Home
အထွေထွေ
တပြည်လုံး အပစ်ရပ်ပြီးနောက် ပူးတွဲစောင့်ကြည့်မှုတွင် ဂျပန်က ပါဝင်မည်
အေးနိုင်
·
April 17, 2015
မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ဖွဲ့စည်းမယ့် ပူးတွဲစောင့်ကြည့်ရေးကော်မတီမှာ ဂျပန်နိုင်ငံက လေ့လာသူအဖြစ် ပါဝင်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ဂျပန်နိုင်ငံ ခရီးစဉ်မှာ ပြောပါတယ်။ ဂျပန်ရောက်မြန်မာတွေနဲ့ Keio Tokyo University မှာ ဧပြီ ၁၆ ရက်နေ့က တွေ့ဆုံစဉ် ဂျပန်မှာ အနှစ် ၂၀ လောက် နေထိုင်သူလို့ မိတ်ဆက်တဲ့ မြန်မာပြည်သားတဦးက ‘ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး တပ်တွေဘာလို့ မဆုတ်ဘဲနဲ့ တိုးချတာလဲ” လို့ ဦေးအာင်မင်းကို ဦးတည် မေးမြန်းတဲ့အပေါ် ဖြေဆိုတာပါ။ ဦးအောင်မင်းက “တပ်တွေကိုမဖယ်ပေးဘဲနဲ့ ငြိမ်းချမ်းရေးလုပ်လို့ မရဘူးဆိုတာ ကျနော် လက်ခံပါတယ်။ ငြိမ်းချမ်းရေးစာချုပ်ကြီးထဲမှာ တပ်ပိုင်းဆိုင်အချက် ၄၇ ချက်ပါပါတယ်။ ၄၇ ချက်ထဲမှာ အဓိကကျတဲ့အချက်ကို ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ လက်မှတ်ထိုးပြီးတာနဲ့ ကျနော်တို့ တပ်နေရာ ရွှေ့ပြောင်းရေးတွေလုပ်ဖို့ဆိုတဲ့ အချက်တချက်ပါပါတယ်။ တပ်နေရာ တွေ ရွှေ့ပြောင်းပြီးတဲ့အခါမှာ Code of Conduct လို့ပြောတဲ့ နှစ်ဘက်တပ်များ လိုက်နာရမယ့်စည်းကမ်း ရေးဆွဲထားပြီးဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ တတိယအချက်အနေနဲ့ Joint Mornitoring Committee (ပူးတွဲစောင့်ကြည့်ရေးကော်မတီ) ဆိုပြီး ဖွဲ့စည်းမှာဖြစ်ပါတယ်။ နှစ်ဘက်တပ်များဟာ ထုတ်ထားတဲ့စည်းမျဉ်းတွေ ဥပဒေတွေ အတိုင်း လိုက်နာမှု ရှိမရှိဆိုတာကို စစ်ဆေးသွားမယ့်အဖွဲ့ဖြစ်ပါတယ်။ အဲဒီစစ်ဆေးမယ့်အဖွဲ့မှာလည်း ဂျပန်နိုင်ငံဟာ Observer (လေ့လာသူ) အဖြစ် ပါဝင်မယ်ဆိုတာကို တင်ပြချင်ပါတယ်။” ရန်ကုန်အခြေစိုက် နိုင်ငံရေးအကဲခတ် ဦးရန်မျိုးသိန်းက အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်အပြီး ဖွဲ့စည်းမယ့် ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို စောင့်ကြည့်သူတွေအဖြစ် ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ရဖို့ သင့်တယ်လို့ ပြောပါတယ်။ သူက “စောင့်ကြည့်လေ့လာရေးမှာ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကိုယ်စားလှယ်တွေပါဝင်တာ ဖြစ်သင့်သလို တဖက်က ကျနော့်အမြင်အားဖြင့်ပေါ့လေ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက အထူးသဖြင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း စောင့်ကြည့်လေ့လာရေးမှာ ပါဝင်မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့မြင်တယ်။ ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အဲလိုအဖွဲ့တွေထဲက ပြည်သူအကြားမှာလည်း  ကြားနေတယ်၊ သမာသမတ်ကျတယ်လို့ သတင်းကြီးတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း ပါဝင်သင့်တယ်။ အဲဒါမှသာလျှင် ပြည်သူလူထုရဲ့ စောင့်ကြည့်လေ့လာမှု ပုံစံမျိုးဖြစ်နိုင်မယ်ထင်တယ်။ ဥပမာ-တိုင်းရင်းသားဒေသတွေမှာဆိုရင် တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အဲဒီလိုအဖွဲ့အစည်းတွေလည်း စောင့်ကြည့်လေ့လာရေးမှာ ပါဝင်သင့်တယ်လို့မြင်တယ်” လို့ ပြောပါတယ်။ သမ္မတရုံးဝန်ကြီးလည်းဖြစ်၊ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးအောင်မင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူဟာ အစိုးရကို ကိုယ်စားပြုပြီး ဆောင်ရွက်နေတာမဟုတ်ဘူးလို့လည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဦးအောင်မင်းက “ကျနော် ဒီကနေ့ဒီအချိန်ထိ မတရားတာလုပ်ခဲ့တာ တခုမှ မရှိပါဘူး။ မျှမျှတတနဲ့ဆောင်ရွက်နေတာဖြစ်တယ်။ ကျနော် အစိုးရကိုယ်စား ဆောင်ရွက်နေတာမဟုတ်ပါဘူး။ Chief Negotiator (ကြားဝင်စေ့စပ်ညိနှိုင်းရေးအကြီးအကဲ) တယောက်အနေနဲ့ အလယ်ကနေ တည့်တည့်မတ်မတ် မှန်မှန်ကန်ကန်ရပ်တည်ပြီး ဆောင်ရွက်နေတယ်ဆိုတာလေးကို ကျနော် တင်ပြလိုပါတယ်” လို့ ပြောဆိုပါတယ်။ ဒီပြောကြားချက်နဲ့ပတ်သက်လို့ ဦးရန်မျိုးသိန်းက ၀န်ကြီး ဦးအောင်မင်းဟာ သမ္မတဖွဲ့ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး အစိုးရဘက်ကို ကိုယ်စားပြုနေတယ်လို့  သုံးသပ် ပြောဆိုပါတယ်။ သူက “အချက်အလက်တွေအရ ကြည့်မယ်ဆိုရင် ၀န်ကြီး ဦးအောင်မင်းဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့ကာလတလျှောက်မှာ အစိုးရဘက်ကို အပြည့်အ၀ ကိုယ်စားပြုပြီးတော့ ရပ်တည်ခဲ့တယ်ဆိုတာ သိသာ၊ မြင်သာပါတယ်။ ၀န်ကြီး ဦးအောင်မင်းပြောသလို သူဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ အစိုးရကို ကိုယ်စားမပြုဘူးဆိုတာ လုံးဝမဟုတ်ပါဘူး။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ ၀န်ကြီး ဦးအောင်မင်းဟာ ကြားကနေ သမာသမတ်ကျကျ ဆောင်ရွက်တယ်ဆိုတဲ့ အချက်ကိုလည်း ခိုင်လုံတယ်လို့ ပြောဖို့ခက်ပါတယ်။” ဦးအောင်မင်းသာမကဘဲ မြန်မာ့ငြိမ်းချမ်းရေးစင်တာဟာလည်း အစိုးရဘက်က ရပ်တည်ဆွေးနွေးကြတယ်လို့ သူက ဆက်ပြောပါတယ်။ “နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား ဆွေးနွေးတဲ့အခါမှာလည်း ဦးအောင်မင်းသာမက မြန်မာ့ငြိမ်းချမ်းရေးစင်တာပေါ့လေ MPC တခုလုံး အနေနဲ့ အစိုးရဘက်က ရပ်တည်ပြီးတော့ အစိုးရကိုယ်စားလှယ်အဖြစ် တွေ့ဆုံ ဆွေးနွေးခဲ့တယ်ဆိုတာကို မြန်မာပြည်သူလူထုတရပ်လုံးအနေနဲ့ အဲဒီလိုပဲ သဘောပေါက်ပါ တယ်ဗျ။ တဖက်မှာတော့ ၀န်ကြီး ဦးအောင်မင်းနဲ့ အမ်ပီစီအဖွဲ့တွေဟာ အလှူရှင်တွေနဲ့တွေ့တဲ့ အခါမှာ သူတို့ဟာ အစိုးရကို ကိုယ်စားပြုတာမဟုတ်ဘူး။ သူတို့ဟာ ကြားနေတဲ့၊ ကြားကနေ ညှိနှိုင်းပေးတဲ့ Negotiator (စေ့စပ်ညှိနှိုင်းသူ) ပုံစံမျိုး၊ အသွင်ယူပြီး ပြောဆိုတာမျိုးတွေကို တွေ့ရပါတယ်။ ဒါဟာ တကယ်တော့ ပြည်တွင်းလက်ရှိ ပကတိအနေအထားတွေနဲ့တော့ အင်မတန်မှ ကွာခြားပြီးတော့ ကြောင်းကျိုးဆီလျော်မှု မရှိဘူးလို့ မြင်ပါတယ်။” ဂျပန်နိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဓိကအလှူရှင်နိုင်ငံတခုဖြစ်ပါတယ်။ အခုတခေါက် ဦးအောင်မင်းရဲ့ ခရီးစဉ်အတွင်းမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်အပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်က မြန်မာပြည်စစ်မက်ဖြစ်ပွားရာဒေသတွေမှာ လူနေမှုအဆင့်အ တန်းမြင့်မားရေးအတွက် သုံးစွဲဖို့ အမေရိကန်ဒေါ်လာ ၈၃ သန်းခွဲနဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၁၀ ဘီလီယံထောက်ပံ့မှုအစီအစဉ်ကိုလည်း  ခရီးစဉ်အတွင်း အတည်ပြုခဲ့ပါတယ်။ ဂျပန်အစိုးရဟာ သမ္မတဦးသိန်းစိန်တက်လာပြီး ပြုပြင်ပြောင်းလဲရေးတွေ အစပြုလုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ထောက်ပံ့မှု အဖြစ် မြန်မာနိုင်ငံပေါ် တင်ရှိတဲ့ အကြွေးငွေ ဒေါ်လာသန်း ၃၄၀၀ ကို လျော်ပေးခဲ့ပါတယ်။ ၀န်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့ နိုင်ဟံသာ ဦးဆောင်တဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့ဟာ တနှစ်ကျော်ကြာပူးတွဲ ညှိနှိုင်းရေးဆွဲခဲ့တဲ့ နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောညီချက် မူကြမ်း (Singal Text) ကို သမ္မတရှေ့မှောက်မှာ မတ်လ ၃၁ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီ စာချုပ်မူကြမ်း သက်ဆိုင်ရာ ခေါင်းဆောင်တွေကို တင်ပြအဆုံးအဖြတ်ခံယူကြဖို့ရှိပြီး စာချုပ်မူကြမ်းထဲမှာ ဘာတွေ ပါတယ်ဆိုတာ လတ်တလောမှာတော့ အများပြည်သူ မသိကြသေးပါဘူး။ လာမယ့်မေလဆန်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးကို ၀ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ဆန်းမှာ ကျင်းပမှာဖြစ်ပြီး တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကိုးကန့်တပ်မတော်ကိုယ်စားလှယ်တွေ မတက်နိုင်အောင် အစိုးရဘက်က ညီလာခံ စီစဉ်သူတွေကို တိုက်တွန်းနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024