ကမ္ဘာ့ယာဉ်ကြောပိတ်ဆို့မှု အဆိုးဆုံး ဂျာကာတာ

အာဆီယံဒေသတွင်း အကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာဟာ ကမ္ဘာ့ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးနိုင်ငံအဖြစ် ကတ်စထရို(Castrol) ကားချောဆီထုတ်လုပ်မှု လုပ်ငန်းက လေ့လာတဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ မြို့တော် ဂျကာတာနဲ့ ပတ်ဝန်းကျင် ၄ မြို့ပါတဲ့ မြို့ပြဒေသမှာ လူဦးရေ ၂၇ သန်း နေထိုင်ပြီး လူ ၁.၂ သန်းက နေ့တိုင်း လမ်းပေါ် သွားလာကြတယ်လို့ ဂျကာတာခရိုင် အစိုးရရဲ့ သတင်းအချက်အလက်တွေက ပြသထားပါတယ်။ ကတ်စထရိုက ဒီနှစ် ဖြန့်ချိတဲ့ လေ့လာချက်ထဲမှာ ဂျကာတာမြို့အတွင်း ပုံမှန် ကားမောင်းသူ ၁ ဦးဟာ ၁ နှစ်အတွင်း အကြိမ်ရေ ၃၃၂၄၀ ကြိမ် ရပ်ခဲ့ရပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ထက် အကြိမ်ရေ ၂ ဆ ရှိတယ်။ စစ်တမ်းကောက်မှု ၇၈ မြို့ထဲမှာ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြို့တွင်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ညံ့ဖျင်းလို့ လမ်းသုံးသူ အများအပြားက ကိုယ်ပိုင်ကားတွေနဲ့ သွားခဲ့ရတာပါ။ ခုတော့ ဂျကာတာ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ချိတ်ဆက်ထားပြီး ၁၅ မိုင်ခွဲ ရှည်တဲ့ မြေအောက် အမြန်သယ်ယူပို့ဆောင်ရေး အမ်အာရ်တီစနစ်သစ်ကို ၂၀၁၈ ခုနှစ်မှာ ဖွင့်လှစ်တော့မှာမို့ မျှော်လင့်ချက် ရှိလာပါပြီ။ ၅၄ မိုင် ရှည်ပြီး ဂျကာတာရဲ့ အရှေ့နဲ့အနောက်ကို ချိတ်ဆက်ပေးမယ့် ဒုတိယ အမ်အာရ်တီလိုင်းကိုတော့ ၂၀၂၅ ခုနှစ်မှာ အပြီးသတ်ဖို့ မျှော်လင့်ထားပါတယ်။ အယ်လ်အာရ်တီ မီးရထားစနစ်ကိုတော့ ၂ နှစ်အတွင်း အပြီးသတ် တည် ဆောက် ပြီးစီးမယ့် အလားအလာ ရှိပြီး စုပေါင်းဖွဲ့စည်းထားတဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ကွန်ရက်ကို ဖွဲ့စည်းမှာလည်း ဖြစ်ပါတယ်။ အကဲခတ်တဦးက ဂျကာတာမြို့ရဲ့ လမ်းတွေ ပိတ်နေတာကို ပြန်ဖွင့်ဖို့ကတော့ ဒီထက် အချိန်ယူရနိုင်တယ်လို့ ပြောပြီး ဒီလိုလုပ်ဖို့ ဂျကာတာ အစိုးရနဲ့ ပတ်ဝန်းကျင်မြို့တွေက မြို့တော်ဝန်တွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်ရမယ့် ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် ဖြစ်တယ်လို့ ပြောပါတယ်။ မြို့တွင်း ယာဉ်အသွားအလာ အများဆုံးအချိန်တွေမှာ ခရီးသည် ၃ ယောက် ထက် နည်းတဲ့ ကားတွေကို မြို့တွင်းကို ဝင်ခွင့်မပေးတဲ့စနစ်ကို ကျန်ခဲ့တဲ့နှစ်တွေက ကျင့်သုံးခဲ့ပေမယ့် ယာဉ်ကြော ပိတ်ဆို့မှုအပေါ် သက်ရောက်မှု နည်းနည်းပဲ ရှိခဲ့ပါတယ်။ ကားလိုင်စင်ပြားတွေကို အလှည့်ကျ ခွင့်ပြုတာနဲ့ လမ်းသုံးသူတွေကို ငွေကောက်တာ စတဲ့ တခြား ယာဉ်ကြောထိန်းချုပ်မှု လုပ်ဆောင်ချက်တွေကိုလည်း မကြာခင် လုပ်သွားမယ်လို့ ဒေသခံအစိုးရတွေက ပြောပါတယ်။ ၁၀ နှစ်အတွင်း လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု ၃၀ ရာခိုင်နှုန်းအထိ လျော့ချဖို့ ပန်းတိုင်ကို သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အာဆီယံရဲ့ ကားဈေးကွက်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ လူစည်ကားမှု လျော့ချဖို့ဆိုတာက အာဏာပိုင်တွေအတွက် စိန်ခေါ်မှု ဖြစ်လာလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="89772,89773,89774,89775,89776"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up