Home
ဆောင်းပါး
လတန်ခူး နှစ်ကူးသင်္ကြန် အတာဦးမှာ
မောင်တူး
·
April 13, 2015
တူးပို့ တူးပို့ ဒီလက်သံ အဲဒါ မြန်မာ့သင်္ကြန် ပန်ကြပျော်ကြ ရွှေပိတောက် သင်္ကြန် မိုးရေသောက်။ ဧပြီရောက်လို့ မျောက်လို ခုန် မြန်မာ့ နှစ်ကူးပုံ တန်ခူးကဆုန် ဖူးငုံလန်း လောင်းကြပက်ကြ ရေစင်ဖျန်း။ ။ (တင်မိုး) ခရစ်သက္ကရာဇ်ကို အသုံးများလာ နေကြသလို ခေတ်လူငယ်တွေနဲ့ မြို့ပြယဉ်ကျေးမှုကို ပိုမိုနီးကပ် ပေါင်းဖက်လာကြပြီးတဲ့နောက် မြန်မာသက္ကရာဇ်၊ နှစ်၊ လ၊ ရက်တွေကို အသုံးနည်း လာနေတယ်။ တဖြည်းဖြည်းနဲ့ မြန်မာလတွေကို ၁၂ လ ပြည့်စုံအောင် မသိ၊ မရွတ်ဖတ် တတ်သူတွေ ရှိလာနေတယ်လို့ တွေ့နေ ကြားနေရတယ်။ ယုတ်စွအဆုံး အခုနှစ်ဟာ မြန်မာနှစ် ၁၃၇၆ ခုနှစ်ဆိုတာတောင် တချို့ လူငယ်တွေ မသိကြတော့ဘူး။ မြန်မာလတွေရဲ့ အဓိပ္ပာယ်တွေကိုလည်း မသိဘူးဆိုတာတွေ တွေ့လာနေရတယ်။ အခုလကတော့ တန်ခူးလပါ။ သင်္ကြန်လပါ။ ဟိုတုန်းကတော့ သပြေခက်နဲ့ ရေပက်ခဲ့ကြပေမယ့် အခုတော့ သပြေခက်နဲ့ ရေပက်လို့ ရပါ့မလားလို့ ငြင်းကြတဲ့ လူငယ်တွေလည်း ရှိလာနေရဲ့။ ခေတ်တွေပြောင်း၊ ယဉ်ကျေးမှုတွေ ပြောင်း၊ စိုးရိမ်စရာပါ။ စာရေးဆရာ ရဲသျှမ်းက သူရဲ့သားသို့ ပေးစာ ၂ မှာ တန်ခူးလဆိုတာ ဘာလဲ ဆိုတာကို အခုလို ရေးထားတယ်။ (တန်ခူး။ ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေ ခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ ဆိုတယ်။ ပညာရှိတဦးဖြစ်တဲ့ လှေသင်း အတွင်းဝန်မင်းကတော့ မိန်ရာသီကနေ မိဿရာသီပြောင်းတဲ့ အတာကူးတဲ့လမို့ တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။) မြန်မာ့ ၁၂ လ အထဲမှာ အဦးဆုံးလဟာ တန်ခူးလ ဖြစ်ပါတယ်။ တန်ခူးလမှာ မနက် ၆ နာရီ နေထွက်ပါတယ်။ ညနေ ၆ နာရီမှာ နေ၀င်ပါတယ်။ နေ့တာ၊ ညတာ ညီညီမျှမျှ ရှိတဲ့လ ရယ်လို့ သိထားပါတယ်။ တန်ခူး(ဒဂူး)လဟာ နွေဥတုအလယ် နေပူရှိန် ပြင်းထန်လွန်းတဲ့အခါလည်း ဖြစ်ပါတယ်။ တန်ခူးလကို ပုဂံခေတ် ကျောက်စာတွေမှာ တန်ခူ ဆိုပြီး ရေးတယ်လို့ မှတ်သားရပါတယ်။ အင်းဝခေတ်ကျတော့ တန်းခူးဆိုပြီး ရေးသားတဲ့အကြောင်း စာဆိုကြီး မင်းဇေယျရန္တမိတ် ရေးသားခဲ့တဲ့ (ပုရစ်ဖြာစီ) ချီ ရတုအရ သိရတယ်။ ဒီ ရတုမှာ (တန်းခူးရာသီ တိုင်ခဲ့ပြီ၊ ဆန်းထူးဝါနီ လှိုင်ခဲ့ပြီ၊ သွန်းဖြူးဖြာစီ အိုင်ခဲ့ပြီ။) ဆိုပြီး စပ်ဆိုထားခဲ့တာပါ။ အသံထွက်ဖတ်ရင်တော့ ဒဂူး ပေါ့။ တန်းခူးလို့ ရေးတာ ဘာကြောင့်ပါလဲ။ ဒီနေရာမှာ တန်းခူးထဲက တန်းဆိုတာ တာလ ပါဠိပျက် စကား ဖြစ်ပါတယ်။ အဓိပ္ပာယ်က ထန်း လို့ဆိုတယ်။ ခူး က ဆွတ်ခူး ဖြစ်ပါတယ်။ ဒါကြောင့် ထန်းသီး ခူးဆွတ်သောလလို့ ဆိုရပါမယ်။ ထန်းခူးလကနေ နှစ်တွေကြာလာတော့ တန်ခူးလ ဖြစ်လာပုံ ရပါတယ်။ ဝေါဟာရလိနတ္ထဒီပနီကျမ်းမှာတော့ တန်ကူးလ၌ တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ သင်္ကြန်အတာ ကူးပြောင်းသောကြောင့် တာကူးလ ဆိုပြီး သုတေသီ တချို့က ယူဆတာကို ဖော်ပြထားပါတယ်။ တန်ခူးလကို ဗေဒင်ဝေါဟာရနဲ့ မိဿရာသီလို့ ခေါ်ပါတယ်။ ဒီလမှာ စိတြနက္ခတ် စန်းနဲ့ ယှဉ်ပြီး မွန်းတည့်ချိန် ရောက်ပါတယ်။ ရာသီရုပ်ဟာ ဆိတ်ရုပ် ဖြစ်ပြီး ရာသီပန်းတွေကတော့ ပိတောက်ပန်း၊ ကံ့ကော်ပန်းတွေပါ။ မြန်မာနှစ်သစ်ကူးချိန်ဟာ ကဆုန်လနဲ့ တန်ခူးလတွေမှာ ကြုံရ တတ်ပေမယ့် တန်ခူးလမှာ နှစ်သစ်ကူးချိန် ကြုံရတာ ပိုများပါတယ်။ တန်ခူးလမှာ နှစ်သစ်ကူး သင်္ကြန်အခါလည်း ဖြစ်တာမို့ သင်္ကြန်ရေပက်ကစားပွဲတော်နဲ့ တခြား အလှူအတန်းတွေ ပျော်ပွဲရွှင်ပွဲတွေလည်း ဆင်နွှဲကြပါတယ်။ ဒါကတော့ စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း ရုပ်ပြ ဗဟုသုတဘဏ်စာအုပ်မှာ ဖော်ပြထားချက်တွေကို ဆင့်ပွားရေးလိုက်တာပါ။ တန်ခူးမှာ ငုပန်းတွေလည်း ၀ါဝါထိန်ထိန် ပွင့်ကြချိန်။ ကျနော်တို့ ကျောင်းတုန်းက တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး ဆိုပြီး ရွတ်ဆို ကျက်မှတ်ခဲ့ကြပါတယ်။ ဆယ်နှစ်လရာသီဘွဲ့ ကဗျာမှာ ဖြစ်ပါတယ်။ တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး ဆိုတာက တန်ခူးလမှာ ဖက်ဆွတ်မိုး၊ သင်္ကြန်မိုး ရွာတယ်လို့ ပြောတာပါ။ တန်ခူးလမှာ ဖက်ဆွတ်ရေ ခေါ်တဲ့ ရေက ဧရာဝတီမြစ်မှာ တိုးသလို၊ သင်္ကြန်မိုးလည်း ပုံမှန် ရွာတယ်ဆိုလိုတာပါ။ တန်ခူးရေကုန်၊ ကဆုန်ရေခန်း ဆိုလည်း ရှိသေးရဲ့။ တချို့ကန်တွေ၊ အင်းအိုင်တွေ တန်ခူးလမှာ  ရေနည်းလာပြီး ကဆုန်လမှာတော့ ခန်းလေ့ ရှိပါတယ်။ တန်ခူးရေကုန်၊ ကဆုန် ရေစစ် လို့လည်း ဆိုကြတာပါ။ တန်ခူးရေကုန်၊ ကဆုန်ရေစစ် ကတော့ ချောင်းတွေ မြစ်တွေဟာ တန်ခူး၊ ကဆုန်မှာ ရေကုန်ခန်းလာတာကို ပြောတာပါ။ တန်ခူး၊ ကဆုန် ရေကန်တွေ ခန်းတတ်တယ်။ ငါးလွှတ်ပွဲတွေလည်း ကျင်းပကြပါတယ်။   ဒီလို ရေခန်းတဲ့တန်ခူး၊ ရေကုန် ရွက်ကြွေ ပူလွန်းလို့ သွေးတွေဆူတဲ့ တန်ခူးလမှာ သမိုင်း ရာဇ၀င်တလျှောက် ဖြစ်ရပ်တွေ များပြားခဲ့တယ်။ ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ ဒုတိယကမ္ဘာစစ် ကာလတုန်းက မြန်မာတပြည်လုံး ပြည်သူလူတန်းစားပေါင်းစုံ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ကြတဲ့ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်နေ့ (တော်လှန်ရေးနေ့)ဟာ ၁၃၀၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ဖြစ်ပါတယ်။   သင်္ကြန်မှာ ရေကစားကြမှာပါ။ ရေပက်မဏ္ဍပ်တွေလည်း ရန်ကုန်၊ မန္တလေးတို့မှာ ပြင်ဆင်နေကြပါပြီ။ ဒီအကြောင်း စကားစပ်မိရင်းက ကျနော့် မိတ်ဆွေ အမျိုးသမီးကြီး ၂ ယောက်က ကျနော့်ကို ၀မ်းနည်းစကား၊ စိုးရိမ်စကားတွေ ပြောပြကြပါတယ်။ သူတို့ ၂ ဦးစလုံးကို တပြိုင်တည်း စကားလက်ဆုံကျခြင်း မဟုတ်ပါ။ ရက်ခြား တယောက်စီနဲ့ ပြောဖြစ်ကြတာပါ။ တူနေတာက သင်္ကြန်မှာ မြန်မာယဉ်ကျေးမှုတွေ ပျောက်လာနေတဲ့အပေါ် သူတို့ရဲ့ စိုးရိမ်မှုပါ။ အထူးသဖြင့် အမျိုးသမီးငယ်တွေရဲ့ မောင်နဲ့ နှမ၊ အဖနဲ့သမီး မကြည့်ဝံ့တဲ့ မပေါ့်တပေါ် ၀တ်ဆင်မှုတွေ၊ အတိုအပြတ် အဖော်အချွတ်တွေ သင်္ကြန်ကာလမှာ ဆိုးဆိုးရွားရွား ရှိလာနေတာ ဖြစ်ပါတယ်။ မနှစ်က သင်္ကြန်မှာဆို အလွန်ပါးတဲ့ အ၀တ်တွေ ၀တ်ခဲ့ကြလို့ ရေလောင်း ရေပက် ခံရချိန်မှာ မိန်းကလေးတွေ ကိုယ်ခန္ဓာတခုလုံး အတွင်းခံဘော်လီ သေးသေးလေးကလွဲလို့ အတိုင်းသား ဖြစ်သွားတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒီထဲမှာ မော်ဒယ်တွေနဲ့ အနုပညာရှင် တချို့လည်း ပါခဲ့ပါတယ်။ ဒါကြောင့် ရုပ်ရှင်အစည်းအရုံးကတောင် (သင်္ကြန်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီတဲ့ လွန်ကဲသောဝတ်ဆင်မှုတွေ ရှောင်ကြဉ်ဖို့) သတိပေးစာ ထုတ်ခဲ့ရပါသေးတယ်။ ဒါတွေကို မိဘတွေက စိုးရိမ်နေကြပါတယ်။ ဒီနှစ် သင်္ကြန်မှာ သတိထားစရာပါ။ နောက်တခုက သောက်စားမူးယစ်မှုတွေ များလာတာပါ။ အမူးလွန်ပြီး ဖြစ်ရတဲ့မှုခင်းတွေ များခဲ့ပါတယ်။ နှစ်စဉ် မူးယစ် မောင်းနှင်လို့ ယာဉ်မတော်တဆမှုခင်းတွေ ဖြစ်ခဲ့ကြပါတယ်။ သေဆုံးခဲ့ကြရသလို ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ဒီနှစ်တော့ အာဏာပိုင်တွေဖက်ကလည်း ကြိုတင် ပြင်ဆင်နေတာ တွေ့နေရပေမယ့် လူငယ်တွေ ပြည်သူတွေဖက်ကလဲ သတိထားသင့်ပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်တွေရဲ့ ၀တ်စားဆင်ယင်တာတွေဟာ ခေတ်နဲ့အညီ ဆိုပေမယ့် လွန်လွန်ကဲကဲ မဖြစ်သင့်သလို သောက်စား မူးယစ်တာတွေလဲ အခုနှစ် တန်ခူးလသင်္ကြန်မှာ သတိထားသင့်ပါတယ်။ အခုနှစ်ပိုင်း သင်္ကြန်တွေကတော့ ကျနော်တို့ ငယ်ငယ်က သင်္ကြန်နဲ့ ယှဉ်ကြည့်ရင် အရက်ဘီယာသင်္ကြန်၊ အတိုအဖော်သင်္ကြန်တွေ ဖြစ်လာနေတယ်လို့ ဆိုရပါမယ်။   ဒီလို စဉ်းစားရင်းက ကျနော်တို့ ငယ်ငယ် သင်္ကြန်ကာလတွေကို ပြန်သတိရမိပါတယ်။ ရေပြွတ်တွေ ကိုယ်စီ၊ ရေခွက်၊ ရေပုံးကလေးတွေ ကိုယ်စီနဲ့ ပက်ကြ လောင်းကြ ပျော်ခဲ့ကြတာ စဉ်းစားမိပါရဲ့။ ရေကစားကြရာမှာလည်း ယဉ်ယဉ်ကျေးကျေးပါပဲ။ မိန်းကလေးတွေဆို ဘောင်းဘီအတို၊ အပြတ် မပြောနဲ့ ဘောင်းဘီ အရှည်တောင် မ၀တ်ကြရပါဘူး။ ထမီ အင်းကျီ လက်ရှည် လုံလုံခြုံခြုံနဲ့ ရေကစားခဲ့ကြရတာပါ။ အကိုတွေ၊ မောင်တွေ မပါရင် သင်္ကြန်ကို မိန်းကလေးတွေ မလည်ကြရပါ။ မိန်းကလေးတွေ သရုပ်ပျက်ကဖို့ ခွင့်မပြုခဲ့ပါ။ သင်္ကြန်သီချင်းတွေ ရိုးရိုးဆိုပြီး ရိုးရိုးကကြတာတောင် ကြိုတင် ဇာတ်တိုက်ထားသူ စင်ပေါ်က လှပျိုဖြူတွေသာ ကခွင့်ရကြပါတယ်။ သင်္ကြန်မှာ သိကြားမင်းကြီး ဆင်းပြီး မူးယစ်သောက်စားသူတွေကို ခွေးသားရေ ပုရပိုက်နဲ့ စာရင်းမှတ်တယ်ဆိုပြီး လူကြီးသူမတွေက ဆုံးမထားတာ နားစွဲနေတော့ မူးယစ် သောက်စားသူလည်း မရှိသလောက်ပါ။ ရေကစားတာ မောပြီး ဆာလာရင် စတုဒီသာ မဏ္ဍပ်တွေ သွား၊ မုန့်လုံးရေပေါ် သင်္ကြန်ထမင်းတွေ စားကြတာပါပဲ။ အခု နောက်ပိုင်းနှစ်တွေမှာတော့ ၀တ်စားဆင်ယင်တာတွေ ပို ပိုဆိုးလာပါတယ်။ အမျိုးသမီးတွေဟာ ၀တ်ထားတာကလည်း မပေါ့်တပေါ်အပြင် အရက် ဘီယာတွေလည်း သောက်ကြတယ်။ အတိုအဖော် ၀တ်ပြီး မူးယစ်သောက်စားကြတာဟာ သင်္ကြန်မှာ ဖက်ရှင်တခုလိုတောင် ဖြစ်နေပြီ ထင်ပါရဲ့။ အရွယ်ငယ်ငယ် ကြွကြွရွရွ ကလေးမ ငယ်ကလေးတွေရယ်၊ ၀တ်ထားပုံရယ် သောက်ထားပြီး မူးယစ်နေတာရယ် ပေါင်းလိုက်တော့ မုဒိမ်းမှုတွေ၊ ရန်ပွဲတွေ၊ သေဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာတွေ များလာတော့တာပါပဲ။ ပိုဆိုးတာက အရက်၊ ဘီယာအပြင် စိတ်ကြွဆေးတွေ အသုံးများနေကြတာပါ။ ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်းမှာ သေဆုံးသူ ၃၂ ယောက်၊ ဒဏ်ရာ ရရှိသူ ၁၉၀ ယောက် ရှိတယ်လို့  နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားခဲ့ပါတယ်။ မနှစ်က ဆိုရင် မန္တလေးမြို့မှာ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်တိုက်မှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ မုဒိမ်းမှုနဲ့ အခြားသော  ဖြစ်စဉ်တွေကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူ ၈၈၀ ယောက်အထိ ရှိခဲ့ပြီး၊ သင်္ကြန်ရေကစားမှု ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူ ၁၆ ယောက်အထိ ရှိခဲ့ကြောင်း မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနသတင်းက သိရပါတယ်။ ဒါက ၂၀၁၄ ခုနှစ် သင်္ကြန် မန္တလေးမြို့တခုတည်း အခြေအနေပါ။ ရန်ကုန် မပါသေးပါဘူး။ တာချီလိတ်သင်္ကြန်မှာတော့  ၇ လောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့ပါသေးတယ်။ သင်္ကြန်မှာ ကမ္ဘာ့လှည့်ခရီးသည်တွေ လာကြတာ ပိုများလာပါတယ်။ သင်္ကြန်မှာ ဧည့်သည် အလာ များမယ်ပေါ့။  မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပုံရိပ်တွေအတွင်း ဆိုးဝါးလှတဲ့ အရက်ဘီယာ မူးယစ်ဆေးသင်္ကြန်၊ အတိုအဖော်သင်္ကြန်ပုံရိပ်တွေအဖြစ် နိုင်ငံတကာကို ပြမည်လား။ ယဉ်ကျေးတဲ့ ရိုးရာဓလေ့တွေကို ပြမည်လား။ ဒီနေရာမှာ မနှစ်က သင်္ကြန်အပြီး သတင်းသမားတဦးရဲ့ ရေးသားချက်နဲ့ အဆုံးသတ်ပါမယ်။ သူရေးခဲ့တာက “သင်္ကြန်ဖက်ရှင်သည် Sexy ကိုပဲ ကိုယ်စားပြုလေသလော။ ကျနော်တို့ ဘလော်ဂါများ၊ ဓာတ်ပုံဆရာများ၊ မီဒီယာများကို အပြစ်တင်ချင်ပါသလား။ မည်သူမပြု မိမိမှုသာ ဖြစ်ပေသည်။ အရှက်အကြောက် မရှိတော့သောသူသည် လူမဟုတ်၊ တိရစ္ဆာန် သက်သက်မျှသာ ဖြစ်ပေလိမ့်မည်။ ဘလော်ဂါသည် ဘလော်ဂါ အလုပ်လုပ်သည်။ မီဒီယာသည် မီဒီယာ အလုပ်လုပ်သည်။ နာမည်ကြီးချင်၍ ဆိုရင်တော့ အကိုတို့ အမတို့ရေ ဘာမှ ဝတ်ထား မနေပါနဲ့တော့။ အထူးသဖြင့် မိန်းကလေးများကို ပြောချင်သည်။ မိမိ ကပြလျှင် ယောက်ျား လေးက ကြည့်မည်သာ ဖြစ်သည်။ မမြင်ချင်လျှင် မျက်စိမှိတ်ထားလိုက်လို့တော့ မပြောပါနဲ့။ တဏှာကို မပယ်နိုင်သေးသော ပုရိသများ ဖြစ်သဖြင့် မျက်စိ မမှိတ်နိုင်သေးပါ။ ဒီနှစ် ၂၀၁၄ သင်္ကြန်သည် ကျနော် ကြုံဖူးသမျှ သင်္ကြန်တွင် အဆိုးဆုံးဟု မှတ်တမ်းတင်ရမလို ဖြစ်နေပြီ။ ။” ဓာတ်ပုံဆရာ ဘလော့ဂါတဦးရဲ့ ၂၀၁၄ သင်္ကြန် ခံစားချက် ဖြစ်ပါတယ်။ ၂၀၁၅ သင်္ကြန်မှာ ဆင်ခြင်နိုင်ကြပါစေဗျာ။ ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024