစ်တပ်က မဟုတ်ဟု ဖော်ထုတ်နိုင်လျှင် ထိုသတင်းစာ၊ ဂျာနယ်များကို တရားစွဲမည်ဟု ကြေညာလိုက်ပါသည်။ သတင်းသမားများအနေဖြင့် ရရှိသော သတင်းများအပေါ်တွင် ဖြစ်နိုင်သော သတင်းများ၊ လူထု၏ ထင်မြင်ချက်များကိုသာ ထည့်ရေး ကြပါသည်။ မည်သူမည် ဝါ တရားခံဖြစ်ရမည်ဟု အတိအကျ ရေးသားခြင်းမရှိပါ။ သို့သော် တပ်က မီဒီယာများကို တရားစွဲ အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းမှာ မီဒီယာများအပေါ် စစ်တပ်က အာဃာတ ထားရှိနေကြောင်း ပေါ်လွင်နေပါသည်။ မီဒီယာများအပေါ် စစ်တပ်၏ အလိုမကျပုံနဲ့ ယုံကြည်မှုကင်းမဲ့သော သဘောထားမှာ လောက်ကိုင်တွင် စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းလိုက်သည့်အပေါ် ထုတ်ပြန်သော သဘောထား ဖြစ်သည်။ ဖုန်ကြားရှင်၏ ကိုးကန့်ကာကွယ်ရေးတပ်နဲ့ အစိုးရစစ်တပ်တို့ တိုက်ခိုက်နေသော စစ်ပွဲသို့ သတင်းသွားယူသော သတင်းထောက်များ စည်းကမ်းဥပဒေကို ချိုးဖောက်ပါက အနိမ့်ဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ အမြင့်ဆုံး သေဒဏ်အထိပင် ချမှတ်မည်ဟု ကြေညာထားသည်။ သတင်းသမားများ ထိုနေရာတွင် ဥပဒေချိုးဖောက်ခြင်း၊ တဖက်ရန်သူတပ်သား၊ တပ်မှူးများနဲ့ ပြောဆိုဆက်သွယ် သတင်းရရှိခြင်းသည်လည်း ပြစ်ဒဏ်တွင် အကျုံးဝင်နေလေသည်။ သတင်းသမားဆိုသည်မှာ စစ်ပွဲဖြစ်လျှင် ၂ ဖက်စလုံးမှ သတင်းများကို ခိုင်လုံစွာ ရယူရမည် ဖြစ်သည်။ စစ်ပွဲသတင်းများကို သတင်းသမားများ မေးခွင့်ရှိသင့်ပါသည်။ ဘာကြောင့် တိုက်ရသလဲ။ ဘယ်လို လက်နက်တွေ အသုံးပြုသလဲ။ စသည်ဖြင့် မေးကြရသလို တဖက် ရန်သူတပ်ကိုလည်း မေးခွင့် ရှိလေသည်။ ထိုသို့မဟုတ်လျှင် ယခင်အစိုးရတုန်းကလိုသာ ဖြစ်နေမည်။ ဒီမိုကရေစီခေတ်တွင် ထိုကဲ့သို့ အမိန့်မျိုး၊ ဥပဒေမျိုးကို မီဒီယာသမားများအား ရည်ညွှန်း၍ မကျင့်သုံးသင့်ပေ။ မည်သို့ပင်ဖြစ်စေ ယခုလို စစ်တပ်နဲ့ လွတ်လပ်သော မီဒီယာသမားများ ထိတွေ့လာသည့်အချိန်တွင် တပ်မတော်သည် လွတ်လပ်ပွင့်လင်းစွာ စာနယ်ဇင်း သမားများကို စာနာထောက်ထားစွာဖြင့် သဘောထားမှန်ရပေလိမ့်မည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024