Home
ဆောင်းပါး
သင်္ကြန်လမ်းဆုံ
DVB
·
April 12, 2015
၂၆ ဘီလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၈၄ လမ်းဆုံသည့်နေရာသည် ယခင်က မန္တလေးရဲ့ အထင်ကရ နေရာကြီး ဖြစ်ခဲ့ပါ၏။ ထိုနေရာ၏ အနောက်တောင်ထောင့်တွင် နာမည်ကျော် ဈေးချိုကြီး ရှိသည်။ နာရီစင်ကြီးရှိသည်။ အခုတော့ နှစ် ၁၀၀ ကျော်ပြီးပေါ့။ ကြံဖန် ကျေးဇူးတင်ရရင်ဖြင့် နာရီစင်ကို ယခုထိ မပျတ်မယွင်းမြင်နေရခြင်း ဖြစ်ပါသည်။ unnamedမန္တလေး၏ အဖိုးတန်အမွေအနှစ်ဖြစ်သော ဈေးချိုတော်ရုံကြီး ၁၂ ရုံကဖြင့် အနိစ္စသဘောဖြင့် ကိစ္စချောလေပြီ။ ဒီနေရာတွင် ခပ်လွယ်လွယ် အနိစ္စသဘောဟု ပြောရသော် လည်း တကယ်တော့ သည့်ထက်မက နှစ်ထောင်ချီ သက်တမ်းရှည်သင့်ပါလျက် ကာလဒေသ ပယောဂဖြင့် ချုပ်ငြိမ်းရလေသောကြောင့် ၀မ်းနည်းရပါသည်ဟု ပြောရုံပဲ တတ်နိုင်ပါသည်။ ထိုလမ်းဆုံတွင် တချိန်က ဓာတ်ရထားတွေ မောင်းနှင်ဖြတ်သန်းခဲ့ဖူးသည်။ အရှေ့ရုံးကြီးမှ ဂေါဝိန်နဲ့ ဘုရားကြီးစသည့်လမ်းကြောင်းများအတွက် ထိုလမ်းဆုံကို ဖြတ်သန်းကြသည်။ ဈေးချိုတော်သည် မန္တလေး၏ အသည်းနှလုံးဖြစ်ခဲ့သည်မို့ မည်သည့်အကြောင်းအရာ ဖြစ်စေ ဈေးချိုတော်ကို ဦးတိုက်ရမြဲ ဖြစ်ပါ၏။ ထိုလမ်းဆုံတွင် ၁၃၀၀ ပြည့် အရေးတော်ပုံကာလကလည်း ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ ဖြတ်သန်းခဲ့ဖူးသည်။ ထို့အတူ စီမံကိန်း စီးပွားရေး ခေတ်ကလည်း နေ့ကြီး ရက်ကြီးအထိမ်းအမှတ်ပွဲများအတွက်၏ လူထုစစ်ကြောင်းတွေ ဖြတ်သန်းခဲ့ဖူးသည်။ ထို့အတူ...။ သင်္ကြန်ကာလ၌ ၂၆ ဘီလမ်းသည် အထင်ကရ နေရာတွင် ပါဝင်ခဲ့သည်မှာလည်း အမှတ်တရ ဖြစ်သည်။ ၁၉၇၀ ၀န်းကျင်က ဗဟိုဆုပေးမဏ္ဍပ်ဆိုတာ မန္တလေးဈေးချိုတော်ကို အခြေခံပြီး မန္တလေး၏ အထင်ကရလမ်းမကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် ကျောက်သွေးတန်း အရပ်တွင် အစဉ်အဆက် တည်ရှိခဲ့သည်။ ၈၄လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ကြား  (ထိုစဉ်က) ဟံသာဝတီသတင်းစာတိုက် အဆောက်အဦးရှေ့မှာ ဖြစ်သည်။ ထိုနေရာကား သတင်းစာတိုက်မဖြစ်ခင်က ပြန်ကြားရေးစာဖတ်ခန်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ပြန်ကြားရေးစာဖတ်ခန်းကို အခြေပြုပြီး မဟာသင်္ကြန်ဗဟိုမဏ္ဍပ် တည်ဆောက် ခြင်း ဖြစ်သည်။ ဗဟိုမဏ္ဍပ်၏ တောင်ဘက်သုံးပြအတွင်းမှာ နာမည်ကျော်နဂါးမယ်ရေသဘင် မဏ္ဍပ် ရှိသည်။ နဂါးမယ်သည် နဂါးဆေးလိပ်ကုမ္ပဏီရဲ့ ပိုင်ရှင်ဖြစ်သူ နဂါးဒေါ်ဦးက ဦးစီးပြီး ဆေးလိပ်သမလေးတွေ အများဆုံး ပါဝင်ဖွဲ့စည်းထားသည့်အသင်း တသင်း ဖြစ်သည်။ နဂါးဆေးလိပ်သည် မြန်မာတပြည်လုံးဖြန့်ကျက်ကာ နေရာရနေသော်လည်း ပိုင်ရှင် နဂါးဒေါ်ဦးက သင်္ကြန်ကို သူ၏ဆေးလိပ်ကြော်ငြာအတွက် လုံးဝအသုံးချခဲ့ခြင်း မရှိခဲ့။ နဂါးမယ်ဟု နာမည်တပ် ခေါ်ဝေါ်ကြသော်လည်း သူ၏အသင်းဝင် နာမည်မှာ ရေနန်းသူဇာ ဖြစ်သည်။ ပေ ၁၀၀ ကျော် ၀န်းကျင်ရှိ ကြီးမားခံ့ညားသော ရေသဘင်မဏ္ဍပ်ကြီးတွင် ဆေးလိပ်နဲ့ ပတ်သက်သည့် ကြော်ငြာစာသား မဆိုထားဘိ။ ဆေးလိပ်နဲ့ ပတ်သက်သည့် ဒီဇိုင်း၊ အရောင်၊ ရုပ်ပုံပင် တစွန်းတစမျှ မပါရှိခဲ့သည်မှာ အမှတ်တရ ဖြစ်ခဲ့သည်။ နဂါးခေါင်းဆောင်းထားသည့် နန်းဝတ်နန်းစားနဲ့ နဂါးမယ်လေးတွေ ရေကြည်ကြည်ချောင်းစပ်မှာ ပျော်ရွှင်စွာ ရေပက်ကစား မြူးတူးနေကြသည် ပန်းချီကိုပဲ သရုပ်ဖော်ထားသည်။ စကားစပ်၍ နဂါးဒေါ်ဦးနဲ့ ပတ်သက်ပြီး ထပ်မံ သတိရဖွယ် မြင်ကွင်းကိုလည်း ပြောပါရစေဦး။ နဂါးမယ်ရေသဘင်မဏ္ဍပ်တွင် ဒေါ်ဦးက ကျိကျိတက်ချမ်းသာသော သူဌေးမကြီး ဖြစ်သည်။ အတူဆင်နွှဲကပြသူတွေက သူ၏ ဆေးလိပ်သမလေးတွေ အများစုဖြစ်သည်။ ဒါပေမယ့် ဒေါ်ဦးက လူထောင်သောင်းရှေ့မှာ ဆိုဖာဆက်တီကြီးနဲ့ အခြွေအရံ အသင်းအပင်းနဲ့ အပူ၊ အအေးဘူး၊ အစားအသောက်အစုံဖြင့် ဇိမ်ခံပြီး အဖျော်ဖြေခံ အသားယူသူ မဟုတ်။ ဆေးလိပ်သမလေးတွေနဲ့ ကြမ်းပြင်ပေါ် လက်ပွန်းတတီး ထိုင်ပြီး အတူ ပါဝင်ဆင်နွှဲသူ ဖြစ်သည်။ နောက်ပိုင်း အသက်ကြီး၍ အထိုင်အထ ခက်ပါမှ သာမန်ဆက်တီထိုင်ခုံနဲ့ ရောနှောထိုင်ခြင်းပဲ ရှိပါသည်။ နဂါးမယ်သည် မန္တလေးသင်္ကြန်နဲ့ ပတ်သက်၍ ရင်အခုန်အခံစားဆုံးဟု ပြောရလျှင် လွန်မည်ဟု မထင်ပါ။ အဘယ်ကြောင့်ဆိုသော် သင်္ကြန်မတိုင်မီ ၁ လကျော်မှ စပြီး ဒေါ်ဦး၏ နေအိမ်တိုက်ကြီးပေါ် ဆိုင်းဝိုင်းကြီး တင်ပြီး ဆေးလိပ်သမလေးတွေနဲ့ သင်္ကြန်တီးလုံးတွေ တိုက်ကြ၊ သင်္ကြန်အကတွေ တိုက်ကြတာ နှစ်စဉ် ဖြစ်သည်။ ကြုံတုန်းဆုံတုန်းပြောရလျှင်တော့ နဂါးမယ်လိုပဲ သင်္ကြန်ကို ၀ီရိယလွန်ကဲတဲ့ အသင်း တသင်း ရှိသေးသည်။ ဒီအသင်းကလည်း ၂၆ ဘီလမ်းနဲ့ မနီးမဝေး  ၈၆ လမ်းနဲ့ ၈၇ လမ်းကြား၊ ၂၇လမ်း (ပန်းဆိုးတန်းလမ်း)ပေါ်ရှိ နာမည်ကျော် ရွှေမန်းမေ အမျိုးသမီး ရေသဘင်အဖွဲ့ပင် ဖြစ်သည်။ အပျိုကြီး ဒေါ်ထားရီ ဦးစီးသော ရွှေမန်းမေသည် ဈေးချိုသူလေးတွေ အများဆုံး ပါဝင်တာမို့ မန္တလေးသားများ၏ မျက်ရှုသဖွယ် ဖြစ်သည်။ 2သူတို့လေးတွေကလည်း သင်္ကြန်မတိုင်ခင်ကတည်းက ဘာအ၀တ်အစားဝတ်မှာလည်း ဆိုတာကို ကဲလွန်းသဲလွန်းစွာ ၀ီရိယ ပိုတတ်သည်။ သီချင်းနဲ့ ကကြိုကကွက်တွေကတော့ သူတို့က သိပ်တိုက်စရာ မလို။ ရှိပြီးသား ကိုယ်ပိုင်သီချင်းတွေကို နှစ်စဉ်သီဆိုသည်။ အ၀တ် အစားမှာတော့ သင်္ကြန် ၄ ရက်မှာ ၁ ရက်မှ မထပ်စေရ။ အခြားသင်္ကြန်အဖွဲ့တွေလို တူညီဝတ်စုံ တွေ မဟုတ်။ ကိုယ့်စိတ်ကြိုက် ကိုယ့်ဝတ်စုံနဲ့ ကိုယ် အလှပြိုင်ကြသည်အဖွဲ့ ဖြစ်သည်။ ရွှေဆိုင်ငွေဆိုင်တန်းသူတွေမို့ အ၀တ်အစားသာမက ရတနာပစ္စည်းတွေကလည်း ပွဲနေပွဲထိုင် အလား ဖျက်ဖျက်လက်နေသည်။ ထိုစဉ်ကာလ မန္တလေးသင်္ကြန်ဆိုတာ မြို့ထဲရှိ ရပ်ကွက်အသီးသီးတွင် မဏ္ဍပ်ချင်းဆက် စည်ကားသည့် သင်္ကြန်ဖြစ်သည်။ အဓိက လမ်းမကြီးများဖြစ်သော ၈၄ လမ်း၊ လမ်း ၈၀၊ ကမ်းနားလမ်း၊ လမ်း ၃၀ အရှေ့ခြမ်း၊ ၂၆ ဘီလမ်းအနောက်ခြမ်း၊ အနောက်ကျုံးလမ်း၊ ဒီဘိုးလမ်း၊ ဈေးချိုအနီးတ၀ိုက်နဲ့ တာရဲတန်းစသည်တို့တွင် စည်ကားသည်။ ဈေးချိုသည် မန္တလေးသင်္ကြန်ရဲ့ ဆုံမှတ် ဖြစ်ပေသည်။ အကြိုနေ့ရောက်ရင်ဖြင့် မန္တလေးသင်္ကြန်ထုံးစံအတိုင်း မဟာမုနိ ဘုရားကြီးသို့ သင်္ကြန်အလှပြယာဉ်များ သွားရောက် ကန်တော့ကြလျှင် ဈေးချိုဈေးရှေ့ဆီ စည်ကားဖြတ်သန်းကြသည်ချည်း ဖြစ်သည်။ 1ဒီနှစ် သင်္ကြန်အတွက် မည်သည့် အလှပြယာဉ်များ မည်သို့မည်ပုံ ဆင်ယင်၍ မည်သို့မည်ပုံ တီးမှုတ်ဖျော်ဖြေကြမည်ကို အကြိုနေ့ ညနေမှာပင် ဈေးချိုရှေ့မှာ ထိုင်ပြီး ကြည့်ရှု မြည်းစမ်း နိုင်သည်။ ၂၆ ဘီလမ်း နာရီစင်အနောက်ဖက်မှာ ၁၉၈၀ ၀န်းကျင်ကာလများ၌ ဈေးချိုသူဟူ၍ အမျိုးသမီးရေသဘင်အဖွဲ့ တည်ရှိခဲ့ဖူးသည်။ ကျယ်ဝန်းသော မဏ္ဍပ်ကြီးဖြင့် စည်ကား သိုက်မြိုက်စွာ နာမည်ကျော်သည့် အသင်းကြီးလည်း ဖြစ်သည်။ ဈေးချိုသူ အနောက်ဖက် တပြကျော်အကွာမှာလည်း သီရိရွှေစင်အမည်ရှိ အမျိုးသမီး သင်္ကြန်မဏ္ဍပ်တခု ရှိခဲ့ဖူးသည်။ ယခု ဦးဇော်မြင့်တို့ ရီမြင့်ရုပ်ရှင်ဖြန့်ချိရေးဝင်ပေါက်မှာ ဖြစ်သည်။ သီရိရွှေစင်ကလည်း ဈေးချိုသူတွေမို့ အချောအလှ ပြောစရာ မရှိ အများအာရုံ စိုက်ခံရသည့် အသင်း ၁ သင်း ဖြစ်ခဲ့သည်။ ထိုအသင်းနဲ့ ကျောကပ် ၂၇ လမ်းပေါ်မှာက စောစောက ပြောခဲ့ သည့် ရွှေမန်းမေ ရှိသည်။ ရွှေမန်းမေရဲ့ တောင်ဘက် တပြအကွာ ၈၇ လမ်းနဲ့ ၂၈လမ်းထပ်မှာက လှသူဇာအဖွဲ့ ရှိသည်။ လှသူဇာကလည်း ကိုင်းတန်းဈေးပွဲစား၊ ပွဲကတော်များ၏ သမီးများမို့ အညွန့်အဖူးများ ဖြစ်သည်။ လှသူဇာ နာမည်ကြီးတာက အကမှာ နှစ်စဉ် ပထမရသည်။ သီချင်းတွေလည်း ကောင်းသည်။ ၂၆ ဘီလမ်းအတိုင်း အနောက်ဘက်ဆင်းတော့ ပွဲကုန်းလမ်းတန်းမှာ ပွဲညွန့်သူဇာအမည်ရှိ အမျိုးသမီးရေသဘင်အဖွဲ့တဖွဲ့ ရှိပြန်သေးသည်။ ပွဲညွန့်သူဇာကလည်း ဒိတ်ဒိတ်ကြဲတွေချည်း။ မဏ္ဍပ်ကြီးကလည်း သစ်စက်ပိုင်ရှင်များရှိသည့်အရပ်မို့ ခံ့ခံ့ညားညား ကြီးမားကျယ်ပြန့်သည်။ မန္တလေးမြို့ကို နာမည်ကျော် ရုပ်ရှင်မင်းသား ၀င်းဦး မြို့မအလှပြယာဉ်နဲ့ လိုက်ပါ ဖျော်ဖြေစဉ် နှစ်ဦးကာလတခု၌ ၀င်းဦးနဲ့ အစွဲအလမ်းကြီးသော မန္တလေးသင်္ကြန်ပရိသတ်တို့ စိတ်အခန့် မသင့်ဖွယ် ပြဿ နာတရပ် ဖြစ်ခဲ့ဖူးသည်။ ဒါပေမယ့် နောက်နှစ်တွေမှာတော့ မင်းသားနဲ့ ပရိသတ် ချစ်ခင် ရင်းနှီးသွားတော့ ထိုအဖြစ်အပျက်သည်ကပင် ရယ်သွမ်းသွေးစရာ ဖြစ်ရပြန်သတဲ့။ 4ဒီလိုနဲ့ ထိုစဉ်က နာမည်ကျော် ရုပ်ရှင်မင်းသားဝင်ဦးသည် တပြားတချပ်မှ ကိုယ်ကျိုးစီးပွား မပါရှိဘဲ မန္တလေးသင်္ကြန်ကို အနုပညာဖြင့် အားဖြည့်ခဲ့သည်မှာ ဆယ်စုနှစ်တနှစ်စွန်းတိုင် ကြာမြင့်ခဲ့ပါ၏။ ယနေ့ မန္တလေးသင်္ကြန်များ၌ သူ ရေကစားမဏ္ဍပ်၊ ကိုယ့်ရေကစား မဏ္ဍပ် အပြိုင်အဆိုင် မင်းသားနဲ့ မင်းသမီးတွေ၊ အဆိုတော်တွေနဲ့ မော်ဒယ်တွေ ငွေကျပ်သိန်းဆယ်ချီ၊ ရာချီ ပေးကာ ငှားရမ်းကြသည့်အဖြစ်ကို မြင်ရတော့ ''သြော် အနုပညာ ချစ်ကြသတဲ့လား။ ပရိသတ်ကို ချစ်ကြသတဲ့လား'' ဟုသာ သြချဖွယ် ဖြစ်ရ၏။ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာနဲ့ အကယ်ဒမီများရှင် မင်းသားကြီးဝင်းဦးသည် တမလွန်ဘ၀မှ နေ၍ ခေါင်းတရမ်းရမ်း ဖြစ်နေမှာလေလား စဉ်းစားမိပါ၏။ ဆူးငှက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024