Home
ဆောင်းပါး
လူတိုင်းသောက်သင့်တဲ့ မိုးချိုရေတပေါက် (၀ါ) တနိုင်အာဏာဖီဆန်ရေး
DVB
·
April 17, 2015
ကျနော်အတွက်တော့ စနေနဲ့ တနင်္ဂနွေရက်များမှ အေးအေးဆေးဆေး စာဖတ်ခွင့်ရလေ့ ရှိ၏။ ကြားရက်များတွင်မူ ရုံးကိစ္စများဖြင့် ပိနေသောကြောင့် ဖြစ်၏။ ဒီ ၁ ပတ် အားလပ်ရက်တွင် ကောက်ဖတ်ဖြစ်သောစာအုပ်မှာ Craw Shaw & Jackson တို့ ရေးသားသည့် “Small Acts of Resistance”လို့ အမည်ရှိသည့်စာအုပ် ဖြစ်သည်။ တနိုင်အာဏာဖီဆန်ရေးဟု မြန်မာပြန်လို၏။ ဒီနေရာမှာ ဆိုထားသည့် အာဏာဆိုသည်မှာ အများပြည်သူ အလိုမတူသည့် မတရားသော အမိန့်အာဏာကို ဆိုလို၏။ ထိုစာအုပ်၏ အဖွင့်စာမျက်နှာတွင် ချက်သမ္မတဟောင်းဖြစ်သူ ဗားကလပ်ဟာဘဲလ်၏ အာဏာမဲ့သူတို့၏ အာဏာအကြောင်း စကားချီးဖြင့် စတင်ထား၏။ လူတဦးချင်းစီက မိမိဝန်းကျင် တွင် ဖြစ်ပျက်နေသော မတရားမှုနဲ့ ဖုံးကွယ်လိမ်ညာမှုများကို အမှန်တရားဖြင့် နေထိုင်လိုစိတ်နဲ့ အာခံ ဆန့်ကျင်မှုများသည် တွက်ချက်၍ မရနိုင်သော အကျိုးကျေးဇူးများ ဖြစ်ပွားတတ်ကြောင်း ပြောထား၏။ ၁၉၈၉ ခုနှစ်ကုန်ပိုင်းတွင် တကမ္ဘာလုံးအံ့အားသင့်ရလောက်အောင် ဖြစ်ပွားခဲ့သည့် အရှေ့ ဥရောပတခွင်လုံး၏ ပြောင်းလဲမှုကြီးသည် သာမန်ပြည်သူလူထုထဲမှ တဦးချင်းစီ၏ မတရားမှုအပေါ် တနိုင်အာဏာဖီဆန်ခဲ့ခြင်းများ၏ စုပေါင်း အကျိုးရလဒ်ဖြစ်သည်ဟုလည်း ဆိုထား၏။ ထိုစာအုပ်ထဲတွင် ကမ္ဘာအရပ်ရပ်ရှိ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်များ၊ သက်ဦးဆံပိုင် ပဒေသရာဇ်များ၏ ဖိနှိပ်မှုအမျိုးမျိုးကို ပြည်သူပြည်သားတို့မှ ရရာနည်းလမ်းမျိုးစုံဖြင့် ရဲဝံ့ ပြောင်မြောက်စွာ အာဏာဖီဆန်ကြသည့်ဖြစ်ရပ်များစွာကို ဖော်ပြထား၏။ အဆိုပါ ဖြစ်ရပ်များထဲမှ အချို့ကို အောက်ပါအတိုင်း ဆီလျော်အောင် ကောက်နုတ် ဖော်ပြလိုက်ပါ၏။ လမ်းလျှောက်ကောင်းတဲ့ ပိုလန်သားများ ၁၉၈၀ ပြည့်နှစ်ဝန်းကျင် ပိုလန်နိုင်ငံတွင် ကွန်မြူနစ်အစိုးရ အုပ်စိုးနေသောကာလ ဖြစ်၏။ သင်္ဘောကျင်း အလုပ်သမားများ ဆန္ဒပြမှုကို လက်နက်ဖြင့် အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းပြီးနောက် သတင်းအမှောင်ချ၍ လူထုအား နားပိတ်မျက်စိပိတ်အောင် လုပ်ထားသော ကာလ ဖြစ်၏။ အစိုးရ၏ ညနေပိုင်း ၇ နာရီခွဲ သတင်းကို နားမထောင်လိုသော ပြည်သူများက “ TV – goes – for – a – walk ” သတင်းအတွက် လမ်းလျှောက်ထွက်ခြင်း သပိတ်ဆင်နွှဲကြ၏။ ညနေချမ်းသတင်း ကြေညာချိန် ၇ နာရီခွဲ တွင် ပိုလန်သားတို့ လမ်းလျှောက်ထွက်ကြ၏။ ထိုအခါ ကွန်မြူနစ်အစိုးရက Curfew (နေ၀င်မီးငြိမ်း အပြင်မထွက်ရအမိန့်) ကို ည ၁၀ နာရီထားရာမှ ည ၇ နာရီထိ ဆွဲဆန့်ခဲ့၏။ ဤတွင် ပိုလန်သားတို့ လမ်းလျှောက်ချိန်မှာ ညနေ ၅ နာရီ သတင်းကြေညာချိန်ဖြစ်တော့၏။ သီချင်းဆိုကောင်းတဲ့ ဥရုဂွေးသားများ ၁၉၇၃ ခုနှစ်မှ စ၍ စစ်အာဏာရှင်တို့ ဥရုဂွေးနိုင်ငံကို ဗိုလ်ကျစိုးမိုးခဲ့၏။ ပြည်သူ အထောင်အသောင်းတို့ တိုင်းတပါးသို့ ထွက်ပြေးကြရ၏။ အတိုက်အခံတို့အား ထောင်သွင်း အကျဉ်းချ၍ ရက်စက်စွာ သတ်ဖြတ်နှိပ်စက်ခဲ့၏။ နေရာတိုင်းတွင် ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေ၏။ တိုင်းပြည်ကို လက်နက်ဖြင့် ငြိမ်ဝပ်ပိပြားအောင် ဇွတ်ပုံသွင်းထားခဲ့၏။ စစ်အုပ်ချုပ်မှု ၁၂ နှစ် ကြာပြီးနောက် တခုသောဘောလုံးပွဲတွင် အံ့အားသင့်စရာ အဖြစ်ပျက် တခုဖြစ်ခဲ့၏။ ထုံးစံအရ အထူးဘောလုံးပွဲမစမီ နိုင်ငံတော်သီချင်းကို ဆိုကြရ၏ ။ ထိုနေ့က ဥရုဂွေး သားတို့သည် နိုင်ငံတော်သီချင်းကို ပထမပိုင်းတွင် စိတ်မပါဘဲ သီဆိုနေရင်း “ဖိနှိပ်သူတို့ကျဆုံးပါစေ” ဟူသော စာသားအရောက်တွင် ဥရုဂွေးသားတို့ မတိုင်ပင်ရဘဲ တညီတညာတည်း ကျယ်လောင်စွာ သံပြိုင်သီဆိုခဲ့ကြ၏။ အလံများကိုလည်း ၀မ်းသာအားရ ဝှေ့ယမ်း ခဲ့ကြ၏။ စစ်အစိုးရ မည်သို့မျှမတတ်နိုင်။ ဘောလုံးကွင်းပြည့် လူထုကြီးကိုလည်း ဖမ်း၍ မဖြစ်နိုင်ခဲ့။ နိုင်ငံတော်သီချင်းထဲမှ ထိုစာသားကို စစ်အစိုးရမှ ဖြုတ်ထုတ်ရန် ကြိုးစားခဲ့သေး၏။ သို့သော် ပို၍ အရှက်ရစရာသာကြုံခဲ့၏။ နောက်ဆုံးတွင် ဥရုဂွေးနိုင်ငံ စစ်အာဏာရှင်တို့ ၁၉၈၅ ခုနှစ်တွင် ကျဆုံးခဲ့ရ၏ ။ လူရွေးတင်တဲ့ အီရန်က တက္ကစီသမားများ ၁၉၇၉ ခုနှစ်မှ စတင်၍ အီရန်နိုင်ငံတွင် နိုင်ငံရေးအာဏာကို အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ လွှမ်းမိုးထားခဲ့၏။ ချုပ်ချယ်လွန်းပြီး ရှေးရိုးစွဲကြီးမားသည့် ဘာသာရေး ခေါင်းဆောင်များကို လွတ်လပ်၍ တိုးတက်သောအမြင်ရှိသည့် ပြည်သူများက မနှစ်မြို့ကျပေ။ သူတို့၏ မကျေနပ်မှုကို ထုတ်ဖော်သည့်အနေဖြင့် အီရန်တက္ကစီ ဒရိုင်ဘာတို့သည် လမ်းတွင် ဦးပေါင်းထုပ်နဲ့ ဘာသာရေးသမားများ(မူလာ) လက်တားလျှင် ဘယ်သောအခါမှ ရပ်မပေးခြင်းဖြင့် ပြသကြ၏။ ထိုတက္ကစီသမားတို့၏ တနိုင်အာဏာဖီဆန်မှုကို မီးမောင်းထိုးပြသည့် အိမ်မြှောင်ကလေး (The Lizard) အမည်ရှိသည့် ရုပ်ရှင်ကားကို ၂၀၁၄ ခုနှစ်တွင် ပြသခဲ့ရာ အီရန်တနိုင်ငံလုံး အုတ်အော်သောင်းနင်းဖြစ်စေခဲ့၏ ။ ထိုကားထဲတွင် အိမ်မြှောင်ကလေး ရီဇာအမည်ရှိ သူခိုးကလေး ထောင်နံရံဖက်တက်ပြီး လွတ်မြောက်သွားရာမှ ခိုးယူရခဲ့သော ဘာသာရေးသမားတို့၏ ၀တ်ရုံဖြင့် ထွက်ပြေးရာလမ်းတွင် တက္ကစီ တား၍ မရနိုင်ဘဲ ဒုက္ခရောက်ခဲ့ပုံကို အီရန်ပြည်သူများ သဘောကျ နှစ်ခြိုက်ကြ၏။ ရက်သတ္တပါတ်အနည်းငယ်အကြာတွင် အီရန်အာဏာပိုင်တို့က ထိုရုပ်ရှင်ကားကို တားမြစ်ခဲ့ သော်လည်း နောက်ကျသွားခဲ့၏။ အီရန်ပြည်သူများက ခိုးကူးခွေများဖြင့် အိမ်တွင်းမှာ ရီမောပြောင်လှောင်နေခဲ့ကြ၏ ။ ဗမာပြည်မှ လွတ်နေသော ငရဲခွေးများ ၂၀၀၇ ခုနှစ် စက်တင်ဘာလထဲတွင် ဓာတ်ဆီဈေး တဟုန်ထိုးတက်သည်ကို အကြောင်းပြု၍ ဆင်းရဲကျပ်တည်းလွန်းသည့် မြန်မာပြည်သူ ရဟန်းရှင်လူတို့လမ်းမပေါ် တက်လာခဲ့ကြ၏။ ကုန်ဈေးနှုန်း ကျဆင်းရေး၊ စားဝတ်နေရေး၊ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို တောင်းဆိုခဲ့ကြ၏။ ဥပဒေမဲ့ ဖိနှိပ်အုပ်ချုပ်လေ့ရှိသည့် မြန်မာစစ်အာဏာရှင်တို့ က လူပေါင်းများစွာကို သတ်ဖြတ်ဖမ်းဆီး နှိမ်နှင်းခဲ့၏။ ဘုန်းတော်ကြီးကျောင်းများကို ညအချိန်တွင် ၀င်ရောက်စီးနင်း၍ ရဟန်းသံဃာတော်များကို ရိုက်ပုတ်ဖမ်းဆီး ထောင်ချခဲ့၏။ ရန်ကုန်မြို့၏ လမ်းမများပေါ် နေ့ရောညပါ စစ်သားများ ကင်းလှည့်နေသောကြောင့် ပြည်သူတို့ လမ်းမပေါ် ထွက်ခွင့်မရခိုက်ဖြစ်၏ ။ ထိုအချိန်တွင် မြန်မာပြည်သူတချို့၏ တနိုင်အာဏာဖီဆန်ရေးကား ပြောင်မြောက်လှ၏။ စစ်အာဏာရှင် ဗိုလ်သန်းရွှေနဲ့ ထိပ်ပိုင်းခေါင်းဆောင်များ၏ ဓာတ်ပုံများ လည်မှာဆွဲထားသော ခွေးလေခွေးလွင့်များ လမ်းမပေါ် လျှောက်သွားနေသည်ကို အံ့သြစွာမြင်ကြရ၏။  စစ်အာဏာရှင် အစိုးရ မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့။ ထိုခွေးများကို ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၈၈ တို့ဖြင့် ဖမ်းဆီးထောင်ချ၍ မဖြစ်နိုင်ခဲ့။ မြန်မာပြည်မှ လွတ်မြောက်နေသော ငရဲခွေးများပါပေ။ ဗမာပြည်မှ ဒီမိုကရေစီ ငွေစက္ကူ မြန်မာနိုင်ငံတွင် ထင်ရှားသော တနိုင်အာဏာဖီဆန်မှု မြောက်မြားစွာ ရှိသည့်အနက် ထူးခြားပြောင်မြောက်သော မတရားမှုကို ဖီဆန်သည့် တနိုင်ဆန့်ကျင်မှုကို ပြသခဲ့သူတဦးမှာ ၁ ကျပ်တန် ငွေစက္ကူကို ဒီဇိုင်းထုတ်ခဲ့သူ ဖြစ်၏။ တိုင်းပြည်ကို အနိုင်ကျင့်ဗိုလ်ကျနေသည့် စစ်အာဏာရှင်ကို စက်ဆုပ် မုန်းတီးမှုနဲ့အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြည်ညိုမြတ်နိုးမှုကို ငွေစက္ကူရေစာထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ပုံကို ဒေါ်အောင်ဆန်းစုကြည်ပုံ နဲ့ တူအောင်ဆွဲပေးလိုက်ခြင်းဖြင့် ပြသခဲ့၏။ ထို့အပြင် ၈ ဂဏန်းလေးလုံး (၈၈၈၈) ကိုလည်း ငွေစက္ကူ၏ ပန်းခက်ဒီဇိုင်းကြားတွင် ထည့်ဆွဲထားလိုက်သေး၏။ မြန်မာစစ်အစိုးရသည် ဖြန့်ဝေပြီးသား အဆိုပါငွေစက္ကူများကို လိုက်လံသိမ်းဆည်းခြင်း၊၊ ဖျက်သိမ်းခြင်း ပြုလုပ်ခဲ့၏။ သို့သော် အကုန် ပြန်မရခဲ့ပေ။ မြန်မာပြည်သူတို့က ထို ၁ ကျပ်တန်ငွေစက္ကူကို ဒီမိုကရေစီ ငွေစက္ကူဟု ခေါ်ဝေါ်လျက် သိမ်းဆည်းထားလိုက်ကြတော့၏။ နှမ်းတလုံး သဲတပွင့် မိုးတပေါက်ရဲ့ တန်ဖိုး အထက်ပါ သာဓကများကား ဆင်းရဲချမ်းသာမရွေး၊ တောင်ပေါ်မြေပြန့် မကျန်၊ သာမန်ပြည်သူပြည်သားတိုင်း မိမိအခြေအနေပေးသလောက် ထုတ်ဖော် ပြသနိုင်သော “တနိုင်အာဏာ ဖီဆန်မှု”များ ဖြစ်ကြ၏။ နှမ်းလုံးများစွာ စုလျှင် ဆီဖြစ်နိုင်သကဲ့သို့ သဲပွင့်များစွာစုလျှင် ဧရာမအဆောက်ဦကြီးများ တည်နိုင်ပါ၏။ မိုးစက်များစွာပေါင်းစုခြင်းအားဖြင့် မာကျောသော ကျောက်ဆိုင်ကြီးကိုလည်း တိုက်စားဖြိုဖျက်နိုင်ပါ၏။ uk-cover၎င်းစာအုပ်ထဲတွင် မပါဝင် ခဲ့သော ပြောင်မြောက် ရဲရင့်သည့် တနိုင်အာဏာဖီဆန်ရေး သာဓကမြောက်များ စွာ မြန်မာနိုင်ငံတွင် ဖြစ်ပွား ခဲ့ပြီးပါပြီ။ အာဏာပိုင်တို့ကို ပြန် တရားစွဲရဲသော မစုစုနွေး၊ ကုန်ဈေးနှုန်းကျဆင်းရေး အတွက် တကိုယ်တော်ဆန္ဒပြသူ၊ အစိုးရကို အယုံကြည် မရှိကြောင်း ပြောရဲသူ ကိုထင်ကျော်၊ အဖိနှိပ်ခံပြည်သူ ဘက်ကရှေ့နေ ဦးရောဘတ်ဆန်းအောင်၊ ကိုဖိုးဖြူ၊ အနှောင့် အယှက်များကြား အေအိုင်ဒီအက်စ် ဝေဒနာသည်များကို စောင့်ရှောက်ရဲသူ မဖြူဖြူသင်း၊ နွမ်းပါးသူတို့ရဲ့ နာရေးအကျိုးတော်ဆောင် ဦးကျော်သူ၊ တကိုယ်တော် ဆန္ဒထုတ်ဖော်ရဲသူများ အစရှိသည့် အထောင်အသောင်းသော အာဇာနည်ပြည်သူတို့၏ တနိုင်အာဏာ ဖီဆန်မှုတည်းဟူသော မိုးချိုရေအစက်အပေါက်ပေါင်းများစွာ၏ တိုက်စားဖြိုဖျက်မှုအားကြောင့် စစ်အာဏာရှင်ကျောက်ဆောင်ကြီးကား တနေ့တခြား ယိမ်းယိုင်ချည့်နဲ့ လာပေပြီ။ မြန်မာနိုင်ငံတွင် ဒုတိယလွတ်လပ်ရေးတိုက်ပွဲတရပ်အဖြစ် အာဏာရှင်စနစ် ဖျက်သိမ်း ဖယ်ရှားနိုင်ရေးအတွက် ယခုအခါ အောက်ဖော်ပြပါ လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ရန် လွန်စွာ လိုအပ်လျက်နေပေသည်။ (၁) ပြည်တွင်းစစ်ရပ်စဲရေးနဲ့ စစ်မှန်သောငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်။ (၂) ပုဒ်မ ၄၃၆ အပါအ၀င် ဒီမိုကရေစီစံနှုန်းနဲ့ မညီသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူလူထုဆန္ဒနဲ့ အညီ ပြင်ဆင်ရန်။ (၃) လက်ကျန် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေရန်။ (၄) လွတ်လပ်၍ တရားမျှတသော ၂၀၁၅ ရွေးကောက်ပွဲကြီး မနှောင့်နှေးဘဲ ဖြစ်မြောက်စေရန် ။ (၅)  ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှ ပြည်သူအစိုးရတရပ် ပေါ်ထွက်လာစေရေး အတွက် မိမိအသည်းကြားမှ မဲတပြားကို ပြည်သူကို အမှန်တကယ် စောင့်ရှောက်မည့် ပါတီများကိုသာ မဲပေးရန်။ (၆) ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းနဲ့ လက်ပံတောင်းတောင် စီမံကိန်း အစရှိသော တိုင်းပြည်ကို အကျိုးမဲ့စေပြီး အန္တရာယ်ပေးနိုင်သော စီမံကိန်းမှန်သမျှ အကြွင်းမဲ့ ဖျက်သိမ်းပစ်ရန်။ (၇) တနိုင်ငံလုံးတွင် ကျယ်ပြန့်စွာ ဖြစ်ပွားနေသော အဂတိတရားလိုက်စားမှုနဲ့ တရားဥပဒေ မစိုးမိုးမှု တိုက်ဖျက်ပြုပြင်ရန်။ (၈) လူမျိုးရေးနဲ့ ဘာသာရေးမုန်းတီးမှုများ ဖန်တီး၍ တိုင်းရင်းသားလုပ်သားပြည်သူများကြား ညီညွတ်မှု ပြိုကွဲအောင်လုပ်ဆောင်နေမှုများအား တားဆီးရန်။ (၉) မိဘပြည်သူကျောင်းသားရဟန်းရှင်လူတို့ အလိုမတူဘဲ ပြဋ္ဌာန်းထားသည့် ဥပဒေ မှန်သမျှ ဖျက်သိမ်းပစ်ရန် ။ (၁၀) ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စား ပြုသော ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းလာစေရေးအတွက် မိမိ၏ အသည်းကြားမှ မဲတပြားကို ထိထိရောက်ရောက်အသုံးချကြရန်။ တိုင်းရင်းသားရဟန်းရှင်လူ မိဘပြည်သူပြည်သားတိုင်း ခေါင်းရွက်ဗျတ်ထိုး လက်လုပ်လက်စားမှသည် လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား၊ ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ ရဲသား၊ ဖိုးဖိုးဖွားဖွား၊ အိမ်ထောင်ရှင်မများအထိ  မိမိနိုင်ရာကိုယ်စီ တာဝန်ထမ်းလျက် အထက်ဖော်ပြပါ လှုပ်ရှားမှုကြီးများကို အထောက်အပံ့ဖြစ်စေမည့်နည်းလမ်းမျိုးစုံ သုံး၍ တနိုင်အာဏာဖီဆန်ရေး (၀ါ) မိုးချိုရေတပေါက် သောက်သုံးခြင်းသည် မြန်မာနိုင်ငံသားတိုင်း၏ မွေးရာပါ သမိုင်းပေးတာဝန်တရပ်ဖြစ်ကြောင်း ဆော်သြရင်း ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ပါ၏ ။ လေးစားစွာဖြင့် မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024